Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၃လ ၂၀ ရက် မြောက်နေ့ မြင်ကွင်း



မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၃လ ၂၀ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) မေ ၂၀၊ ၂၀၂၁

လက်သည်မပေါ်သည့် ပေါက်ကွဲမှုများနှင့် နေ့စဥ်ဘဝ


မြန်မာနိုင်ငံရဲ့ မြို့တွေမှာ တရက် တရက် ပေါက်ကွဲမှု ဘယ်လောက်ဖြစ်သလဲဆိုတာ မှတ်တမ်းတင် စာရင်းပြုစုထားတာ ရှိချင်မှ ရှိပါလိမ့်မယ်။ မတ်လ နှောင်းက စလို့ မေလခုချိန်ထိ ပေါက်ကွဲမှုတွေ ဟာ မြို့တွေမှာ နေ့စဥ်လို ဖြစ်ပွားနေတာဖြစ်ပါတယ်။

ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ တီးတိန်၊ တောင်ကြီး၊ မော်လမြိုင်၊ တနင်္သာရီတိုင်း စသဖြင့် ေပါက်ကွဲမှု မဖြစ်ဖူးတဲ့ မြို့မရှိသလောက် ဖြစ်လာနေပါတယ်။ အုပ်ချုပ်ရေးမှူးရုံးတွေအနီး၊ စစ်ကောင်စီတပ် စခန်းချတဲ့နေရာအနီးအနား၊ ကျောင်း၊ ပုဂ္ဂလိက ဓါတ်ဆီဆိုင်၊ စာသင်ကျောင်းတွေ အားလုံး မပေါက်ဖူးတဲ့ နေရာ မရှိသလောက် ပေါက်ကွဲနေတာပါ။

ပေါက်ကွဲမှု အများစုက လက်သည်မပေါ်ကြပါဘူး။ ဘယ်သူ၊ ဘယ်အဖွဲ့က လုပ်တယ်ဆိုတာ ထုတ်ပေြာဆိုတာ မရှိပါဘူး။

စစ်တပ်စခန်းချရာနေရာ၊ ရဲစခန်းတွေ၊ အုပ်ချုပ်ရေးမှူးရုံးတွေမှာ ပေါက်ကွဲတာတွေဆို စစ်ကောင်စီကို ဆန့်ကျင်သူတွေက လုပ်တယ်လို့ ယေဘုယျ ကောက်ချက်ချနိုင်မယ့်သဘော ရှိသော်လည်း ကျောင်းလိုမျိုး၊ လူအများစည်ကားရာ စျေးဝယ်စင်တာလိုမျိုးမှာ ဖေါက်ခွဲတာတွေက ဘယ်သူ့လက်ချက်လဲ ဆိုတာ ပြောရခက်လာပါတယ်။ တဖက်က ကြည့်မယ်ဆိုရင် အုပ်ချုပ်မရစေရ ဆိုတဲ့ ကြွေးကြော်သံနဲ့ အညီ အခြေအနေ တည်ငြိမ်နေပြီ၊ အားလုံး အေးအေးချမ်းချမး်နဲ့ သွားလာလုပ်ကိုင် နေကြပြီဆိုတဲ့ အခြေအနေကို သက်သေမပြနိုင်အောင် ဘယ်နေရာဖြစ်ဖြစ် လမ်းမမှာ လမ်းဆုံမှာ လက်လှမ်းမီတဲ့ အစိုးရရုံး၊ ကျောင်း၊ တက္ကသိုလ် ပရဝုဏ်တို့ကို ပစ်မှတ်ထားတာလည်း ဖြစ်နိုင်သလို တချို့ကတော့ စစ်ကောင်စီရဲ့ ပဥ္စမံတွေ ၊ ရှဲဒိုးဂါးဗားမင့်လို့ တင်စားခေါ်တဲ့ တရားမဝင်တာတွေ လုပ်ဖို့ လျှို့ဝှက် ဖွဲ့ထားတဲ့အဖွဲ့တွေက တာဝန်ယူ လုပ်ကြတယ်ဆိုတာမျိုးလည်း တဖက်က စဥ်းစားစရာ ရှိပါတယ်။

အခုလိုအချိန်အခါမှာ သတင်းအချက်အလက် တိတိကျကျ ရဖို့ မှန်ကန်တဲ့အချက်အလက်ကို အတည်ပြုနိုင်ဖို့ အခက်ခဲဆုံးအချိန်လို ဖြစ်နေပါတယ်။ ဘက်တိုင်းက ထောက်ခံသူတွေက သူတို့ ကြားချင်တဲ့ ယုံကြည်ချင်တဲ့ အဖြစ်မျိုး ရှင်းပြချက်မျိုးကိုသာ အလိုရှိ ကြားချင်ကြပြီး အဲလို အချက်အလက်မဟုတ်ဘူးဆိုရင် တဖက်က ဝါဒဖြန့်တာလို့ ကောက်ချက်ချ ပြီး လုံးလုံး မစဥ်းစားကြတဲ့ အနေအထားမျိုး မြင်တွေ့ရပါတယ်။

ဗုံးပေါက်ကွဲမှုတွေနဲ့ ပတ်သက်လို့ ရေရှည်အနေနဲ့ စဥ်းစားမယ်ဆို နိုင်ငံရေးအရ နည်းနာတခုအနေနဲ့ သုံးမယ်ဆို သုံးနိုင်ပါတယ် ရန်သူကို အလုပ်များစေ၊ အလုပ်ရှုပ်စေ၊ ခြောက်ခြားစေနိုင်တယ်ဆိုတဲ့ သဘောပါ၊ လုပ်တဲ့ လက်သည်မပေါ်တဲ့အတွက် ပိပိရိရိ လုပ်နိုင်ရင် တကြိမ်မက တနေရာမက လုပ်နိုင်တဲ့သဘော၊ လူများများ မလိုအပ်ဘူးဆိုတာမျိုး ဖြစ်ပါတယ်။ တဖက်မှာလည်း ဒီလို ဖေါက်ခွဲမှုတွေက အဆင်မသင့်ရင် ကလေးသူငယ်တွေ အပြစ်မဲ့တဲ့ အရပ်သားတွေ ၊ ကိုယ့်အလုပ်ကိစ္စတဲ့ ကိုယ်သွားရင်း မမျှော်လင့်ပဲ အသက်ဆုံးရှုံးရတာတွေ ဖြစ်ရလို့ ဒီလိုအဖြစ်အပျက်တွေကို မျက်မြင်တွေ့သူတွေက ထုတ်ဖေါ်ပြောဆိုသင့်ပါတယ်၊ တနည်းအားဖြင့် အကြမ်းဖက် လုပ်ရပ်သဘောမျိုး ဆန်တာကြောင့် မူဝါဒအရ ကိုယ်ကျင့်တရားစံအရ စစ်သေွးကြွတာ၊ အကြမ်းဖက်ဆန်တာတွေက နိုင်ငံရေးအရ အနာဂတ်ပျောက်နိုင်တာမို့ ဆန့်ကျင်ကြရမလား ဆိုတဲ့ စဥ်းစားမှုတွေလည်း ရှိပါတယ်။

စာသင်ကျောင်းလိုမျိုး၊ လူအများ စုဝေးတဲ့ ကုန်တုိက်လို ဘဏ်လို ဘတ်စကားလို နေရာမျိုးတွေမှာ ဗုံးခွဲတာကို ဆန့်ကျင်ကြောင်း ထုတ်ပြောကြမလား စသဖြင့် စဥ်းစားတွေးဆ စရာတွေရှိနေပါတယ်။ စစ်ကောင်စီ ဆန့်ကျင်သူတွေ အနေနဲ့ ဖောက်ခွဲတဲ့ နည်းလမ်းကို သုံးတယ်ဆိုရင် ရေတို ရည်မှန်းချက် ရည်ရွယ်ချက် ရေရှည်မှာ ဘယ်လို လမ်းကြောင်း နည်းလမ်းကို သုံးမလဲဆိုတဲ့ မေးခွန်းတွေလည်း ရှိပါတယ်။ အဲလိုမဟုတ်ပဲ ဆိုရှယ်မီဒီယာက ကွန်းမင့်တချို့မှာ ရေးသလို ပျူစောထီးဆိုတဲ့ မဘသ ဘာသာရေးအယူအဆ အစွန်းရောက်သူတွေက လုပ်တယ်ဆိုရင်လည်း ဒီအချက်အလက်တွေ တတ်နိုင်သရွေ့ ဖော်ထုတ်ကြဖို့ နှိုးဆော်တာတွေ လုပ်သင့်ပါတယ်။

ရှစ်လေးလုံး အရေးတော်ပုံ ကို စစ်အာဏာသိမ်းအပြီး ကျောင်းသားနဲ့ လူထုရဲ့ တုံ့ပြန်တွန်းလှန်မှုနဲ့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို ဆန့်ကျင် တွန်းလှန်ကြတဲ့ ကျောင်းသားနဲ့ လူထုရဲ့ တုံ့ပြန်မှု သဘာဝ ဖြစ်စဥ်တွေ က မတူကွဲပြားကြတာတွေ့ရပါတယ်။

ရှစ်လေးလုံး အရေးတော်ပုံ အာဏာသိမ်းပြီးနောက် နယ်စပ်ကို ထွက်ခွာသွားကြပြီး လက်နက်ကိုင် လမ်းစဥ်နဲ့ တိုက်ယူမယ်ဆိုတဲ့ လမ်းကြောင်းနဲ့ မြို့ပေါမှာ အန်အယ်လ်ဒီ၊ လူ့ဘောင်သစ် ပါတီတွေဖွဲ့ကြတော့ ပါတီနိုင်ငံရေးမှာ ဝင်လုပ်ကြမယ့်သူတွေ စသဖြင့် ၂ မျိုးကွဲပြားပြီး နယ်စပ်ကို သွားကြတဲ့သူအရေအတွက်က ခန့်မှန်းခြေ ၁သောင်းခွဲလောက် ရှိခဲ့ပါတယ်။

ခု ၂၀၂၁ အရေးတော်ပုံ ကို စစ်အာဏာသိမ်းအပြီးမှာတော့ နယ်စပ်ကို ထွက်ခွာပြီး လက်နက်ကိုင် လမ်းစဥ်ကိုင်စွဲကြမယ့်သူလည်း ရှိသလို မြို့ပေါ်မှာပဲ နေပြီး ကိုယ့်ရပ်ကိုယ့်ရွာကို ကာကွယ်ရေး တပ်ဖွဲ့တွေဖွဲ့ကြ ခုခံကြတာ က ရှစ်လေးလုံးနဲ့ မတူကွဲပြားတဲ့ အချက်ဖြစ်ပါတယ်။ အဲသည်အဖွဲ့တွေအရေအတွက်ကို ခန့်မှန်းကြည့်ရင် - တိုင်းရင်းသားဒေသတွေကို ပြန့်နှံ့ရောက်ရှိသွားတဲ့ လူဦးရေဟာ ၁ သိန်းအနည်းဆုံး ရှိနိုင်တယ်လို့ ဆိုကြပါတယ်။ ရပ်ရွာတွေမှာ ခုခံနေကြသူတွေ အရေအတွက်က တနိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင် သောင်းဂဏန်းရှိပါမယ်။

ဒီလို ကိုံယ့်အစုအဖွဲ့နဲ့ ကိုယ် ခုခံတွန်းလှန်ကြတာ ဖြစ်လို့ တဖွဲ့နဲ့တဖွဲ့ တုိင်ပင်တာ ဖလှယ်တာတွေ သိပ်မတွေ့ရပဲ ကိုယ့်စိတ်ကူးနဲ့ ကိုယ် လုပ်ကြတဲ့ သဘောသဘာဝ ကိုတွေ့ရပါတယ်။ အိုင်တီနည်းပညာတွေ ခေတ်မီှလာလို့ ဖုန်း လူမှုကွန်ရက် မီဒီယာ စသဖြင့် ဆက်သွယ်ရေး နည်းပညာအားသာချက် ရှိပေမယ့်လည်း တဖက်မှာ လုံခြုံရေး ရှုထောင့်ကြောင့် တဖွဲ့နဲ့တဖွဲ့ ချိတ်ဆက်မှု သိပ်မရှိတာမျိုးလည်း ဖြစ်နုိင်ပါတယ်။ သို့ပေမယ့် နိုင်ငံရေးအရ ဦးဆောင်နေတဲ့အဖွဲ့ အစည်းြဖစ်တဲ့ စီအာရ်ပီအိတ်ချ်လို၊ အန်ယူဂျီလိုက ခုကိစ္စတွေနဲ့ပတ်သက်လို့ သဘောထား မှတ်ချက် လမ်းကြောင်းပြပေးတာတွေ လုပ်သင့်တယ် ထင်ပါတယ်။

အဲဒီလိုလုပ်မှသာ တော်လှန်ရေးက လူတိုင်းလူတိုင်း ပါဝင်နိုင်ပြီး ကြားထဲမှာ ညှိနှိုင်းမှု ဦးတည်ချက် တခုဆီ ရည်ရွယ်လုပ်ဆောင်မှု အနေနဲ့ ဖြစ်လာမှာ ဖြစ်ပါတယ်။

အခုချိန်မှာ တိုက်ပွဲထဲက လှုပ်ရှားသူတွေက လက်တွေ့ရင်ဆိုင်နေရတဲ့အလုပ်ကိစ္စတွေနဲ့ ဖိဆီးနေကြပါတယ်။ တိုက်ပွဲအနိးက ပံ့ပိုးကူညီထောက်ပံ့သူတွေကလည်း မရပ်မနား ကူညီထောက်ပံ့မှုတွေ လုပ်နေကြရပါတယ်။ အဲသည်တိုက်ပွဲထဲကို တိုက်ရိုက်မပါနိုင်သူတွေထဲက မြေပြင်အခြေအနေတွေကို ပကတိအတိုင်းမသိကြ မကြားကြတဲ့အတွက် တဆင့်ကြား စကားတွေနဲ့ မှတ်ချက်တွေ ဆောင်ရွက်မှုတွေကို မှန်းဆကြရပါတယ်။ အဲသည်အတွက် နိုင်ငံရေးအဖွဲ့အစည်းတွေအနေနဲ့ ပြည်သူလူထုနဲ့ များများ ထိတွေ့ပြီး စည်းရုံးရေး ပြန်ကြားရေးအလုပ်တွေ ပိုပြီး လုပ်ဖို့ တိုက်တွန်းချင်ပါတယ်။ ရွေးကောက်ပွဲကာလတွေ ပါတီထူထောင်ရေးကာလတွေမှာ မြေပြင်ဆင်းပြိး စည်းရုံးရေးလုပ်တဲ့သူတွေ ပြန်ကြားရေးလုပ်တဲ့သူတွေက အရေးပါကြသလိုမျိုး အခု တော်လှန်ရေးကာလမှာ တိုက်ရင်း စည်းရုံး စည်းရုံးရင်း တိုက်ဆိုတဲ့ သဘောထားမျိုးကို တော်လှန်ရေးရဲဘော်တိုင်းက သဘောပါက်ကြမယ် ထင်ပါတယ်။ စစ်ကောင်စီကို ရရာလက်နက် (စိတ်ဓာတ်ချည်းသက်သက်အပါအဝင်) နဲ့ ဆန့်ကျင်တိုက်ခိုက်နေတဲ့ ပြည်သူတွေကို စိတ်ဝမ်းမကွဲအောင် အင်အားတွေ မပြုံးတီးအောင် အင်အားလျော့မသွားပဲ တိုးသည်ထက် တိုးအောင်၊ တော်လှန်ရေးရဲဘော်တွေက အမြဲတန်း စည်းရုံးရေး ဆင်းနေကြဖို့ လိုတယ်လို့ ထင်မြင်ချက် ပေးလိုပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar