အောင်သစ် - နွေဦးတော်လှန်ရေးကို ခွဲခြမ်းစိတ်ဖြာခြင်း

June 12th, Yangon Protest,

အောင်သစ် - နွေဦးတော်လှန်ရေးကို ခွဲခြမ်းစိတ်ဖြာခြင်း
(မိုးမခ) (နွေဦးပစ်မှတ် -၉ ) ဇွန် ၁၇၊ ၂၀၂၁ခေတ်အဆက်ဆက် မြန်မာ့နိုင်ငံရေးသမိုင်းတွင် လက်ရှိအခြေအနေတရပ်နှင့်ပတ်သက်၍ ဘာလုပ်သင့်သလဲဆိုသည့် အယူအဆများ၊ နိုင်ငံရေးလမ်းစဉ်များ စုံလင်ကွဲပြားစွာ ပေါ်လာမြဲဖြစ်သည်။ စုံလင်ကွဲပြားသည့် နိုင်ငံရေးလမ်းစဉ်များတွင် ရန်သူ သတ်မှတ်မှု၊ မိတ်ဆွေ၊ မဟာမိတ်၊ ရဲဘော် သတ် မှတ်မှုတို့လည်း မတူညီ ကွဲပြားကြသည်။ နည်းပရိယာယ် စဉ်းစားမှုတို့တွင်လည်း အမျိုးမျိုး ရှိတတ်ကြ သည်။
ထိုသို့ အမျိုးမျိုးအဖုံဖုံ စုံလင်ကွဲပြားကြသည့်အထဲတွင် ဘုံရန်သူအဖြစ်သတ်မှတ်မှု ကွဲပြား သည်ဆိုလျှင် နည်းပရိယာယ်ကိစ္စ၊ နိုင်ငံရေးလမ်းစဉ်ကိစ္စများ ဆက်လက်ဆွေးနွေးစရာ မလိုတော့ပါ။ ဘက်မတူသူများအဖြစ် သဘောထားရန်သာရှိသည်။ ဘက်မတူသူ များဆိုသည်မှာ ရပ်တည်မှု မတူသူများ ဖြစ်သည်။ ရပ်တည်မှုမတူ၊ ဘက်မတူသူများအပေါ် တမျိုးစဉ်းစားရမည်၊ ဘက်တူသူများ နှင့် ဆက်ဆံသည့်ဆက်ဆံရေးနှင့်မတူသောဆက်ဆံရေးသဘောထား ချမှတ်ရုံသာရှိသည်။ အရေးကြီး သည်မှာ ဘက်တူသူများကြားတွင် မည်သည့်နိုင်ငံရေးလမ်းစဉ်၊ မည်သည့်နည်းနာဖြင့် အောင်ပွဲရအောင် လုပ်ကြမည်နည်း၊ သို့မဟုတ် ခေတ်စနစ်ပြောင်းအောင် လုပ်ကြမည်နည်းဆိုသည့်အရေးဖြစ်သည်။
နွေဦးတော်လှန်ရေး၏ ဘုံရန်သူမှာ ဖက်ဆစ်စစ်အုပ်စု နှင့် စစ်အာဏာရှင်စနစ်ဖြစ်သည်။ နွေဦးတော်လှန်ရေးက ပြောင်းလဲ ပစ်မည်မှာ ဖက်ဆစ်စစ်အုပ်စုနှင့် စစ်အာဏာရှင်စနစ်ကို အမြတ်ပြတ် ဖယ်ရှားပြီး ဖယ်ဒရယ်ဒီမိုကရေစီ စနစ်နိုင်ငံ ထူထောင်ရေးဖြစ်သည်။
ယနေ့ နွေဦးတော်လှန်ရေးတွင် ဘုံရန်သူ၊ ဘုံရည်မှန်းချက် တူညီကြသော်လည်း သိသာ မြင်သာဖြစ်နေသော မတူကွဲပြားသည့် နိုင်ငံရေးလမ်းစဉ်များလည်း ရှိနေကြောင်း တွေ့ရသည်။
၁) ဖက်ဆစ်စစ်အုပ်စုနှင့် စစ်အာဏာရှင်စနစ်ပြုတ်ကျသွားသည်အထိ တိုက်ပွဲဝင်သွားမည်ဆိုသည့် နိုင်ငံရေးလမ်းစဉ်။
ရည်မှန်းချက်လည်းဖြစ်၊ နိုင်ငံရေးလမ်းစဉ်လည်း ဖြစ်သည်ဟု ဆိုရပါမည်။ အဆုံးထိ တိုက်သွားမည်ဆို သည့်အပေါ်တွင်လုပ်ငန်းများကို ပြင်ဆင်လုပ်ဆောင်နေကြသည်ကို တွေ့ရသည်။ ထိုလမ်းစဉ်ဖြင့် သွားနေကြ သူများသည် လက်နက်ကိုင်တိုက်ပွဲကို အဓိကထားပြီး၊ သံတမန်ရေးမျက်နှာစာ၊ နိုင်ငံရေးမျက်နှာစာတို့မှ နည်းလမ်း မျိုးစုံ ပေါင်းစပ်လုပ်ကိုင်နေကြသည်။
ထိုလမ်းစဉ်ဖြင့် သွားနေကြသူများကြားတွင်ပင် သွေးကြွေးမှာ ဆွေးနွေးစရာမရှိဆိုသူများနှင့် စေ့စပ်ဆွေးနွေးရေးလမ်းကြောင်း ပေါ်လာခဲ့သော်...ဆိုသည့် စဉ်းစားချက်ရှိသူများဟူ၍ ကွဲပြားလာနိုင်ပါသေးသည်။
၂) စစ်အုပ်စု၏အစီအစဉ်အတိုင်း လိုက်ပါပြီး ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှပင် လွှတ်တော်နိုင်ငံရေးလမ်းကြောင်းဖြင့် တဖြည်းဖြည်း ပြုပြင်ပြောင်းလဲယူမည်ဆိုသည့် နိုင်ငံရေးလမ်းစဉ်။
ထိုလမ်းစဉ်ဖြင့် သွားမည့်သူများသည် ယခုချက်ချင်း ဖက်ဆစ်စစ်အုပ်စုဘက်က ရပ်တည်နေသူများနှင့် တထပ်တည်းမတူပါ။ သို့သော် နံပတ်တစ်လမ်းစဉ်ကို ယုံကြည်သူများသည် နံပတ်နှစ်လမ်းစဉ်သမားများကို ဘက်တဘက်တည်းရှိသူများအဖြစ် ထည့်သွင်းခြင်းကိုပင် လက်ခံနိုင်မည် မဟုတ်ကြပါ။
မည်သို့ပင်ရှိပါစေ၊ လက်တွေ့ပကတိရှိနေသော အခိုင်အမာအခြေအနေအရ ဆန်းစစ်ဖော်ပြရခြင်းဖြစ်သည်။ ယခုမြင်တွေ့နေရသည့်အတိုင်း စစ်အုပ်စုဘက်ကပါဝင်နေသူများမှာမူ မည်သို့ပင်အကြောင်းပြသည်ဖြစ်စေ၊ မိမိတို့ကိုယ်ကျိုးသက်သက်အတွက် စစ်အာဏာရှင်ဘက် ခိုလှုံပူးပေါင်းသူများသာဖြစ်ပြီး၊ စစ်အာဏာရှင်စနစ် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ခွေးကတက်က ပါရ ပါရ ပါဝင်မည့်သူများဖြစ်ကြောင်း ထင်ရှားသည်။ တဖြည်းဖြည်းပြုပြင်ပြောင်းလဲယူမည်ဆိုသူများကမူ စစ်အုပ်စုဘက်ပူးပေါင်းသွားသူများနှင့်မတူကြောင်း သူတို့သွား မည့် နိုင်ငံရေးလုပ်ငန်းစဉ်ကို ရှင်းရှင်းလင်းလင်းချပြရန် လိုအပ်နေပါသေးသည်။
၃) အထက်ပါနိုင်ငံရေးလမ်းစဉ်များအတိုင်း မလိုက်ဘဲ မိမိတို့ သီးခြားအစီအစဉ်ဖြင့် ကိုယ့်နယ်မြေနှင့်ကိုယ်၊ ကိုယ့်လူမျိုး၏ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်အတွက် လုပ်ကိုင်နေသည့် နိုင်ငံရေးလမ်းစဉ်။
ထိုနိုင်ငံရေးလမ်းစဉ်ဖြင့် လျှောက်လှမ်းနေကြသည့်သူများသည် နွေဦးတော်လှန်ရေး ပင်မရေစီးကြောင်းတွင် မပါဝင်ဘဲ၊ ကိုယ့်အစီအစဉ်ဖြင့်ကိုယ် ဖက်ဆစ်စစ်အုပ်စုနှင့် စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရေးအတွက် ဆောင်ရွက်နေကြခြင်းဟု မှတ်ယူရပါသည်။
နံပတ်တစ်လုပ်ငန်းစဉ် လက်ခံယုံကြည်သူများတွင် ယခုအထိ CDM ဝင်နေသူများ၊ အနယ် နယ်အရပ်ရပ်မှ သပိတ်တိုက်ဝင်များ၊ လက်နက်ကိုင်လှုပ်ရှားမှုအတွက် နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်နေကြသူများ၊ ထိုသူများအားလုံးကို ဝန်းရံထောက်ခံ အားပေး နေသောပြည်သူများ ပါဝင်သည်။ ထိုအထဲတွင် ပြည်တွင်းစစ်တလျှောက် ပါဝင်လာခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်အ ဖွဲ့အစည်း တချို့လည်း ပါဝင်ပါသည်။ ထိုလမ်းစဉ်ဖြင့် လျှောက်လှမ်းနေသူများသည် နွေဦးတော်လှန်ရေးနိုင်မှာလား၊ မ နိုင်ဘူးလား၊ ဘယ်တော့ပြီးမှာ လဲဆိုသည်ထက် စစ်အာဏာရှင်စနစ်ကိုသက်ဆုံးတိုင် ဆန့်ကျင်တော် လှန်သွားမည့်သဘောကို ပိုမို လေးလေးနက်နက်ဖော်ပြနေကြောင်း တွေ့ရသည်။
နံပတ်နှစ်လုပ်ငန်းစဉ်ဖြင့် ဆောင်ရွက်နေကြသူများကို ဖော်ပြရလျှင် သိသာမြင်သာသည်မှာ ပြီးခဲ့သည့် ဖက်ဆစ်စစ်အုပ်စု၏ ရွေးကောက်ပွဲကော်မရှင်အစည်းအဝေးသို့ သွားတက်ခဲ့သည့် နိုင်ငံရေး ပါတီများဖြစ်သည်။ လက်နက်ကိုင်အ ဖွဲ့အစည်းများ အနေဖြင့်ပြောရလျှင် နွေဦးတော်လှန်ရေးက ဖျက်သိမ်းပြီးဖြစ်သော ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှ လွှတ်တော်ကို ဖြတ်သန်းရ မည့် NCA လမ်းကြောင်းအတိုင်း ဆက်သွားလိုသည့် လက်နက်ကိုင်အဖွဲ့အစည်းတချို့ဖြစ်သည်။
နံပတ်နှစ်လုပ်ငန်းစဉ်ဖြင့် သွားနေကြသည်ဆိုသော်လည်း ထိုအထဲမှတချို့မှာ စစ်အုပ်စုနှင့် အတွင်းကြိတ် တစုံတရာ သဘောတူညီမှု ရှိထားသူများလည်း ရောနှောပါနေသည်။ ထိုသူများသည် စစ်အာဏာရှင်စနစ်ကို အလုပ်အကျွေးပြုရင်း၊ မိမိလည်း အန္တရာယ်ကင်းကင်း၊ အကျိုးရှိရှိဖြင့် ခွေးက တက်မှ ခိုးလိုက်ချင်သူများဖြစ်သည်။
သို့သော် ထိုသို့မဟုတ်ဘဲ လွှတ်တော်နိုင်ငံရေးလမ်းကြောင်းဖြင့် တဖြည်းဖြည်းပြုပြင်ပြောင်း လဲသွားမည်ကို အမှန်တ ကယ်ယုံကြည်သည်ဟု ဆိုသူများအားလုံးတွင် တူညီသည့်အခြေခံအချက်တချက် ရှိကြသည်။ ထိုအချက်မှာ ဖက်ဆစ်စစ်တပ်ကို ဘယ် တော့မှနိုင်အောင်မတိုက်နိုင်၊ ယခုနွေဦး တော်လှန်ရေးလှိုင်းလုံးသည်လည်း အောင်မြင်မည်မဟုတ်ဆိုသည့်အမြင်အယူအဆ တူညီကြခြင်းဖြစ်သည်။ ထို့ကြောင့် ထိုသူတို့သည် နံပတ်တစ်လမ်းစဉ်ဖြစ်သည့် ဖက်ဆစ်စစ်အုပ်စုနှင့် စစ်အာဏာရှင် စနစ်အမြစ်ပြတ် ချေမှုန်းရေးလမ်းကြောင်းတွင် မပါဝင်ကြခြင်းဖြစ်သည်။ သို့သော် စဉ်းစားရမည်မှာ ၂၀၁၀ မှ ၂၀၂၀ အထိ လွှတ်တော်နိုင်ငံရေး လမ်းကြောင်းသည် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံထူထောင် ရေးအတွက်ဖြစ်စေ၊ စစ်မှန်သည့်ငြိမ်းချမ်းရေး ရရှိရန်အတွက်ဖြစ်စေ လုံးဝ မဖြစ်နိုင်ကြောင်း ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုဖြင့် လက်တွေ့သက်သေပြခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့်လည်း နွေဦးတော်လှန် ရေး ပေါ်လာခဲ့ခြင်း ဖြစ်သည်။
နံပတ်သုံးလမ်းစဉ်ဖြင့် သွားနေသူများအဖြစ် ဝ နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့အစည်း နှစ်ခုကို အဓိကတွေ့နေရသည်။ ကျန်လက်နက်ကိုင်အဖွဲ့အစည်းတချို့တွင်လည်း ကိုယ့်လူမျိုး၊ ကိုယ့်ဒေသ စစ်အာဏာရှင်လက်အောက်မှ သီးခြားလွတ်မြောက်ရေး ဆောင်ရွက်လိုသည့်ကြံဆမှုများ ရှိကောင်း ရှိနိုင်ပါသည်။
မည်သို့ပင်ရှိကြပါစေ၊ နွေဦးတော်လှန်ရေးဆိုင်ရာ မူဝါဒများ၊ လမ်းစဉ်များ၊ လုပ်ငန်းစဉ်များ ချမှတ်ရာတွင် ပကတိ တည်ပေါ်ထွက်နေသည့် နိုင်ငံရေးလမ်းစဉ်များနှင့် အဖွဲ့အစည်းများ၏ အခိုင်အမာ ဖော်ပြချက်များအပေါ်တွင် အခြေခံစဉ်းစားမှသာ တစုံလုံးဆိုင်ရာ စဉ်းစားချက်များ မှန်ကန်မည်ဖြစ်ပါသည်။ ။
အောင်သစ်
နွေဦးပစ်မှတ် အမှတ် ၉ မှ ကူးယူဖော်ပြပါသည်
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar