Breaking News

ဆာသော်ဒိုး - ဖက်ဆစ်တော်လှန်ရေး


Saw Ngo
ဖက်ဆစ်တော်လှန်ရေး
ဆာသော်ဒိုး
(မိုးမခ) ဇူလိုင် ၁၁၊ ၂၀၂၁

     နွေဦးမှာ နေရပ်ကိုစွန့်ခွာခဲ့ရ၏။
    
      မြန်မာပြည်တွင်း နေရာဒေသများ တစ်ခုပြီး တစ်ခု။ ရွာအတော်များများကို ဖြတ်သန်းဖြစ် ရောက်ဖြစ်ခဲ့လေ၏။ တောရိပ်တောင်ရိပ်
သစ်ရိပ် ဝါးရိပ် ချောင်းရိပ် လျှိုရိပ်တို့ဖြင့် ဆုံစည်းခဲ့ရလေ၏။
     အနီးပတ်ဝန်းကျင်တွင် ဟင်းချက်စားစရာသီးပင်စားပင်ပေါင်းများစွာ ရှိလေ၏။ ကျောက်ဖရုံ၊ ဒန့်သလွန်၊ ကြောင်လျှာ၊ ခွေးတောက်၊ ဆူးပုတ်၊ ကင်ပွန်းချဉ်၊ မန်ကျည်း၊ တမာ၊ ငှက်ပျော၊ ကန်စွမ်း၊ ပဲစောင်းလျား၊ ပဲတောင့်ရှည်၊ သံပုရာ၊ မရမ်း၊ ခရမ်းချဉ်၊ တရုတ်စကား ဖြူ နီ၊ ခဝဲ၊ ကြက်ဟင်းခါး၊ သခွား၊ သင်္ဘော၊ သရက်၊ ကြက်မအုပ်၊ မယ်ဇလီ . . . . စုံညီညာလှလေ၏။
     အချို့အပင်များကား လမ်းဘေးမှာ၊ အချို့ကား အိမ်ခြံဝန်းတွေထဲမှာ။ သူ့အိမ်အပင်ကအရွက် ကိုယ်ခူး၊ ကိုယ့်အိမ်အပင်ကအသီး သူခူး။
ရောက်ရှိခဲ့ဖူးသည့်ရပ်ရွာတိုင်း သည်လိုချည်း။

     " ချဉ်ပေါင်ရွက် တခါချက်လောက် ခူးအုံးမယ် အမိုးရေ့ "
     " ခူးသာခူး၊ လောက်အောင်သာခူး TV က ကာတွန်းဆရာကြီးရေ့"
     " ကျေးဇူးပါ အမိုးရေ့ "
     " ကြိုက်တဲ့အချိန် ဝင်သာခူး TV ကကာတွန်းဆရာကြီးရေ့။ လူမတွေ့လည်း ' အပင် ' ကို ခွင့်တောင်ပြီး ခူးသာခူးသွားဝေ့ "

     အပင်ကိုခွင့်တောင်း၍ခူးဆွတ်သည့် ချစ်စရာဓလေ့လေးကိုလည်း ကိုယ်တိုင်ကျင့်သုံးဖြစ်ပါ၏။
ခူးလာသည့်အသီးအရွက်များကို ကိုယ်တိုင်ကိုယ်ကျ ဆေးကြောချက်ပြုတ်ဖြစ်သည့်အခါ ဟိုတချိန်ပျို ရွယ်စဉ် အပြင်ဆောင်နေကျောင်းသားဘဝ လူပျိုလူလွတ်ဘဝ အချိန်ကာလကို ပြန်လည်သတိရမိလာပါ၏။
     မြို့တော်ရန်ကုန် ကမာရွတ်။ ၁၉၈၆/၈၇/၈၈ ကာလများ။ ရတနာလမ်းသွယ်။ အပြင်ဆောင်။
တင်မောင်ချို ၊ နိုင်ဝင်း၊ မြင့်ဦး၊ အောင်ဆန်းတင့်နှင့် ဆာသော်ဒိုး။ မကြာမကြာ ပြည်ကကောလိပ်တက်ဖော်တွေ လာလာအိပ်တတ်ကြသည်။
     ထမင်းဟင်းကို အလှည့်ကျ ချက်ကြ၏။ ငွေကား ရှားလှ၏။ ကြက်ဥကြော်၏။ ဘဲဥပြုတ်၍သုပ်၏။ ကန်စွမ်းရွက်ကြော်၏။ ငါးခြောက်ဖုတ်၏။ ပဲဟင်းရေကြဲ ချက်၏။ တခါတခါ လက်ဖက်သုပ်နှင့် စားကြရ၏။ အဆောင်မှာ အရှေ့တိုင်းဘာသာဌာနမှ ဆရာတဦး၏ သစ်သားနှစ်ထပ်အိမ် အမျိုးသားဆောင် ဖြစ်၏။
     မူလကအဆောင်မှာ " နာမည် " မရှိ။ ကျနော်တို့တွေလက်ထက်မှာ သစ်သားပြားတခုရှာ၍ ပန်းချီလက် ရေးစာလုံးဖြင့် အဆောင်နာမည်ရေးကာ ချိတ်ဆွဲထားကြ၏။
     " ဆန်ရှား ဂေဟာ "
     ဖြတ်ဖြတ်သွားသူတိုင်းက ပြုံးစိစိလုပ်ကြ၏။ " စံရှား " မဟုတ်၊ " ဆန်ရှား " ဖြစ်နေ၍ ဖြစ်၏။ 
" ဆန်ရှား ဂေဟာ " စာလုံးအောက်မှာ စာလုံးသေးသေးလေးများကို မြေဖြူ ဖြင့်ရေးထားသေးရာ အနီးကပ်ဖတ်ရှုပါက ဤသို့မြင်ရပါလေ၏။
     " ဆန်ရှားလှပါသဖြင့် လာရောက်တည်းခိုမည့်သူများ ကိုယ့်ဆန်ကိုယ့်ရိက္ခာ ကိုယ်ယူလာကြပါရန် "

     ဟိုဘက်ခြံထဲမှ ခူးလာသည့် ချဉ်ပေါင်ရွက်များကို ရေဆေးပြီး ကိုယ်တိုင်ချဉ်ရည်ဟင်းချက်ရင်း ငယ်ဘဝကို သတိရမိသွားတာ ဖြစ်၏။ ပြီးတော့ တဆက်တည်းပဲ အန်ကယ်ကြီး ဦးခင်မောင်ကို သတိရမိသွားပြန်ပါ၏။
     အန်ကယ်ကြီး ဦးခင်မောင်ကား မော်ကွန်းဝင်၊ နိုင်ငံ့ဂုဏ်ရည်ဘွဲ့တံဆိပ်ရ ဖြစ်၏။ တော်လှန်ရေးကာလမှာ တော်လှန်ရေးတပ်သားတဦးလည်း ဖြစ်၏။ ဗိုလ်ချုပ်အောင်ဆန်းနှင့် အနီးကပ်ဆုံဆည်းခွင့်ရခဲ့သူလည်း ဖြစ်၏။

     " အန်ကယ်ကြီး ဖက်ဆစ်ငပုဘယ်နှကောင်ကို ငရဲပြည် ပို့ပေးခဲ့လဲ "
     " ဟား ဟား ဟား ဟား ဟား ဟား "

     အန်ကယ်ကြီးက အူလှိုက်သည်းလှိုက်ကိုထရယ်ပါလေ၏။ ပြီးတော့မှ ဤသို့ပြော၏။

     " ငါ့လက်ထဲမှာ " သေနတ် " ကိုင်ချိန်နဲ့ "ယောင်းမ" ကိုင်ချိန်ဆို "ယောင်းမ" ကိုင်ချိန်ကပိုများတယ်ဟ ဆာသော်ဒိုးရ၊ ဟား ဟားဟား ဟား ဟား ဟား "

     အန်ကယ်ကြီးက တော်လှန်ရေးတပ်သားတွေ စားဖို့သောက်ဖို့အတွက် ချက်ဖို့ပြုတ်ဖို့တာဝန်ကျတော့ မီးဖို နားမှာပဲ အမြဲတမ်း ကပ်နေရပါသတဲ့။ ရရာအသီးအရွက်နဲ့ တခါတခါ ရရာအသားငါးနဲ့ တော်လှန်ရေးတပ်သားတွေ မောမောပမ်းပမ်းနဲ့ မြိန်မြိန်စားနိုင်ဖို့အရေး သူအမြဲတွေးကာ ကြံဆချက်ပြုတ်နေခဲ့ရပါသတဲ့။
     ဒီနေ့တော့ ဟင်းချက်ရင်း ငယ်ဘဝကိုသတိရရင်း အန်ကယ်ကြီး ဦးခင်မောင်ကိုလွမ်းဆွတ်ရင်း ဖက်ဆစ်တော်လှန်ရေးကာလကိုပါ စိတ်မျက်စိထဲမှာ မြင်ယောင်လာပါတယ်။
     တကယ်တော့ ဖက်ဆစ်တော်လှန်ရေးကာလမှာ သေနတ်ကိုင်ပြီးတိုက်နေသူတွေလိုသလိုပဲ ယောင်းမကိုင်ပြီး ချက်ပြုတ်ကျွေးမွေးမယ့်သူတွေလည်း တကယ့်ကို လိုအပ်ကြောင်းပါခင်ဗျား ။   ။

ဆာသော်ဒိုး
2:47 PM 
10-7-2021(Sat) 4:29 PM

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar