မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၄လ ၁၅ ရက် မြောက်နေ့ မြင်ကွင်း
မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၄လ ၁၅ ရက် မြောက်နေ့ မြင်ကွင်း
(မိုးမခ) ဇွန် ၁၅၊ ၂၀၂၁ဒီနေ့ သတင်းတွေအနက် ထူးခြားတဲ့ သတင်းတချို့က ပေါက်မြို့နယ်ထဲက ကင်းမရွာကို စစ်ကောင်စီတပ်တွေက မီးရှို့တဲ့သတင်း၊ ကယားပြည်နယ် မှာဖွဲ့စည်းထားတဲ့ KNDF ကရင်နီအမျိူးသားကာကွယ်ရေးတပ်က နှစ်ဖက်တိုက်ပွဲများကို ယာယီရပ်ဆိုင်းထားပြီး ထိုးစစ်များကိုလည်း ယာယီရပ်ဆိုင်းထားမယ် ဆိုတဲ့ ကြေညာချက် ထုတ်ပြန်လိုက်တဲ့ သတင်း၊ ဒီပဲယင်းမြို့နယ်ထဲက ညောင်လှရွာကို စစ်ကောင်စီတပ်တွေဝင်ပြီး နေအိမ်အချို့ကို ဖျက်ဆီးတဲ့သတင်း၊ ကယားပြည်နယ် ဒီးမော့ဆို မြို့နယ်မှာလည်း မြို့မှာနေထိုင်သူတွေ စစ်ဘေးရှောင်နေရာက နေအိမ်ပြန်လာတဲ့ အခါ နေအိမ်တွေ ဖောက်ထွင်းပြီး ပစ္စည်းတွေ ယူဆောင်ခံရတဲ့ သတင်းတွေ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်တွေ ရွာမီးရှို့တာ ပြီးခဲ့တဲ့ တိုင်းရင်းသားဒေသမှာ ဖြစ်တဲ့ ပြည်တွင်းစစ်ကာလမှာ အများကြီးကြုံခဲ့ရပါတယ်။၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်နီပြည်နယ်၊ ကချင်ပြည်နယ်နဲ့ မကြာခင်ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်က ပဋိပက္ခတွေမှာ အများအပြားရှိခဲ့ပါတယ်။ ကျောက်တော်မြို့နယ်က ဘုရားပေါင်းကျေးရွာဆိုရင် မကြာသေးမီနှစ်ကပဲ တရွာလုံးမီးတင်ရှို့ခဲ့တဲ့ အဖြစ်တွေက သတင်းအဖြစ်တောင် လတ်လတ်ဆတ်ဆတ် ရှိပါသေးတယ်။
ခုစစ်အာဏာသိမ်းပြီးနောက်မှာတော့ ယခင်လို တိုင်းရင်းသားလက်နက်ကိုင် ဒေသတွေမှာ ပဲ ရွာမီးရှို့တာမျိုးမဟုတ်တောပဲ မြန်မာနိုင်ငံရဲ့ အနှံ့အပြား ခုခံတိုက်ခိုက်တဲ့ ဒေသတိုင်း မှာ မီးရှို့ ဖောက်ထွင်း ဖျက်ဆီး ယူဆောင်တာတွေ လုပ်တာ မျက်ဝါးထင်ထင် မြင်ရနေပြီဖြစ်ပါတယ်။
မကြာသေးခင် ရက်အနည်းငယ် ဂန့်ဂေါမြို့နယ် နှမ်းခါးရွာမှာလည်း နေအိမ်တွေ မီးရှို့ခဲ့တဲ့ အဖြစ်တွေ ရှိပါတယ်။ ဒီလို မြေလှန်စနစ်တွေက ပြည်တွင်းစစ်ကာလတလျှောက်လုံး ကျင့်သုံးခဲ့တာမို့ စစ်အစိုးရတပ်တွေဟာ ဒီလိုလုပ်ရပ်တွေနဲ့ ယဥ်ပါးနေပြီးသား ဖြစ်ပါတယ်။ ကျေးရွာသူ ကျေးရွာသားတွေကို သူပုန်ေထာက်ခံသူ သူပုန်ရွာဆိုတဲ့ စွပ်စွဲဝါဒဖြန့်ချက်တွေ နဲ့ လုပ်ဖို့ အမိန့်ပေးပြီး လက်အောက်ငယ်သားတွေက လုပ်ခဲ့ကြတာမျိုး ဖြစ်ပါတယ်။
အရပ်သားတွေအပေါ် မုဒိမ်းကျင့်တဲ့ စစ်တပ် ၊ နေအိမ်တွေ မီးရှို့တဲ့ စစ်တပ်၊ နေအိမ်တွေ စျေးဆိုင်တွေက တန်ဖိုးရှိတာ မှန်သမျှ ယူ၊ တချုို့ကို တခြားရွာမှာတောင် ပြန်ရောင်းတာမျိုး လုပ်ခဲ့ကြတဲ့ အဖြစ်တွေ တိုင်းရင်းသားဒေသက ကျေးရွာတွေမှာ အများအပြား ရှိခဲ့ပါတယ်။ ပလောင်ဒေသလိုမျိုးမှာလည်း ရွာတရွာက လူနေအိမ်က ရှာေဖွယူသွားတဲ့ ရွှေနားတောင်း ကို တခြားရွာရောက်တော့ ဝယ်မလားဆိုပြီး စပ်ရောင်းတဲ့ အဖြစ်မျိုးတွေ ကျေးရွာသားတွေ ပြန်ပြောပြလို့ သိခဲ့ရဖူးပါတယ်။
ကယားပြည်နယ် ဒီးမော့ဆိုမြို့မှာဆိုရင်လည်း ခုရက်ပိုင်းမှ ကိုယ့်နေအိမ်တွေ ပြန်ဖို့ အခြေအနေပေးလို့ ပြန်တဲ့အခါ ဖုန်းဆိုင်တဆိုင်ကို တဆိုင်လုံး ပစ္စည်းတွေလှန်လှောရှာဖွေပြီး မီးခံသေတ္တာကို ထိုးဖောက်ဖျက်ဆီးပြီး အဖိုးတန်ပစ္စည်းရှာဖွေထားတဲ့ ဓါတ်ပုံတွေ ဆိုရှယ်မီဒီယာပေါ် မြင်တွေ့လိုက်ရပါတယ်။
လူတွေရဲ့ ဥစ္စာစည်းစိမ်၊ ပိုင်ဆိုင်မှုတွေကို ကာကွယ်ပေးဖို့ နေနေသာသာ ဓမြသဖွယ် သူခိုးဖောက်ထွင်းသူသဖွယ် လက်နက်အကာအကွယ်နဲ့ ဖောက်ယူ သွားတဲ့ စစ်တပ်မျိုးက အုပ်ချုပ်တယ်ဆိုတဲ့ တိုင်းပြည်ဟာ မြန်မာပြည် ဖြစ်နေတဲ့ သဘောပဲ ဖြစ်ပါတယ်။
ခုလို နိုင်ငံရဲ့ ဟိုနေရာသည်နေရာက ကျေးရွာတွေ မီးရှို့ခံနေရချိန်မှာ ချင်းပြည်နယ် တောင်ပိုင်း မင်းတပ်မြို့က မြို့နေလူထု မြို့အနီးအနားက ကျေးရွာလူထုတွေ သောင်းနဲ့ချီပြီး စစ်ဘေးရှောင်နေရတာ နေ့စဥ်ရက်ဆက်ရွာနေတဲ့ မုတ်သုန်မိုးထဲမှာ ဖြစ်ပါတယ်၊ ရက်ရှည်ကြာလာတာနဲ့အမျှ ရိက္ခာ ၊ ဆေးဝါး နည်းပါးလာတဲ့ အခြေအနေမှာ စစ်ကောင်စီတပ်တွေက ဖြတ်လေးဖြတ် လုပ်ထားတာကြောင့် မိသားစုပေါင်း ထောင်နဲ့သောင်းနဲ့ချီ ဒုက္ခရောက်နေကြတဲ့ သတင်းတွေလည်း ဖတ်ရှုနေရပါတယ်။ မင်းတပ်က စီဒီအက်ဖ်တွေ သီတင်းပတ်နဲ့ချီ မင်းတပ်မြို့ကို ခုခံကာကွယ်တာ၊ စစ်ကောင်စီ တပ်တွေ အကူအညီပို့တဲ့ ကားတန်းတွေကို ပုန်းခိုတိုက်ခိုက်တာတွေကို အခုလို လက်စားခြေတုံ့ပြန်တာလို့ ယူဆကြပါတယ်။
အစိုးရ တရပ်လို့ သူတို့ကိုယ်သူတို့ ခေါ်ဝေါ်သုံးစွဲနေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေဟာ အစိုးရလို့ ခေါ်ဆိုနိုင်တဲ့ အင်္ဂါရပ်တွေမရှိတာ အမှန်ပါ။ အောက်ခြေမှာ ရန်သူလို့သူတို့ ဝါဒဖြန့်ခေါ်ဝေါ် သုံးစွဲတဲ့ ဆန္ဒပြသူ ဆန္ဒပြသူတွေကို ထောက်ခံသူတွေကို ဘာမဆို လုပ်ခွင့်ရှိတယ်ဆိုတာမျိုး ၊ အဲဒီဆန္ဒပြသူတွေ ထောက်ခံသူတွေ ပိုင်ဆိုင်တဲ့ ပစ္စည်း နေအိမ် စတာတွေကိုလည်း ဘာမဆို ယူခွင့်ရှိတယ်ဆိုတာမျိုးက ဟိုးအရင် ပဒေသရာဇ်ခေတ်က စစ်နိုင်ရင် အကုန်လုံး ဖျက်ဆီး သတ်ဖြတ် ပစ္စည်းယူတဲ့ တပ်တွေနဲ့ အလားသဏ္ဍန်တူတူပဲ ဖြစ်ပါတယ်။
ခုလို ခေတ်သစ်ကမ္ဘာမှာ လက်နက်ကိုင် တပ်ဖွဲ့တဖွဲ့ဟာ အောက်ခြေကသူတွေ ပြုမူလုပ်ဆောင်တာတွေကို အထက်က အမိန့်ပေးသူက တာဝန်ခံရမှာပါ။ ခုနေတာဝန်မခံ တာဝန်မယူလည်း မှတ်တမ်းမှတ်ရာတွေ အထောက်အထားတွေနဲ့ မကြာတော့တဲ့ တနေ့မှာ တာဝန်ခံရမယ့် သဘောပဲ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ် အနောက်ပိုင်းမှာ ဖြစ်ပျက်ခဲ့တဲ့ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေအတွက် အခုလက်ရှိ နိုင်ငံတကာ တရားရုံးမှာ တရားရင်ဆိုင်နေရတာကို ကြည့်ရင် သင်ခန်းစာဖြစ်ပါတယ်။
လူတစု လူတဖွဲ့ရဲ့ သမိုင်းအကြွေးတင်တာ ပြစ်မှုကြွေးတင်တာတင်မဟုတ်ပဲ နိုင်ငံတနိုင်ငံရဲ့ သိက္ခာ၊ လူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ ပြစ်မှုအဖြစ် သမိုင်းမှာ မှတ်တမ်းတင် ကျန်ရစ်ခဲ့ကြမှာလည်း ဖြစ်ပါတယ်။ အခု ခေတ်သစ်မြန်မာနိုင်ငံသမိုင်းမှာ မြန်မာ့တပ်မတော်ဆိုတာဟာ ကိုယ့်ပြည်သူတွေကို ပြန်သတ်တဲ့ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ပြန်ဖျက်လို့မရတော့တဲ့ အမည်းစက်စွန်းထင်းသွားပါပြီ။
(Photo - မကွေးတိုင်းဒေသကြီး၊ပေါက်မြို့နယ် ကင်းမရွာကိုအကြမ်း ဖက်စစ်တပ်က မီးတင်ရှို့ရာမှာ သက်ကြီး ဘိုး၊ဘွား ၂ ဦး မီးလောင်သေဆုံးခဲ့တယ်လို့ ဒေသခံတစ်ဦး က အတည်ပြုပြောပါတယ်။ မျက်မှောက်ခေတ် သတင်းမှ)