Breaking News

အန်ကယ်တူမီး - ပြည်သူ့ပြောက်ကျားနဲ့ စိတ်ဓါတ်အင်အား



အန်ကယ်တူမီး - ပြည်သူ့ပြောက်ကျားနဲ့ စိတ်ဓါတ်အင်အား

(မိုးမခ) ဇွန် ၂၅၊ ၂၀၂၁

ပြည်သူ့ပြောက်ကျားတွေဟာ အခြေအနေရ လူအင်အား လက်နက်အင်အားနည်း နည်းတဲ့ အပြင် ကောင်းမွန်သော စနစ်ကျသော လေ့ကျင့်မှုတွေရှိဖို့ အခွင့်အလမ်းနည်းပါးလေ့ရှိပါတယ်။ ဒါပေမယ့် သူတို့က ပြည်သူကိုကာကွယ်လိုစိတ်၊ မိမိမြို့ရွာနဲ့ အမျိုးသားတွေကို ကာကွယ်လိုစိတ်တွေကြောင့် သူတို့မှာ စိတ်ဓါတ်အင်အားမြင့်မားနေတတ်ပါတယ်။ သူတို့မှာ ရန်သူကို သာ ဦးတည်တိုက်ခိုက်ဖို့ စိတ် တစိတ်ထည်းရှိကြပါတယ်။

အာဏာရှင် တပ်တွေကတော့ စိတ်ဓါတ်ညံဖျင်းမှုတွေနဲ့သာ အလေ့အထ ဖြစ်နေသူတွေဖြစ်ပါတယ်။ ဒါကိုနားလည်သဘောပေါက်တဲ့ ပြည်သူ့ပြောက်ကျားခေါင်းဆောင်တွေဟာ အာဏာရှင်တပ်တွေ စိတ်ထွေပြားအောင် ၊ စိတ်ဓါတ်ပျက်ပြားအောင် လုပ်ဆောင်လေ့ရှိပါတယ်။

စစ်အာဏာရှင်ဟာ သူ့တပ်တွေကိုငွေ ၊ အာဏာ နဲ့ တရားမဲ့ပြုကျင့်ဖို့ အခွင့်ရေးတွေပေးပြီး စစ်မြေပြင်ကိုတွန်းပို့ပါတယ်။ ပြည်သူ့ပြောက်ကျားတွေက သူတို့ ရှေ့တန်းထွက်တဲ့ အခါ သူတို့ရဲ့နောက်တန်းကို အလစ်ဝင်တိုက်ပါတယ်။ အဲဒီအခါ ရှေ့တန်းထွက်နေရတဲ့ အာဏာရှင်တပ်ဟာ နောက်တန်းမှာနေပြီး မိမိဇနီးနဲ့ သားသမီးကိုပဲ ကာကွယ်ရမလား၊ ရှေ့တန်းထွက်ပြီး ရာထူးနဲ့ ငွေကို ရအောင်ယူရမလား ဗျာများသွားတတ်ပါတယ်။ ရှေ့တန်းထွက်ဖို့ စိတ်မဖြောင့်တဲ့ တပ်သားဟာ တိုက်ပွဲမှာ ကျဆုံးဖို့များတယ် ဆိုတာ တပ်သားတိုင်းသိပါတယ်။ ဒီထက်ဆိုးတာက မိမိရှေ့တန်းထွက်နေတုန်း လူမှုကျင့်ဝတ်မရှိတဲ့ နောက်တန်းမှာ မိမိဇနီးနဲ့ သမီး တွေ အနိုင်ကျင့်ခံရနိုင်တယ်ဆိုတာ သိတဲ့ စစ်သားဟာ ရှေ့တန်းဖို့ ငြင်းဆန်ပါတာပါပဲ။

မိမိတိုက်ပွဲမှာ ကျသွားတဲ့ အခါ မိမိဇနီးဟာ တပ်ထဲမှာ ရေသာခိုနေတဲ့ တပ်သားရဲ့ ရင်ခွင်ထဲကို မဲတစ်မဲ အကြောင်းပြုပြီးထည့်ပေးထားခဲ့ရမှာ စစ်သားတစ်ယောက်အနေနဲ့ ကြိုတင်အတွေးနဲ့ ခံစားရတာ မလွယ်ပါဘူး။ တိုက်ပွဲမှာ ခြေပြတ်၊ လက်ပြတ် နဲ့ သေရမှာထက်ပိုကြောက်ပါတယ်။ ဒါကြောင့် စစ်တိုက်တဲ့အခါ မင်းတို့မိန်းမတွေ ဘာဖြစ်သွားမယ် ညာဖြစ်သွားမယ်လို့ ခြိမ်းခြောက်သံကြားရင် သူတို့ မခံစားနိုင်ကြပါဘူး။ ဒါကြောင့်ပြည်သူ့ပြောက်ကျားတွေနဲ့ ထောက်ခံတဲ့ပြည်သူတွေဟာ အာဏာရှင်တပ်တွင်းကို စစ်သတင်းအမှန်တွေ အမြဲပေးပို့ခြင်းအားဖြင့် အာဏာရှင်တပ်ရဲ့စိတ်ဓါတ်ကိုယိုင်လဲစေပါတယ်။

နောက်တနည်းက အာဏာရှင်တပ်ကို စိန်ခေါ်တဲ့ပြောက်ကျားတပ်က တတပ်၊ တကယ်တိုက်တော့ မထင်မှတ်တဲ့ အခြားပြောက်ကျားတပ် က ဝင်တိုက်တဲ့နည်းပါပဲ။ အာဏာရှင်တပ်ဟာ တိုက်ပွဲခေါ်ထားတဲ့ ပြောက်ကျားတပ်ကို တိုက်ဖို့ အစစ အရာရာပြင်ဆင်ပြီးချိန်မှာ မိမိမမျှော်လင့်ထားတဲ့ အခြားပြောက်ကျားတပ်က မိမိကို အလစ်ဝင်တိုက်တဲ့ အခါ ဘာမှာ အငိုက်မိ ငုတ်တုတ် ခံလိုက်ရတော့တာပါပဲ။ အဲဒီအလစ်ဝင်တိုက်တဲ့တပ်ဟာ မျက်နှာချင်းဆိုင်က မဟုတ်ပဲ ဘေးဘက်က ဒါမှ မဟုတ် နောက်ကျောဖက်က တိုက်တာမို့ ပိုအထိနာပါတယ်။ အဏာရှင်တပ်အဖို့ ဒေါသထွက်စရာပါ။

နောက်တနည်းက ပြည်သူ့ပြောက်ကျားတွေဟာ တိုက်ပွဲငယ်(battle) တွေမှာ အရှုံးပေးပြီး အဆုံးအဖြတ်ပေးမယ့် တိုက်ပွဲကြီး(war) တွေကို အနိုင်တိုက်တဲ့နည်းပါ။ ဒီနည်းကိုတော့ နိုင်ငံရေးရော စစ်ရေးမှာပါ ကြွမ်းကျင်တဲ့ ပြည်သူ့ပြောက်ကျားခေါင်းဆောင်တွေက စနစ်တကျတိုက်လေ့ရှိပါတယ်။

တခါတရံ ပြည်သူ့ပြောက်ကျားတွေဟာ လက်နက် လူသူ နည်းပါးလို့ အရှုံးနဲ့ ရင်ဆိုင်လိုက်ရတဲ့ အခါ အာဏာရှင်တပ်တွေက အင်အားအလွန်အကျွံသုံးပြီး ချေမှုန်းတာ၊ ဒါနဲ့ အားမရသေးပဲ ပြည်ကျားတွေအကာအကွယ်ပေးထားတဲ့ ကျေးရွာတွေ၊ လူထုတွေကို လိုက်လံသတ်ဖြတ်လေ့ရှိပါတယ်။ အဲဒီအခါမျိုးမှာ ပြည်သူ့ပြောက်ကျားခေါင်းဆောင်တွေက အာဏာရှင်တပ်ရဲ့ စစ်ဥပဒေချိုးဖေါက်မှုတွေ ကို နိုင်ငံတကာကိုတင်ပြပြီး နိုင်ငံရေး၊ စီးပွားရေး၊ သံတမန်ရေး စ တဲ့ စစ်မျက်နှာတွေကနေ ပြင်းပြင်းထန်ထန် တိုက်ခိုက်လေ့ရှိပါတယ်။ အဲဒါကြောင့် အာဏာရှင်တပ်ဟာ တိုက်ပွဲငယ်(bettle) မှာအနိုင်ရပေမယ့် တကယ်စစ်ပွဲကို အဆုံးအဖြတ်ပေးတဲ့ စစ်ပွဲကြီး (war) မှာ မရှုမလှ ရှုံးပြီး နိဂုံးမလှ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ပြည်သူ့ပြောက်ကျားတွေဟာ စစ်ပွဲငယ်တွေမှာ ရှုံးပေမယ့် စိတ်ဓါတ်မကျ ကြပါဘူး ။ ဒီနည်းနဲ့မရရင် နောက်တနည်းနဲ့ တိုက်မယ့် သူတွေပါ။ တံတောင်နဲ့မရရင် ဒူးနဲ့တိုက်မယ့်သူတွေပါ။

ကျွန်တော် ဒီနေ့ဖတ်မိတဲ့ ပြည်သူ့ပြောက်ကျားအကြောင်း တစေ့တစောင်းပါ။

အန်ကယ် တူမီး

၂၃/၆/၂၀၂၁Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar