Breaking News

ညလွမ်းအိမ် - ကျွန်မ၏ပြတင်းပေါက်ကလေး


Photo- Shin May Mi
ကျွန်မ၏ပြတင်းပေါက်ကလေး
ညလွမ်းအိမ်
(မိုးမခ) ဇွန် ၂၉၊ ၂၀၂၁

အိမ်နောက်ဖေးပြတင်းပေါက်ကလေး။ ထိုပြတင်းပေါက်ကလေးသည် လက်ဆေးဘေစင်နှင့်တွဲလျက်ရှိသည်။ ပန်းကန်တွေဆေးရတာမပျင်းရလေအောင် ထိုပြတင်းပေါက်ကလေးကို ပန်းပင်များချိတ်ဆွဲ၍ ပြင်ဆင်ထားမိသည်။ ထိုပြတင်းပေါက်ကလေးသည် ကျွန်မငေးကြည့်ရာပန်းချီကားတချပ်ဖြစ်သည်။ ထိုပြတင်း ပေါက်ကလေးသည် ကျွန်မ၏ စိတ်ကိုလွတ်လပ်ပေါ့ပါးကြည်လင်စေသည်။ ထိုပြတင်းပေါက်ကလေးသည် ကျွန်မကို အတွေးမျိုးစုံ၊ ရသမျိုးစုံကိုရရှိစေသည်။ 

ပြတင်းပေါက်ကနေ ကြည့်လိုက်လျှင် ရထားသံလမ်းကလေးရယ်၊ ကန်စွန်းခင်းကလေးရယ်၊ ဘောလုံးကွင်းပြင်ကျယ်ကြီးရယ် ဟိုးဝေးဝေးကိုလှမ်းမျှော်ကြည့်လိုက်လျှင် တိုက်ခပ်မြင့်မြင့်တချို့ရယ်၊ သစ်ပင်ကြီးကြီးတပင်ရယ်ကလွဲပြီး ဘာမှစိတ်ဝင်စားစရာမရှိလောက်ဘူးဟုထင်စရာရှိပါသည်။ ပြတင်းပေါက်ကလေးဆီကျွန်မရောက်ခါစကလည်း ထိုကဲသို့ပင်တွေးမိပါသည်။ သို့သော် သစ်ပင်ကြီးကြီးပေါ်မှာ ငှက်အမဲအကြီးကြီးတကောင်ကိုမြင်မိပြီး ဆူညံနေတဲ့ငှက်သေးသေးလေးတွေ ချစ်စရာတောအုပ်စိမ်းစိမ်းကလေးလိုဖြစ်နေသောထိုပြတင်းပေါက်ကလေးသည် ကျွန်မကဗျာထဲတွင် မကြာခဏ ထည့်ရေးရသည့် ချစ်စရာပြတင်း ပေါက်ကလေးဖြစ်မှန်းမသိ ဖြစ်နေခဲ့သည်။

ပြတင်းပေါက်ကလေးသည် ဘူတာနှစ်ဘူတာကြားတွင် တည်ရှိ၍ ပထမဘူတာကိုဝင်လာသောဥသြဆွဲသံနှင့် ဒုတိယဘူတာကိုပြန်ရောက်ဖို့သြဆွဲသံများကို ကျယ်ကျယ်လောင်လောင်ကြားရတတ်သည်။
ညအိပ်ယာဝင်လျှင် ဥသြသံအကျယ်ကြီးနှင့် ရထားများဖြတ်သွားသည့် အခါတိုင်း ကျွန်မလန့်နိုးရသည်။ နောက်ရက်များတွင် အိပ်ရေးဝဝအိပ်နိုင်ပါ့မလားဟု မနက်ထလျှင် ချိုင့်ဝင်နေသောမျက်ကွင်းကိုကြည့်၍ တွေးနေမိသည်။ ရက်ကြာလာတာနဲ့အမျှ ထိုအသံများအတွက် ကျွန်မနေသားကျသွားခဲ့သည်။ မြို့ပတ်ရထားရော၊ အမြန်ရထားရော ဘယ်အချိန် ဘယ်လောက်ဖြတ်ဖြတ် ကျွန်မအိပ်ပျော်တတ်သွားသည်။

မိုးသိပ်မလင်းသေးတဲ့အချိန် မိုးတွေ သည်းသည်းမည်းမည်း ရွာသောနေ့တွင် ပြတင်းပေါက်ကလေးတွင်ကျွန်မရပ်ကြည့်မိသည်။ မိုးစက်မှုန်ကလေးတွေ လေနှင့်အတူ ဝင်လာတဲ့အချိန်ချမ်းစိမ့်စိမ့်အရသာလေးကို ခံစားနေတုန်း ကျွန်မရဲ့ပြတင်းပေါက်မြင်ကွင်းထဲမှာတော့ ဒူးဆစ်လောက်ထိရေတွင်နစ်မြှုပ်ကာ မိုးထဲရေထဲ ကန်စွန်းရွက်တွေခူးနေသော အမျိုးသမီးကိုတွေ့လျှင် ကျွန်မ စာနာသနားရသည်။ ညစာစားပြီး အိုးခွက်ပန်းကန်များကိုဆေးနေသည့် အချိန်မြို့ပတ်ရထားဖြတ်သွားချိန်နှင့်တိုက်လျှှင် သူတို့ခုထိ အိမ်ပြန်မရောက်ကြသေးပါလားဟု ကျွန်မတွေးရင်း စာနာရသည်။

ရထားလမ်းဘေးမှာ လူတစ်ယောက်ဘာလုပ်နေပါလိမ့်ဟု စူးစမ်းကြည့်မိတဲ့ အခါဟိုဟိုဒီဒီသွားရင်း ပုဆိုးခါးပုံစကလေးထဲ ဟင်းရွက်ခူးထည့်နေသူ အမျိုးသားကိုတွေ့လျှင် ဟင်းစားတခွက်အတွက် ကျွန်မစာနာရသည်။ ကျွန်မအတွက် ထိုပြတင်းပေါက်ကလေးသည် စာနာသူပြတင်းပေါက်ကလေး ဖြစ်သည်။
နွေရောက်လျှင် ရထားသံလမ်းတွင် အုပ်စုလိုက်လေတံခွန်လွှတ်နေတာတွေ့လျှင် သူတို့လို လွတ်လပ်ပေါ့ပါးတဲ့စိတ်ကျွန်မလိုချင်မိသည်။ ပြတ်သွားတဲ့လေတံခွန် ဘယ်ဆီရောက်သွားမလဲ သူတို့ပြေးလိုက်သလို ကျွန်မပြေးလိုက်ချင်မိသည်။ ကျွန်မလက်ဖဝါးတွေမှာ ငယ်ငယ်ကမှန်စာတိုက်ခဲ့တဲ့ အထိအတွေ့ကိုပြန်ရသလို ခံစားမိသည်။

ပညာရေးကောလိပ်၏နောက်ကျော ဘောလုံးကွင်းအကျယ်ကြီးတွင် ဘောလုံးကစားနေသော သင်တန်းသူ သင်တန်းသားများ၏ တခဲနက်အားပေးအော်ဟစ်သံများကို ကြားရလျှင် သူတို့ပျော်သလို ကျွန်မလည်း ပြတင်းပေါက်ကနေသူတို့ကိုကြည့်ရင်း ပျော်မိသည်။ သံလမ်းနဘေးအနမ်းပေးနေသော ချစ်သူစုံတွဲများ၊ ဇာတ်ကားတွေထဲကလို သံလမ်းဟိုဖက်ဒီဖက် လမ်းချင်းဆက်၍တွဲလျှောက်နေသော ချစ်သူစုံတွဲများ စိတ်ကောက်၍လိုက်ချော့နေရသော ချစ်သူစုံတွဲများကိုလည်း တွေ့ရတတ်သေးသည်။ ထိုအခါပြတင်းပေါက်ကလေးသည် ပန်းချီကားတချပ်ထက်ပင် ပို၍အသက်ဝင်ပါလားဟုကျွန်မတွေးမိသည်။

ထိုသို့အသက်ဝင်လာသော ပြတင်းပေါက်ကလေးသည် ဖေဖော်ဝါရီလမှစ၍ ညစဉ် ညတိုင်း မီးရထားတစီးမှမဖြတ်တော့ဘဲ တိတ်ဆိတ်ငြိမ်သက်လျက်၊ လူအများကိုလည်းမတွေ့ရတော့ဘဲ ဖြတ်သန်းခဲ့သည်မှာအချိန်ကာလအတော်ကြာခဲ့ပြီဖြစ်သည်။ ထိုကာလတွင်ဟိုးဝေးဝေးက တိုက်အမြင့်ကြီးတွေဆီကနေ မီးခိုးများတလိပ်လိပ်မဲတက်လာပြီး အုန်းခနဲအသံများကို အဆက်မပြတ်ကြားရတတ်သည်။ 
ည ညဆို တုတ်ဓားလက်နက်များဖြင့် ရပ်ကွက်ထဲကလူတချို့သံလမ်းနောက်ကိုပြေးသွားပုံရသော လူများကိုလိုက်ရှာကြသည်။ 

ပုန်းနေသောသူသည် သံလမ်းဘေးရှိ ခြုံပုတ်တွေထဲတွင် အမြဲရှိနေသည်ဟု ကျွန်မတွေးမိသည်။ ထိုကာလက ညတိုင်းအိမ်နောက်ဖေးမီးများ လင်းထိန်နေသည်ကို တွေ့ခဲ့ရသည်။ ပြတင်းပေါက်ကလေးဆီရောက်တိုင်း  သံသယစိတ်များဖြင့် ကျွန်မ ကြည့်နေမိသည်။
ထိုနေ့ရက်များလွန်ခဲ့ပြီးနောက်မှာတော့ ဝုန်းဒိုင်းကျဲအော်ဟစ်နေသော မီးရထားများစတင်ပြေးလွှားနေသည့်အချိန်မှစ၍ ပြတင်းပေါက်ကလေးအပေါ်ကျွန်မ၏အတွေးများပြောင်းလဲသွားခဲ့သည်။ မီးရထားသည် ငါးမိနစ်ခြားလျှင် တစီးဖြတ်သွားတိုင်း ဘာမဟုတ်တာတွေသယ်ယူနေကြတာလဲဟု မကျေမနပ်ရေရွတ်သံဖြင့် အပြေးအလွှား အိမ်နောက်ဖေးဆီကို သွားကြည့်မိသည်။
ကျွန်မ မမြင်မတွေ့ဖူးသော သော့ခတ်ထားသည့် အလုံပိတ်ရထားတွဲအပိုများစွာကို မြင်တွေ့ရသည်။ ဖုံးအုပ်ထားသောရထားတွဲအဆန်းများကိုမြင်တွေ့ရသည်။
ညရောက်လျှင် ပြတင်းပေါက်ကလေးသည် အံ့သြစရာ၊ ထိန့်လန့်တုန်လှုပ်စရာ၊ ကြောက်စရာအကောင်းဆုံးသောနေရာဟုမီးများအမှောင်ချလျက် မီးရထားများဖြတ်သန်းနေသောအချိန်တွင် ပန်းကန်ဆေးနေရင်း ကျွန်မတွေးနေမိသည်။ မီးထွန်းထားသော အပေါ်ဆုံးထပ်က ကျွန်မပြတင်းပေါက်ကလေးကို ဘာမှန်းမသိတဲ့ ကျည်ဆံတတောင့် အလိုအလျှောက် ဖြတ်သန်းရောက်ရှိလာမလား။

ကျွန်မရဲ့ဦးခေါင်းကို ကျည်ဆံလာထိမှာလား။ ကျွန်မကရော ဘယ်လိုပုံစံနဲ့ လဲကျသွားမှာလဲ။ ထိုသို့တွေးမိတဲ့ နေ့ကစပြီး ပြတင်းပေါက်ကလေး တွင်ပန်းကန်ဆေးရသည်မှာ ကျွန်မ မပျော်တော့ပါ။
သို့ပေမယ့် ကျွန်မက ပြတင်းပေါက်ကနေ ရှင်းလင်းပြတ်သားစွာမြင်တွေ့ရပေမယ့် ဟိုးအပေါ်ဆုံးထပ်က ကျွန်မအရပ်ပုပုလေးကိုရော သူတို့က မြင်မှာမို့လို့လား။ ပြတင်းပေါက်မှာ ညတိုင်းကျွန်မရှိနေတာရော သူတို့က သိမှာမို့လို့လား။ ကျွန်မပြတင်းပေါက်ရှေ့တွင်ရပ်နေမိသည်။ ကျွန်မတွင် ပြတင်းပေါက်ကလေးတပေါက်ရှိသည်။ ကျွန်မတွင်သေနတ်တလက်ကောင်းကောင်းရှိမည်ဆိုလျှင် ထိုပြတင်းပေါက်ကလေးသည် မစာနာသောဦးခေါင်းများကို ချိန်တွယ်ပစ်ခတ်ရန်ဘောင်ခတ်ပေးထားသော စာနာသူပြတင်းပေါက်ကလေးသာ ဖြစ်ပေလိမ့်မည်။ 

ထိုသို့တွေးမိတဲ့နေ့ကစပြီး ညစဉ်ညတိုင်း ပြတင်းပေါက်ကလေးတွင် ပန်းကန်ဆေးရသည်မှာ ကျွန်မအတွက် အဓိပ္ပာယ်ပိုရှိလာသည်။ 
ကျွန်မသည် နေ့အသစ် နေ့အသစ်တွေရဲ့ အဓိပ္ပာယ်ရှိသော လှပသော တရားမျှတသော လွတ်လပ်ငြိမ်းချမ်းသော လူသားချင်းစာနာသော အချင်းချင်းတန်ဖိုးထားလေးစားခံရသော အရသာရှိသောနေ့ရက်များကို ပြတင်းပေါက်ကလေးဖွင့်၍ ချောင်းကြည့်ချင်လှပြီ။

ညလွမ်းအိမ်
28th June,2021.
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar