မြန်မာနွေဦးတော်လှန်ရေးကဗျာ - သင်းရည်လွင်၊ မိုးခါး၊ မောင်ထိုက်အောင်
မြန်မာနွေဦးတော်လှန်ရေးကဗျာ
မိုးမခ
ဇွန် ၂၇၊ ၂၀၂၁
-
နောက်ဖေးအိမ်ကလူတွေ
ရုတ်တရက်ကြီး ဝါယာ ရှော့ခ်ဖြစ်သလို
မီးရောင်တွေ ဘဝ ထဲ မလင်းတော့ဘူး
ဒုက္ခအညှော်တွေ သူ့ ခြံစည်းရိုးလွန်ပြီး
တခြားသူတွေဆီ လောင်ကျွမ်း
ပဋိပက္ခရပ်ကွက် နံပါတ်
တစ်ခြမ်း ပြန်ရှာမရ
ငွေ့ငွေ့လေး ငါ ပြန်ရတဲ့ အသက်ကို
မရှိတဲ့ သော့နဲ့ ယောင်ပြီး ဖွင့်မိ
အိမ်ရှင် မဖွင့်ပေးတဲ့ တံခါး ဟာ ရမ်းခါနေတယ်။
အနက်ရောင်ပြောင်းသွား တဲ့
အသားတုံးတွေ ကြည့်ပြီး စိတ်ပျက်နေတဲ့
ခွေးလို
သူတို့ အော်သံပဲ အဖတ်တင်တယ်။
အနီးဆုံးဆိုတာတွေ က ပိုဝေးသွားပုံ ရတယ်
အဲလိုအရပ် မှာ အိန်ဂျယ်လ် မရှိဘူး
နီးဖို့အတွက် ငါ တို့ထပ်မံ တိုးဝှေ့သွားရ
ညဆိုတာ အကြောက်တရားတွေလင်းတဲ့အရာ
ဒီလို ဆိုရင်း
သူ ကြောက်ရကောင်းမှန်းမတွေးတော့ဘူး။
လမ်းကြားတစ်ခုမှာ သူမြတ်နိုးတဲ့
ရွက်လှပင်ပြားပြားတွေ လူမှုကွန်ယက်မှာ
ကြေမွခံလိုက်ရပုံ ပဲ
ဘယ်သူလဲ.......လို့
မမေးဖြစ်လိုက်ပါဘူး။
မေးဖြစ်သွားရင်လည်း
သူ့အသက်ငင်ချိန်လေး ဖြစ်မယ်
သေသေချာချာ ပစ်မှတ်ကို မရောက်တာတော့
အသည်းကွဲဇာတ်လမ်းတစ်ခုပဲ။
အခု ...တိတ်ဆိတ်နေတဲ့ အိမ်ကလေးကို
ကိုယ်အပေါ်ပိုင်း ဝစ်လစ်စလစ်နဲ့
သားသတ်သမား ဓားသွေးနေပုံမျိုး
မြင်ကွင်းက ရိုးရှင်းပြီး
ဇာတ်က သည့်ထက်ပိုနာစရာ မရှိတော့ဘူးလေ...
သင်းရည်လွင်
...
မမြင်ရတဲ့အနာကို တသသသွေးပြီး
အမျှော်စိုက်ကြည့်ခြင်း
အမြင်အာရုံ ဝေ့ဝါးတာလည်းမဟုတ်
အကြားအာရုံ ချို့ယွင်းတာလည်းမဟုတ်
လမ်းမထက်က ဝေဒနာစခဲ့တယ်
အသက်တွေ ကြွေပေးရတယ်
ဘဝတွေ ခြွေပေးခဲ့ရတယ်
ငါ့ဆီတည့်တည့် မလာဘူးလို့ပြောမရတဲ့ဒုက္ခ
သွေးနဲ့စခဲ့တဲ့ နာကျင်စရာတွေ
အမည်တပ်ကြွေးကြော်လိုက်ရင်
နွေဦးတော်လှန်ရေးလို့ အသံထွက်တယ်
မြို့ရွာတိုင်း နှလုံးသားခြင်းတူညီခဲ့တယ်
မြစ်တွေတိုင်း စီးဆင်းပုံခြင်းထိရှရတယ်
ဒဏ်ရာအတိမ်အနက်မှာ
တောင်တန်းလည်းမခြားဘူး
ပြည်မလည်း မခြားဘူး
သွေးနဲ့ရေးတဲ့ မော်ကွန်းတိုင်းက ပန်းတိုင်ဆီသို့သာ.....
ကြယ်တွေ ဘယ်မှာအိပ်စက်သလဲ
လရောင်က ဘယ်မှာပိုပြီးထွန်းတောက်သလဲ
အမြဲစွင့်နေတဲ့ အသံထဲ
အောင်လံတော်ဟာ ခြိမ့်ခြိမ့်မြည့်လို့
အာရုံဦးမှာ ပွင့်မယ့်ပန်းတွေတွက်
အမှောင်ကိုခွင်းလို့ ရောင်နီလာတော့မယ်
တရားဓမ္မဖြင့် မမြင်ရတဲ့အနာတသသသွေးပြီး
လမ်းတွေပေါ် လွတ်လပ်သောအလံတော်ကိုလွင့်ထူဖို့
ငါတို့ရဲ့နှလုံးသားတံခါးကိုဖွင့်ပြီးအကြိုထောက်ကြရအောင်။၊ ။
မိုးခါး
25.6.2021
...
ကျနော်တို့ မန္တလေး
ကျုံးနဲ့ မြို့ရိုးဝတ်ဆင်ပြီး
အကြင်နာတရားကို
စက်ဘီးကလေးပေါ် တင်နင်းနေတဲ့မြို့ကလေး
သစ်ပင်တွေကို လေတချွန်ချွန်နဲ့ စိုက်ပျိုးပေးသူကို
တင် စီးခဲ့ဖူးတယ်
ဘိုးဘွားရိပ်သာကို မျိုးစေ့ချပေးသူကိုလည်း
တင် စီးခဲ့ဖူးတယ် ။
'အသက်ကလေးရယ် ရှည်စေလို
မန်းတောင်ရိပ်ခို' လို့
ဆိုရင်း ကရင်း လောကဓံကို
အထက်တန်းစားပြက်လုံးတွေနဲ့ ဆီးကြိုတတ်သေးရဲ့ ။
အနုသုခုမဓာတ်စီးတဲ့ မြေပါ
ကဗျာတွေဆိုတာလည်း
ပင်အိုလက်ပံပေါ်က ရဲရဲနီစွေးနေတဲ့အပွင့်တွေလို
သူ့လက်ဖျားတွေမှာ ကြွားကြွားဝင့်ဝင့်
ပန်းချီကားတွေဟာလည်း
စိန်ပန်းတွေ အဆုပ်လိုက်အခဲလိုက်ပွင့်နေကြသလို
သူ့ကိုယ်ခန္ဓာမှာ ငွားငွားစွင့်စွင့်
သူ့ခြုံပဝါမှာ တွဲခိုတဲ့နှင်းဟာ
ငြိမ်းချမ်းရေးသက်ေတတွေသာ ဖြစ်ရပါစေလို့
တောင်တော်ကို ဦးခိုက်
ကောက်စိုက်သမလေးလို သစ္စာပြုတတ်သူ
ဖက်ခွက်စားမြို့ကလေး ။
'ငြိမ်းချမ်းရေး' လို့
တဖွဖွ အော်တတ်လွန်းလို့ မငြိမ်းချမ်းဆုံးကာလတွေမှာ
ကျည်ဒဏ် ဗုံးဒဏ်သင့်ရတယ်
ရှို့မီးတွေ ကြီးခဲ့တယ်၊ ဒါပေမယ့်
သူ့ဝိညာဉ်မြစ်မှာ
ဖီးနစ်သွေးတွေ တသွင်သွင်စီးဆင်းနေခဲ့တော့
ပြန်ရုန်းထ
' ...မှာ နွေ' လို့
အဆိုနဲ့စစ်ဦးဖွင့်လာသူ သူရိယနေမင်းကိုတောင်
မြစ်ဧရာကို ငေးမောရင်း
သစ်ပင်အိုတွေအောက်မှာ ရက်လုံးဖောက်ရင်း
တောင်သမာန်အင်းမှာ လေညင်းခံခြေတော်ဆေးရင်း
လ္ဘက်ရည်တစ်ခွက်နဲ့ ခုခံထားသူ
အညာမြို့ကလေးပါ
ကလောင်နဲ့သာ အနာဂတ်ကိုစေ့စေ့တွေးရေးချင်ပေမယ့်
ကလောင်သွားနဲ့ တရားပြလို့မရတဲ့အခါ
လက်သီးလက်မောင်းတန်းပြီး
အာဏာရှင်တွေကို
ကနောင်သွေးနဲ့ ဖီဆန်တယ် ။
မသေသော သီချင်း
မသေသော ရုပ်ရှင်
မသေသော စာ ကဗျာ
မသေသော ပန်းချီကားတွေနဲ့ ...
ကနောင်ရဲ့မြေ
အမေမာရဲ့မြေ
ကျနော်တို့ မြေ
ပြာမှုန့်ထဲကနေ
ပြန် ရုန်းထမလာနိုင်ရင်
မန္တလေးလို့ မတွင်ဘူး ။ ။
မောင်ထိုက်အောင်
၂၂ ဇွန် ၂၀၂၁
•••••••••••
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar