Breaking News

မေဇော် - ဟိုး…အဝေးကြီးမှာ

ဟိုး…အဝေးကြီးမှာ 
မေဇော်
(မိုးမခ) ဇွန် ၁၆၊ ၂၀၂၁


အဝေးကြီးဆိုတဲ့စကားကို ငယ်ငယ်တုန်းကတော့ ခရီးမိုင်တွေကို ပြောတာလို့ ထင်ခဲ့ဖူးတယ်။
တစ်ကယ်တော့ အဝေးကြီးဆိုတာ ဘယ်တော့မှ မရောက်နိုင်မယ့်အရပ်ကိုပြောတာဖြစ်မယ်။

အဝေးကြီး ဆိုတဲ့စကားလုံးကို ကျနော်ဘယ်အရွယ်က စပြီးကြားဖူးခဲ့တာပါလိမ့်။ ခုပြန်တွေးကြည့်တော့လည်း သေသေချာချာ မှတ်မိမနေတော့သလိုပဲ။ ငယ်ငယ်ကလေးတုန်းကတော့ အဝေးကြီးဆိုတဲ့ အရပ်ဟာ နိုင်ငံခြားလို့ ထင်နေခဲ့ဖူးတယ်။ ကလေးတစ်ယောက်ရဲ ့နားလည်နိုင်စွမ်းထဲမှာတော့  အဝေးကြီး ဆိုတာဟာ ခရီးမိုင်တွေလို့ ကျနော်ထင်နေခဲ့ဖူးတာပေါ့။

အဝေးကြီး ဆိုတာက တစ်နေရာရာတော့ ဖြစ်မှာပဲ။ ကျနော်တို့ ဘယ်တော့မှ မရောက်နိုင်တော့တဲ့ ခရီးအကွာအဝေးလည်း ဖြစ်ချင်ဖြစ်မယ်၊ ခုချက်ချင်း ဖြတ်ကနဲ ရောက်သွားနိုင်မယ့် နေရာတစ်ခုလည်း ဖြစ်ချင်ဖြစ်မယ်။  သေချာတာကတော့ ကျနော်တို့က အဝေးကြီးတွေကို အမြဲငေးကြည့်နေခဲ့ကြရတယ်။
ဇာတ်လမ်းတွေထဲကလိုပါပဲ၊ နောင်တရချိန်တွေဟာ အမြဲနောက်ကျနေတတ်ကြတာပဲ။ မေမေ ကွယ်လွန်သွားပြီးတဲ့အချိန်တွေရဲ ့နောက်မှာမှပဲ မေမေ့ကို မဖြစ်မနေပြန်တွေ့ချင်မိတဲ့အချိန်တွေ ၊ ဖြစ်ရပ်တွေ ဆက်တိုက်ရောက်လာကြတယ်။ အဲဒီအချိန်မှာမှ အဝေးကြီး ဆိုတဲ့ စကားလုံးရဲ ့ အနက်အဓိပ္ပါယ်ကို ကျနော် နည်းနည်း နားလည်စပြုလာခဲ့တယ်။ အဝေးကြီး ဆိုတာက ခရီးမိုင်တွေ မဟုတ်ဘူးပဲ။ မေမေက  ဟိုး အဝေးကြီးကို ထွက်သွားခဲ့လိုက်ပြီ။

ကျနော်က အဝေးကြီးတွေကိုပဲ ငေးကြည့်နေရမယ့်သူတဲ့ ။ငယ်ငယ်တုန်းကတော့ ဒုက္ခဆိုတာကလည်း အကန့်အသတ်ရှိတဲ့အရာတစ်မျိုးပဲလို့ ထင်နေခဲ့ဖူးတယ်။ ဘယ်ဒုက္ခပဲလာလာ မကြောက်ဘူးလို့လည်း သိပ်ပြီးတော့ အရဲကိုးသေးတာ။ ဒုက္ခနဲ့ဆက်နေတဲ့ လူသားရဲ ့ခံနိုင်ရည်ပမာဏတွေအကြောင်း နားလည်လာတော့တဲ့အခါကြတော့   ဒုက္ခဆီအရောက်သွားနိုင်မယ့် ကိုယ့်ခံနိုင်ရည်ကလည်း ဖန်ခွက်ပါးပါးကလေးလို ကြွပ်ဆပ်လို့။ အဝေးကြီးတွေဆီ ထွက်မသွားဖြစ်ဖို့ အဝေးကြီးကလူရဲ ့ လက်ကလေးကို စိတ်နဲ့အတင်းဖက်တွယ်ထားခဲ့ရတယ်။

ဘဝက စိတ်ပျက်စရာပဲလို့ ခဏခဏတွေးမိလာတဲ့အခါ အဓိပ္ပါယ်တစ်ခုခု ရှိလိုရှိငြား ဘောလုံးပွဲတွေကို ၂၄ နာရီလုံးလုံး ဖွင့်ကြည့်နေမိတယ်။ ခံနိုင်ရည်တွေကျဆင်းလာတဲ့အခါမျိုးဆို ဆွဲပေးထားမယ့် အရာကလည်း အရေးကြီးတာပဲ။ ဘယ်အရာမှအကြာကြီး မဟုတ်ဘူးဆိုတာတွေကို အကြာကြီးငေးကြည့်နေရတဲ့အခါ ငြီးငွေ့မှုက သည်းသည်းထန်ထန် စိတ်ရောကိုယ်ပါ အတင်းရစ်ပတ်လို့။ 

ညနေအိပ်တန်းပြန်တဲ့ ငှက်တွေမြင်ရတဲ့အခါ အိမ်ပြန်စရာ မရှိတော့တဲ့ အဝေးကြီးက ဘဝတွေအကြောင်း သတိရရင်း ကြေကွဲရတယ်။ လူဟာ အမြဲထွက်ပြေးနေလို့ မရဘူး၊ “အိမ်” လိုအပ်သလို “အိမ်ပြန်ဖို့”လည်း လိုအပ်တယ်လို့ တစ်ယောက်တည်း အရူးလို ရေရွတ်နေမိတယ်။

ငှက်တွေ အိပ်တန်းပျံတာကို အမြဲလိုလို ငေးကြည့်ဖြစ်နေကြပဲ။ ဟိုတစ်နေ့တုန်းကတော့ ပန်းခြံထဲ ဒီလိုပဲငေးကြည့်နေမိတုန်း ဘေးနားမှာ ကစားနေတဲ့ ကလေးလေးတစ်ယောက်ကပါ “ဟိုးမှာ ငှက်တွေ “ဆိုပြီး ပြောလိုက်တယ်။ ကလေးလေးကို ပြန်ရယ်ပြလိုက်မိရင်း “ဟုတ်တယ် သူတို့အိမ်ပြန်နေကြတာ” လို့ပြောလိုက်မိတော့ “သူတို့ အိမ်က ဘယ်နားလေးမှာလဲ “လို့ ကလေးလေးက ပြန်မေးလိုက်တယ်။ “ဟိုး အဝေးကြီးမှာ “ဆိုတဲ့ အဖြေစကားအဆုံးမှာတော့ ငှက်တွေကို ကျနော်တို့ အတူတူ ဆက်ပြီး ငေးနေမိခဲ့ကြတယ်။

မေဇော်
15.6.2021


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar