Breaking News

ညိုထွန်းလူ - ဖူးသစ်အရုဏ်

ဖူးသစ်အရုဏ်
ညိုထွန်းလူ
(မိုးမခ) ဇွန် ၂၅၊ ၂၀၂၁

အဝေးဆီက ပေါက်ကွဲသံကြီးကြောင့် ထိတ်လန့်သွားတယ်။ သူနေတဲ့ တဲကလေးလည်းမြေငလျင်လှုပ်သလို သိမ့်ခနဲတုန်ခါသွားတယ်။ ဒါပေမယ့်အနားမှာထိုင်နေတဲ့အဖိုးအိုကတော့ အေးအေးဆေးဆေး။ မကြောက်ပါနဲ့ကွ ဒီအသံက တို့နဲ့တော်တော်လေးဝေးပါသေးတယ်လို့ပြောလိုက်တယ်။ အဖိုးအိုက အသက်ခွန်နှစ်ဆယ်ကျော်လာပေမယ့် ယာတောမှာအလုပ်လုပ်နိုင်တဲ့အစွမ်းတွေရှိနေတုန်း။ သေခြင်းတရားဟာ ဒီလောက်အထိကြောက်စရာလိုလို့လား- တွေးရင်းနဲ့ သူ့ကိုယ်သူအားမလိုအားမရဖြစ်သွားခဲ့ပေမယ့် သူ့အနားမှာအဖိုးအိုရှိနေလို့ ကြောက်ရွံ့စိတ်တွေ လျော့ကျသွားတယ်။

ဒီလိုနဲ့သုံးလေးရက်လောက်ပေါ့ပေါ့ပါးပါးဖြတ်သန်းလာခဲ့တယ်။ စိတ်အေးရပြီလို့ထင်မှတ်နေပေမယ့် တညမှာတော့ ပစ်ခတ်ပေါက်ကွဲသံတွေကိုပြန်ပြီးကြားလာရတယ်။ သေမင်းရဲ့ခေါ်သံတွေက အရင်တခါကြားရတာထက်ပိုပြီး နီးလာခဲ့သလိုပဲ။ အဖိုးအိုက အဝေးကိုလှမ်းကြည့်ပြီး ငါတို့သွားရတော့မယ့်အချိန်ရောက်ပြီတဲ့။ သူစိတ်ပျက်သွားတယ်။ ဘယ်နေရာကိုပဲသွားသွား မလုံခြုံတဲ့အ​ဖြစ်နဲ့ပဲရင်ဆိုင်နေရတာပါ။ ဒီလိုကြုံတွေ့နေရတာကလည်း သူ့ရဲ့ရွေးချယ်မှုတော့ မဟုတ်ခဲ့ပါဘူး။

လမိုက်ညဖြစ်ပေမယ့် တဖျတ်ဖျတ်လင်းနေတဲ့ကြယ်ရောင်ကလေးတွေရှိနေလို့ အားတက်သွားမိတယ်။ ရွာသူရွာသားတွေကတော့ စောစောကတည်းက
သွားနှင့်ကြပါပြီ။ စွန့်ပစ်ထားခဲ့ရတဲ့ရွာကလေးကိုကြည့်ရင်း စိတ်မကောင်းဖြစ်သွားတယ်။ ပြီးမှ ​ရှေ့ကဦးဆောင်သွားနေတဲ့အဖိုးအိုကို မေးလိုက်တယ်။

"အဖိုးကျွန်တော်တို့ဘယ်ကိုသွားကြမှာလဲ"

အဖိုးအိုက သူ့စကားကိုမကြားဟန်ဆောင်လိုက်ပေမယ့် သုံးလေးခါလောက်မေးနေတော့ မနေသာတော့ဘူး။

'ဟိုးရှေ့ကတနေရာရာပေါ့ကွာ။ တို့အသက်ဘေးက လွတ်ကင်းတဲ့ပုန်းလို့ခိုလို့ရမယ့်နေရာကိုရောက်တဲ့အထိ ပြေးရမှာပေါ့"

အဖိုးအိုရဲ့စကားကြောင့်စိတ်ဓာတ်ကျသွားခဲ့ရပြန်တယ်။ ကန္တာရပင်တွေ ဆူးခြုံတွေ ကျောက်တုံးကျောက်ခဲတွေချည်းရှိနေတဲ့လွင်ပြင်ကျယ်ကြီးထဲမှ ာရှောင်ပုန်းစရာနေရာကမရှိ။ အဆက်မပြတ်ထွက်ပေါ်လာတဲ့ပစ်ခတ်ပေါက်ကွဲသံတွေက သူတို့နဲ့တဖြည်းဖြည်းနီးကပ်လာနေတယ်။

"သေမင်းနဲ့စစ်ခင်းနေရတဲ့ကျွန်တော်တို့အတွက် လုံခြုံတဲ့နေရာရှိသေးရဲ့လားအဖိုးရယ်"

ရှေ့ကခပ်သွက်သွက်သွားနေတဲ့အဖိုးအိုကခြေလှမ်းတွေကိုရပ်တန့်ပစ်လိုက်တယ်။

"သေမင်းနဲ့စစ်ခင်းနေတာမဟုတ်ဘူးလူကလေး။ ဒါကအလင်းနဲ့အမှောင်ရဲ့တိုက်ပွဲ။  သေမင်းက ဒီတိုက်ပွဲမှာဒိုင်လူကြီးနေရာမှာရှိပြီး ရှုံးနိမ့်သူကိုဝါးမြိုသွား
လိမ့်မယ်။ လူကလေးက အဖိုးတို့ရွာကိုလုံခြုံတဲ့နေရာလို့ယူဆပြီးမျှော်လင့်ချက်နဲ့ထွက်ပြေးလာခဲ့တာမဟုတ်လား။ အခုတော့လည်း ထွက်ပြေးနေရပြန်ပြီ။ဒီလိုထွက်ပြေးရမယ်မှန်းစောစောကတည်းကသိခဲ့ရင် အဖိုးတို့ရွာကိုလာဦးမှာလား။'

သူဘာမှမပြောနိုင်ဘဲငေးငိုင်သွားခဲ့တယ်။ ဒီအချိန်မှာပဲပေါက်ကွဲသံတွေနဲ့အတူ ရွာဘက်ဆီမီးတောက်မီးလျှံတွေကိုတွေ့လိုက်ရတယ်။

"ဟောဟိုရှေ့မှာရှိနေတဲ့လျှိုတွေချောက်တွေ ကျောက်တုံးကြီးတွေက လူကလေးရဲ့အသက်ကို အကာအကွယ်ပေးနိုင်တဲ့မိတ်ဆွေတွေပဲ။ ရခဲတဲ့အသက်တစ်ချောင်းကို ဘယ်လိုကြောင့်အလွယ်တကူလက်လျော့ချင်ရတာလဲ။ တောထဲကသတ္တဝါကလေးတွေ သမင်တို့ချေတို့ပေါ့၊ ကျားတွေခြင်္သေ့တွေလိုအသားစားတဲ့အကောင်တွေရဲ့ရှေ့မှာဒီအတိုင်းအသေခံလို့လား။ တတ်နိုင်သမျှတော့ လွတ်အောင်ပြေးခဲ့ကြရှာတာပဲ လူကလေး။ တောရဲ့ဥပဒေသမှာတော့ စားမယ့်သတ္တဝါနဲ့အစားခံရမယ့်သတ္တဝါတွေရယ်လို့သတ်မှတ်ထားပေမယ့် ငါတို့လူအချင်း ချင်းသတ်နေကြတာတွေက ဘယ်သူတွေက အသတ်ခံရမယ့်သူတွေ ဘယ်သူတွေကသတ်မယ့်သူတွေလို့ သဘာဝတရားကြီးက စီရင်ချက်ချထားတာမဟုတ်ဘူး။ အရှုံးအနိုင်တွေပဲရှိတယ်။ အနိုင်ယူချင်ရင် အရှုံးထဲကလွတ်မြောက်အောင်ကြိုးစားရမယ်။ ကြွက်တွေလိုပဲပေါ့ကွာ။ ဘယ်နေရာဘယ်လိုအဖြစ်တွေနဲ့ပဲရင်ဆိုင်နေရလည်း အရေးကြီးဆုံးကရှင်သန်နေဖို့ပဲ။

အဖိုးအိုရဲ့လေသံကပြောရင်းနဲ့တဖြည်းဖြည်းတင်းမာလာတယ်။

"လူကလေးတို့ငယ်ငယ်တုန်းကစိန်ပြေးတန်းကစားခဲ့ကြသလိုမျိုးပေါ့။ သူကလိုက်လို့ကိုယ်ကပြေးခဲ့ရသလို ကိုယ့်ဖက်ကလိုက်ရတဲ့အလှည့်လည်းရှိရမယ်လေ။ ဘက်နှစ်ဘက်အားပြိုင်ကြရင် လောကနိယာမအတိုင်း ဘယ်အရာမှ တသမတ်တည်း တစ်ဖက်သတ်ဖြစ်ခွင့်မရှိစေရဘူးလူကလေး။ အခုချိန်ကအသက်ကိုလောင်းကြေးထပ်ပြီး အတုံ့အလှည့်ပြိုင်ပွဲတွေနဲ့စိမ်ခေါ်နေတာကို လူကလေးနားလည်ထားဖို့လိုတယ်။ အရာရာကိုသိမြင်နိုင်စွမ်းရှိအောင် အားထုတ်ပါ။ အသက်ဘေးကလွတ်အောင်ပြေးရင်းနဲ့ ကိုယ့်ကိုယ်ကိုမာကျောလာအောင်ကြိုးစားပါ။ခြေထောက်တွေကိုလည်းသန်မာနေပါစေ။သွားတော့လူကလေး အဖိုးကိုဘာမှထပ်မမေးနဲ့တော့။ တစ်ရက်ရှင်သန်ခွင့်ရရင် အဲဒီတစ်ရက်ဟာ လူကလေးအတွက်အောင်မြင်မှုပဲ။ ပြေးတော့လေပြေး -ပြေးတော့...

လေသံမြှင့်ပြီးအော်ပြောလိုက်တဲ့အဖိုးအိုရဲ့အသံကြောင့် တုန်လှုပ်သွားတယ်။ အသက်ကိုခြွေတော့မယ့်အန္တရာယ်ရဲ့အငွေ့အသက်ကိုလည်း ခံစားလိုက်မိတယ်။ ဒါပေမယ့် သူ့ခြေထောက်တွေက ကြိုးတင်းတင်းနဲ့ချည်နှောင်ထားသလို ရှေ့ကိုမရွေ့နိုင်ဘဲဖြစ်နေတယ်။ အဖိုးအိုအတွက်သူစိတ်မချဘူး။ တွေဝေနေတဲ့သူ့အဖြစ်ကိုအဖိုးအိုကရိပ်မိလိုက်တယ်။

"လူကလေး အဖိုးကသေလူ။ လူ့ဘဝမှာဒီလောက်ရှင်သန်ခွင့်ရတဲ့အခွင့်အရေးကတော်လောက်ပြီကွ ပြေးတော့လေပြေးတော့ "ဒေါသတကြီးနဲ့အော်ဟစ်လိုက်တဲ့အဖိုးအိုရဲ့အသံက သူ့ကိုဆောင့်တွန်းလိုက်သလိုပဲ။ 

အဲဒီနောက်တော့ သူ့ကိုယ်သူသတိမပြုမိလိုက်ဘဲရှေ့ကိုတဟုန်ထိုး ထွက်ပြေးသွားမိတယ်။ အလင်းနဲ့အမှောင်ရဲ့တိုက်ပွဲ ဒါမှမဟုတ်ဓမ္မနဲ့အဓမ္မရဲ့ပြိုင်ပွဲတဲ့။ သန်မာအင်အားကြီးထွားအောင်ကြိုးစားပြီးရှင်သန်နေဖို့။ သူ့အလှည့်ကိုယ့်အလှည့်။ပြေးသူနဲ့လိုက်သူ။ အမှောင်တွေကုန်ဆုံးသွားရင်အလင်းရောင်တွေရောက်လာမှာပါ။သူ့ကံကြမ္မာရဲ့အဆုံးအဖြတ်ဟာ သူ့ရဲ့ရွေးချယ်မှုအပေါ်မှာပဲမူတည်နေတယ်။ နေ့တစ်ရက်ရှင်သန်ခွင့်ရခြင်းဟာ ကိုယ့်အလှည့်ကိုရောက်လာစေမယ့်အခွင့်အရေးတစ်ခု။ ပြေးရင်းနဲ့သူ့ခန္ဓာကိုယ်ထဲကိုအင်အားတွေတိုးဝင်လာသလိုခံစားလိုက်မိတယ်။

အားသွန်ပြေးသွားခဲ့တဲ့လူငယ်ကလေး ရဲ့နောက်ကျောကိုအဖိုးအိုကမျက်တောင်မခတ်စူးစိုက်ကြည့်နေမိတယ်။ အမှောင်ထုထဲမှာ ဝိုးတဝါးမြင်တွေ့နေရပေမယ့် အဖိုးအိုရဲ့ယုံကြည်မှုတွေ မျှော်လင့်ချက်တွေနဲ့အမှန်တရားကိုမြတ်နိုးမှုတွေဟာ စိတ်ဝိညာဉ်တွေနဲ့အတူ လူငယ်ကလေးဆီကိုရောက်သွားခဲ့လို ့ကျေနပ်သွားတယ်။ အခုတော့ တချိန်မှာယိုယွင်းပျက်စီးတော့မယ့်ခန္ဓာကိုယ်ချည်းသာ ကျန်ရစ်တော့တယ်။ ဒီအတွက် ဘာမှထိခိုက်စရာအကြောင်းမရှိဘူး။ ဖြစ်ပျက်နေသမျှတွေကိုလည်းရှင်းရှင်းလင်းလင်းနားလည်နေတယ်။ အချိန်ကာလရဲ့ဝါးမြိုမှုထဲမှာအိုမင်းသွားခဲ့ပြီလေ။ ရှင်သန်နေတဲ့သူ့ဘဝတလျှောက်လုံးပြေးသူနဲ့လိုက်တဲ့သူရဲ့နေရာတွေမှာ အကြိမ်ပေါင်းများစွာပါဝင်လှုပ်ရှားခဲ့ပြီးပြီ။ အမှန်တရားကိုသိမြင်ခဲ့ပြီး ကိုယ်လိုချင်တာတွေကိုရယူဆုပ်ကိုင်နိုင်ဖို့အတွက် စိတ်ရှည်သည်းညည်းခံမှုတွေနဲ့ ပေးဆပ်ခဲ့ပြီးပါပြီ။ ဒါဟာလူတစ်ယောက်ရဲ့တန်ဖိုးပဲ။ သက်ရှိသတ္တဝါတိုင်းအချိန်တန်ရင် သေဆုံးရစမြဲဖြစ်ပေမယ့် ဘယ်လိုသေဆုံးကြရမလဲဆိုတာက ကိုယ့်အပေါ်မှာမူတည်နေတယ်။ သူ့ရဲ့စိတ်ဝိညာဉ်တခုလုံး လူငယ်ကလေးဆီကိုလက်ဆင့်ကမ်းလိုက်ပြီးမှတော့ အခွံချည်းကျန်ရစ်ခဲ့တဲ့ခန္ဓာကိုယ်ကြီးဟာ ဘာများအသုံးကျစရာရှိသေးလို့လဲ။ ဒါပေမယ့် သူ့ရဲ့စိတ်ဝိညာဉ်တွေကတော့ နေ့သစ်အရုဏ်နဲ့အတူ ဖူးပွင့်လာဦးမှာပါ။

ငေးနေတဲ့အဖိုးအိုရဲ့မျက်နှာပေါ်မှာ အပြုံးရိပ်တွေပေါ်လာခဲ့တယ်။ ပြီးတော့ အားရကျေနပ်ခြင်းတွေနဲ့ ဟက် ဟက်ပက်ပက်ရယ်မောလိုက်တယ်။ ဒီအချိန်မှာပဲအနားမှာကျရောက်လာတဲ့ပေါက်ကွဲသံကြီးက မြေပြင်ကိုလှုပ်ခါချေမွလိုက်ပြီး အဖိုးအိုရဲ့ခန္ဓာကိုယ်ဟာလည်း အစိတ်စိတ်အမွှာမွှာလွင့်စင်သွားခဲ့ပါတယ်။ အရှေ့မိုးကောင်း ကင်မှာတော့ အမှောင်ရိပ်တွေဖျော့ကျသွားပြီး ​နိုးထလာတဲ့ဖူးသစ်အရုဏ်ဦးရဲ့အလင်းရောင်တွေ။

(ဓာတ်ပုံ Hgy Kyawwnn)
ညိုထွန်းလူ

-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar