Breaking News

မြန်မာ့နွေဦးတော်လှန်ရေးကဗျာများ - မင်းငြိမ်းအေး၊ ဆောင်းယွန်းလ၊ ချမ်းမြ၊ ကျော်ဟုန်း၊ ဉာဏ်ရှင်း


Art - Than Htay Maung

မြန်မာ့နွေဦးတော်လှန်ရေးကဗျာများ 
မိုးမခ
မေ ၁၅၊ ၂၀၂၁
...

ယက်ကန်းစင်


ပိုးကောင်လေးတစ်ကောင်ပါ
ယက်ကန်းစင်ပေါ်ယက်ကန်ယက်ကန်နဲ့
ကြိုးဖောက်တာပါ
ပိုးစာပင်တွေအများကြီးပိုင်တဲ့
ခြံရှင်နဲ့ငယ်ပေါင်းကြီးကွဲပါ
အမျှင်တွေမထုတ်နိုင်တဲ့နေ့
ယက်ကန်ယက်ကန်နဲ့ယက်ကန်းစင်မှာ
ပိုးချည်မျှင်နဲ့မလူးနိုင်တဲ့ပိုးကောင်လေးပါ
ကိုယ့်အရေခြုံထားတာ
သိုးလား
ဝံပုလွေလား
စစ်အတွင်းက
ပိုးထည်တွေရှားတယ်
ကမ္ဘာကျော်ပိုးလမ်းမကြီးလည်းရှိတယ်
ဖာရှိယန်တွေ့ခဲ့တဲ့
ရွှေရောင်နယ်မြေမှာ
ပိုးတစ်ကောင်ဟာ
အခြားစင်ကိုပြောင်းရွေ့
ယက်ကန်ယက်ကန်နဲ့
ယက္ကန်းလည်းဘယ်သူမှမခတ်တော့ပါဘူး
မိန်းမတွေအတယ်
အတဲ့မိန်းမတွေထဲ
ယက်ကန်ယက်ကန်
ပိုးတစ်မျိုးနဲ့တစ်မျိုး
ဒီချည်မျှင်ပဲအမေဘုတ်ပေါ့
ခြံရှင်နဲ့ကတော့
ပိုးနဲ့လူ
သဘောညီသရွေ့ပေါ့။

မင်းငြိမ်းအေး

...

` နွေဦးတော်လှန်ရေး ၁၇ "

မအလတွေ စကစတွေ ငါတို့မသိဘူး
ပျူစောထီးတွေ ပျူစောလီးတွေ ငါတို့မသိဘူး
ဂျန်နရေးရှင်းလီးတွေ ဂျန်နရေးရှင်းချီးတွေ ငါတို့မသိဘူး

အ နေရင် ရှုံးမယ့် ဘဝမို့
မအဖို့ သမိုင်းသင်လာခဲ့ကြတာ 
နှစ်ပေါင်း ၇၀ ကြာခဲ့ပြီ

အနိုင်မခံအရှုံးမပေး 
နွေဦးတော်လှန်ရေးတဲ့

တိုက်ပွဲရှိရင် အောင်ပွဲရှိတယ်
နွေဦးတော်လှန်ရေးအတွက် နွေဦးအောင်ပွဲရှိတယ်။

ဆောင်းယွန်းလ

...

မန္တလေး 

ဗုံးဆန် နဲ့ ကြုံးခံလိုက်ရပေမယ့်
ရုန်းကန်ပြီး ပြန်ထပြမယ့်
ငါတို့ရဲ့ စံပြ ဖီးနစ် ...။   ။

ချစ်ခြင်းများဖြင့်
ချမ်းမြ
15/5/2021
7:25 AM

...

တရား မျှတ လှပတဲ့ အမုန်း


မင်းတပ်က
တူမီးနဲ့
သမိုင်းကို ရေးတယ်။

ကွက်ကြား ဆန္ဒပြပွဲတွေက
​နိုင်ငံလုံးဆိုင်ရာ
ဒီမိုချစ်သူများရဲ့ အသံလှိုင်း။

ပေါက္ခရဝဿ ဇွပ် ဇွပ် ဇွပ်တွေက
အောက်ခြေဖြိုခြင်း သင်္ကေတ။

PDF ပြောက်ကျားက
နောက်နားက အရိပ်။

တောင်တန်းနဲ့ ရိုးမက
တောပိုင် တောင်ပိုင်
နတ်မင်းကြီး ပြန်ဖြစ်ပြီ။

အရင်တုန်းက
ပြည်တွင်းစစ်ကို မုန်းတယ်။
အခုကျ
ပြည်တွင်းစစ်ကို ချစ်ရပြန်ပြီ။

ဟိုးအရင် ပြည်တွင်းစစ်
ဘယ်သူ ဘယ်ဘက်က သေသေ
ကိုယ့်လူတွေပဲ စိတ်မချမ်းမြေ့မှုဟာ
အခုတော့
စစ်ခွေး၊ ရဲခွေး၊ ဒလန်သေ ဝမ်းသာ
ငါ့ချစ်ခြင်းတွေ မျက်နှာလိုက်ခဲ့
ငါ့မေတ္တာတွေ ဘက်ပြောင်းသွားခဲ့။

လှပတဲ့ အမုန်းများ
အကုသိုလ်ဆိုရင်တောင်
နောက်ထပ် အကြွေးယူပြီး
ယောရုဝအထိ သွားရဲပါဘိ။

ဘာကြောင့်လဲ မမေးနဲ့
တရားခံအစစ်ကို သိ
ဓမ္မနဲ့ အဓမ္မ ခွဲခြား
ကြည့်မြင်ပြီးတဲ့နောက်
ချစ်ခြင်းများ ပေါက္ခရဝဿမိုးဖြစ်
လှပတဲ့ အမုန်းတွေဖြစ်
ငါ့ကိုယ်ကိုယ်တောင် ပြန်အံ့ဩမိ။

ကျော်ဟုန်း
၂၀၂၁၀၅၁၄

...


"နိုင်ငံတော်"

ဒီစကားလုံးထုဆစ်မှုမှာ
ပြည်သူလူထုနဲ့ စစ်အုပ်စုဟာ ဆန့်ကျင်ဖက်
ပါတီနိုင်ငံရေးနဲ့ တက်ကြွလှုပ်ရှားသူတို့ရဲ့အမြင်မတူ
ကရင်,ကယား, ကချင်, ချင်း, မွန်, မြန်မာ, ရခိုင်, ရှမ်း တို့ရဲ့ ရောသ,မွှေ ဟင်းတခွက်ကို 
မြိန်ရည်ယှက်ရည်စားချင်နေတာ ကြာခဲ့ပြီ ... ။

တကယ်အိပ်မက်နေတဲ့ 'နိုင်ငံတော်' ဟာ
ခွေးဟောင်သံတွေနဲ့ ခြောက်လှန့်ခံနေရတာလည်း အခါခါ 
ဒါပေမယ့် ...
တိရိစ္ဆာန်ကို စာနာထောက်ထားသူတစုကြောင့်
တိုင်းပြည်လည်း အကြိမ်ကြိမ် နာခဲ့ရတယ်
ပြည်သူလည်း အခါခါသေခဲ့စေတယ် ... ။

'ငါတို့နိုင်ငံကို ငါတို့ပိုင်တယ်'ဆိုတယ်ဆိုတဲ့စကားစု
အဲဒီ့ လက်ဝှေ့ကြိုးဝိုင်းယှဉ်ပြိုင်ထိုးသတ်နေကြတာ
ခေတ်ကာလရှည်ကြာလာနဲ့အမျှ
ကမ္ဘာက ပွဲကြည့်ပရိသာတ်တွေ မျက်စေ့ပသာဒ,ဖြစ်လာတာ
တကယ်ကို ရှက်စရာပါ ... ။

ဟုတ်တယ် ..
နိုင်ငံတော်ဟာ တကယ်ရှိရမယ်
ဒါပေမယ့် ဘယ်သူမှ မပိုင်ဆိုင်တဲ့ လူငယ်တွေရဲ့လက်ထဲမှာ
ရွေးနှုတ်ခြင်း အလျင်ကင်းစင်တဲ့
လက်ပြောင်းလက်လွှဲ အရိုက်အရာခံယူခြင်းမရှိဘဲ
ဒီနိုင်ငံတော်ကို ငါတို့မြင်ချင်ကြတာ မဟုတ်ဘူးလား ... ။

ဟေ့ ...
သေရင် ဘာမှ ပါမသွားဘူး
ငါတို့ချန်ထားရစ်ခဲ့ရမှာက
ငါတို့ချစ်တဲ့ နိုင်ငံတော်မြေအတွက် သစ္စာ
နောင်မျိုးဆက်တွေအတွက် မေတ္တာ
အတိတ်သမိုင်းတွေအတွက် ဂရုဏာ
အနာဂါတ်သမိုင်းတခုအတွက် ဖွံ့ဖြိုးဖို့ မုဒိတာ
ဒီဟာကို ငါတို့တောင်းဆိုနေကြတာပဲမဟုတ်ဘူးလား
ဒီနိုင်ငံကို တိုင်းရင်းသားပေါင်းစုံက အိပ်မက်နေခဲ့တာ နှစ်ပေါင်းရှည်ကြာ ...။

အခု ငါတို့ပြန်လာရပြီ
ငါတို့နိုင်ငံတော်ရဲ့ ပြန်လှဖို့အပြင်
အတိတ် သမိုင်းကြွေးတွေလည်း ပြန်ဆပ်ဖို့
ချီတက်လာနေတဲ့ခြေလှမ်းတိုင်းမှာ
လက်ချင်းယှက် ခြေလှမ်းညီ
"အရေးတော်ပုံ အောင်ရမည် .. အောင်ကို အောင်ရမည်"
ဒါဟာ ငါတို့တည်ဆောက်ချင်တဲ့ အနာဂတ် နိုင်ငံတော်
ဗ က သ အလံတော်နဲ့အတူ
သောင်းထိုက်က ကြားစေသား
လူသတ်စစ်အုပ်စုနဲ့ ပူးချင်တဲ့သူမှန်သမျှ ဆန့်ကျင်ကြ ... ။ 

ငါတို့နိုင်ငံတော်ကို ငါတို့သာလျှင်ပိုင်သလို
ငါတို့မှာ ကုစားခွင့်ရှိတယ်
တို့စားလို့မရတဲ့ ကြွေးကြော်သံတွေနဲ့ အမြည်းလိုလုပ်စားတဲ့ စကားသံတွေလည်း
ငါတို့တော်လှန်ရမယ် 
ဖက်ဒရယ်စနစ်သစ်မှာ ဖက်လှဲတကင်းနဲ့ ချစ်ခြင်းမေတ္တာတွေမျှဝေမယ် 
စစ်တွေမဖြစ်ကြတော့ဘူး
အတုံးအရုန်း သေဆုံးသွားကြတဲ့ အိပ်မက်ထဲက "နိုင်ငံတော်"
တို့အတူပြန်တည်ဆောက်ရတော့မယ် ... ။

မနက်ဖြန်တွေတိုင်းအတွက်
ငါတို့နိုင်ငံတော်ရှင်သန်ရေးအတွက်
သက်လုံကောင်းအောင် အသက်မှန်မှန်ရှူပါ
အိမ်စာကိုလည်း မမေ့ကြစေလိုချင်
သေချာတာကတော့ ..
'ကိုယ်မပိုင်တဲ့ နိုင်ငံတော်ဖြစ်နေလည်း
တို့ပြည်သူတွေအကျိုးအတွက် တို့နိုင်ငံတော်ဖြစ်စေရမယ်ဆိုတဲ့အတွေးနဲ့
ကိုယ်နဲ့တစုံတရာ သက်ဆိုင်နေတာကို သတိရပါ
ကိုယ်တကယ် အိပ်မက်ခဲ့တဲ့ နိုင်ငံတော်ဟာ ဘာလဲ .. ဘယ်လဲ...။'

ဉာဏ်ရှင်း
ဂျွန်ဂလင်း (နိုင်ငံရေးအကျဉ်းသားဟောင်း) 
မေလ (၁၂)ရက်၊ ၂၀၂၁ ခုနှစ်
ည (၇)နာရီ (၄၅) မိနစ်

...

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar