အန်ကယ် တူမီး - မြို့ပြပြည်သူ့ပြောက်ကျား

ဧပြီ ၁၊ ၂၀၂၁ - မြို့ပြ၏ ခုခံစစ်၊ ပြောက်ကျားစစ်၏အကြိုကာလ

အန်ကယ် တူမီး - မြို့ပြပြည်သူ့ပြောက်ကျား
(မိုးမခ) ဇွန် ၁၇၊ ၂၀၂၁မြို့ပြပြည်သူ့ပြောက်ကျားတွေဟာ စစ်အာဏာရှင်စနစ်ကိုလက်နက်နဲ့ တိုက်ခိုက်သူတွေဖြစ်ပေမယ့် သမာရိုးကျမဟုတ်တဲ့ နည်းလမ်းသစ်တွေကို အသုံးပြုလေ့ရှိပါတယ်။ သူတို့ဟာ တော်လှန်ရေးသမားတွေဖြစ်ပြီး တိုင်းပြည်လွတ်မြောက်တိုးတက်ရေးအတွက် တိုက်ပွဲဝင်သူ၊ တရားမျှတရေး၊ လွတ်လပ်ရေးနဲ့ လူအခွင့်အရေးတွေကို မြတ်နိ်ုးသူတွေဖြစ်ကြပါတယ်။ သူတို့မှာ လူမှုရေး၊ နိုင်ငံရေးရည်မှန်းချက်တွေရှိကြပါတယ်။
မြို့ပြပြည်သူ့ပြောက်ကျားတွေရဲ့ အဓိက တာဝန်ဟာ အာဏာရှင်စစ်ဖိနပ်အောက်က ပြည်သူကို လွတ်မြောက်ဖို့နဲ့ ညီနောင်ကျေးလက်ပြောက်ကျားတွေကို ကူညီဖို့ဖြစ်ပါတယ်။ ဒါကြောင့် သူတို့ဟာ အာဏာရှင်ရဲ့ ယန္တယားဖြစ်တဲ့ ရဲ၊ စစ်တပ် နဲ့ ဒလန်တွေကို ပစ်မှတ်ထားတိုက်ခိုက်လေ့ရှိကြပါတယ်။ အများပြည်သူအသွားအလာများတဲ့ ကျောင်း၊ ဆေးရုံ၊ ဈေး စတဲ့နေရာတွေကို သူတို့ရဲ့ ပစ်ကွင်းအဖြစ် ရွေးချယ်လေ့မရှိပါဘူး။ သူတို့ရဲ့ပစ်မှတ်တွေကိုတိတိကျကျမှန်အောင် ပစ်နိုင်လေလေ လူထုရဲ့ ယုံကြည်မှုကိုရလေလေပါပဲ။ ဒါမှသာ မြို့ပြပြည်သူ့ပြောက်ကျားတွေ တကယ်ရှိနေပြီး ပြည်သူကို အမှန်တကယ်ကာကွယ်နေတယ် ဆိုတာ ပြည်သူတွေ လက်ခံလာမှာပါ။ စစ်အာဏာရှင်ဘက်ကကြည့်ရင်လည်း ပြည်သူ့ပြောက်ကျားတွေ တကယ်ရှိနေပြီ ၊ ငါတို့က ပြည်သူတွေကို စိတ်ထင်တိုင်း ရက်စက်နေလို့မရတော့ဘူးဆိုတဲ့ အသိဝင်လာပြီး ပြည်သူကို ဖိနှိပ် သတ်ဖြတ် ညှင်းဆဲမှုတွေကို လုပ်ဖို့ ကြောက်ရွံနေမှာသေချာပါတယ်။ အထက်က အမိန့်ပေးရင် တောင်မှ လက်တွေ့လုပ်ဖို့လက်တွန့်နေပါလိမ့်မယ်။ တနည်းပြောရရင် ဒီလိုနည်းနဲ့ ပြည်သူ့ပြောက်ကျားတွေဟာ စစ်အာဏာရှင် ယန္တယားကို ကြောက်ရွံသွာအောင်၊ တွေဝေယိမ်းယိုင်သွားအောင် လုပ်လေ့ရှိတာတွေ့ရပါတယ်။
မြို့ပြပြောက်ကျားတွေဟာ အဖိနှိပ်ခံပြည်သူတွေကြားက ပေါက်ပွားလာသူတွေဖြစ်ကြပါတယ်။ အာဏာရှင်ဟာ သူရဲ့ နေဝင်ချိန်ရောက်တဲ့အခါ ဖိနှိပ်မှု၊ ရက်စက်မှုတွေကို ကျေးလက်ဒေသတွေမှာသာမက မြို့ပေါ်လူမြင်ကွင်းတွေ မှာပါ မရှောင်နိုင်တော့ပဲ ပြောင်ပြောင်တင်းတင်း လုပ်ဆောင်လာလေ့ရှိပါတယ်။ ဒီလိုလုပ်ဆောင်မှုတွေကြောင့် ကျေးလက်ပြည်သူ့ပြောက်ကျားတွေ သာမက မြို့ပေါ်ပြောက်ကျားတွေကိုပါ ပေါ်ထွန်းလာရတာပါ။ ဒီလိုနဲ့ အဏာရှင်ဟာ သူ့ရဲ့ စစ်မျက်နှာကို ကျေးလက်တွေ မှာသာမက မြို့ပေါ်အထိ ဖွင့်မိရက်သားဖြစ်သွားပါတယ်။ ဒါဟာ သူ့ရဲ့ အဓိက အချက်အချာ အုပ်စိုးတဲ့နယ်မြေတွေမှာပါ စစ်မျက်နှာ ဖွင့်လိုက်မိတဲ့ အမှားကိုကျူးလွန်လိုက်တာပါပဲ။ အဲဒီလို စစ်မျက်နှာဖွင့်မိတာဟာ စစ်ရေးစစ်မျက်နှာမှာ အထိနာရုံတင်မကပါဘူး နိုင်ငံတကာ သံတမန် စစ်မျက်နှာ၊ နိုင်ငံရေး၊ စီးပွားရေးနဲ့ မီဒီယာ စစ်မျက်နှာတွေမှာပါ အကြီးအကျယ်အထိနာရှုံးနိမ့်စေတဲ့ အကြောင်းရင်းတွေဖြစ်လာပြီး အာဏာရှင်ဟာ သူ့မှာ နိုင်ငံတနိုင်ငံကို အုပ်ချုပ်နိုင်စွမ်းမရှိပါဘူးလို့ ကမ္ဘာသိဝန်ခံလိုက်သလိုဖြစ်သွားပါတော့တယ်။
မြို့ပြပြောက်ကျားတွေဟာ ဉာဏ်ရည်ထက်မြက်သူတွေဖြစ်ပြီး သာမန် လူ့အသုံးအဆောင်တွေကို လက်နက်အဖြစ်ဖန်တည်းနိုင်သူတွေဖြစ်ကြပါတယ်။ ကတုတ်ကျင်းတွေ၊ သဲအိပ်တွေ၊ ဒရုံးလို ခေတ်မီပစ္စည်းတွေနဲ့ ကာကွယ်ထားပေမယ့် အာဏာရှင်ပါးကွက်သားတွေဟာ ထိတ်လန့်မှုတွေကို ဖက်တွယ်မိရက်သားဖြစ်နေပါတယ်။ မြို့ပြပြည်သူ့ပြောက်ကျားတွေကတော့ ပြည်သူ့ရင်ခွင်မှာ လုံလုံခြုံခြုံ နွေးနွေးထွေးထွေးနေခွင့်ရနေပါတယ်။ အကာအကွယ်ရနေပါတယ်။ သူတို့ဟာ ရဲရင့်ပြတ်သားတဲ့ စိတ်နေစိတ်ထားရှိပေမယ့် ရုပ်ရှင်သရုပ်ဆောင်တွေလို အမူအရာဟန်ပန်မျိုးမရှိကြပါဘူး။ ရိုးရိုးကုတ်ကုတ် မထင်မရှားနေလေ့ရှိပါတယ်။ သူတို့ကို ကဗျာဆရာတွေက မမြင်နိုင်တဲ့ ကြယ်ပွင့်ကလေးတွေအဖြစ် တင်စားခေါ်ဝေါ်လေ့ရှိပါတယ်။ သူတို့ရဲ့ ကိုယ်ကျင့်တရားနဲ့ ယုံကြည်မှုဟာတောင်တန်းကြီးလိုခိုင်မာပြီး၊ လေ ကို မမြင်ရသလို သူတို့ကို မမြင်ရပဲ နေရာတကာမှာ ရှိနေတတ်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ လှုပ်ရှားမှုဟာ လေ လို လှို့ဝှက် မြန်ဆန်ပြီး လေ လို ပဲ ပျောက်ကွယ်နေတတ်ပါတယ်။ သူတို့ဟာ သူတို့အဓိကတာဝန်ကို အောင်မြင်အောင်ထမ်းဆောင်ပြီးတဲ့တိုင်အောင် သူတို့ဆက်လက်ရှင်သန်နေဖို့ပြင်ဆင်ထားကြပါတယ်။ ဒါမှသာ ပိုမိုအရေးပါတဲ့ နောက်ထပ် တာဝန်သစ်တွေ ထမ်းဆောင်နိုင်လိမ့်မယ်လို့ ယုံကြည်ကြသူတွေပါ။
ကျွန်တော် ဖတ်မိတဲ့ စာတွေကဗျာထဲက မြို့ပြပြည်သူ့ပြောက်ကျားတွေအကြောင်း မျှဝေလိုက်တာပါ။
အန်ကယ် တူမီး
၁၆/၆/၂၀၂၁
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar