Breaking News

ဗေဒါညို - မိုးသက်ကယ်ဆင်

NZ Herald
မိုးသက်ကယ်ဆင်
ဗေဒါညို
(မိုးမခ) ဇူလိုင် ၁၁၊ ၂၀၂၁


(...ဟေ့သူငယ်ချင်းရေ .. တို့နယ်ပယ်တခွင်...မိုးသက်ကယ်ဆင်...
ရှစ်ခွင်ကမည်း ...မိုးရွာမလိုလိုနဲ့ပင် ...)

သြော်-အခုချိန်မှာကောင်းကင်ယံကအုံ့မည်းနေတဲ့မိုးသားတွေကိုမော့ကြည့်ရင်း လက်ရေတပြင်တည်းသီချင်းကလေးဟဲလို့ ရွာကိုလွမ်းချင်သွားရတော့တာပါပဲ။ မိုးရာသီအချိန်ကျပြီမို့ တပြည်လုံး ထွန်ယက်စိုက်ပျိုးကြရတော့မှာမဟုတ်ပါလား။ ကျွန်တော်တို့အညာမှာ မိုးရာသီရောက်ပြီဟေ့လို့ဆိုလိုက်တာနဲ့ အင်မတန်မှပျော်ကြစမြဲပေါ့။ တနွေလုံးလှိမ့်ခံခဲ့ရသမျှ အပူဒဏ်ထဲကလွတ်ကင်းသွားခဲ့တယ်။ ပတ်ဝန်းကျင်တခုလုံး စိမ်းစိမ်းစိုစိုဖြစ်သွားတယ်။ ဘယ်လောက်​သဘောကျစရာကောင်းလဲ။ ဒါပေတဲ့ဒီနှစ်မှာတော့ အဖြစ်ကမနှစ်ကနဲ့မတူတော့ပါဘူးဗျာ။ နေရာအနှံ့တိုက်ပွဲတွေဖြစ်ပွားပြီး အကုန်လုံးမျက်ရည်တွေနဲ့ သောကပင်လယ်ဝေနေကြရရှာတာပါ။

ရွာသူရွာသားတွေခမျာ တိုက်ပွဲတွေကြားကအသက်လုထွက်ပြေးကြရ။ တချို့ရွာဆိုရင် ရွာလုံးကျွတ်မီးလောင်ခံရနဲ့ ကျွန်တော်ဖြင့်နေ့စဥ်နေ့တိုင်းဖေ့စ်ဘွတ်ပေါ်မှာတက်လာတဲ့သတင်းတွေနဲ့ဓာတ်ပုံတွေကိုကြည့်ရင်း တစက် ကလေးမျှစိတ်ချမ်းသာရတယ်လို့ကိုမရှိပါဘူး။

မနေ့ကလည်းဒီပဲရင်းဘက်မှာကျဆုံးသွားခဲ့ရရှာသူများအတွက် ကျန်ရစ်သူမိသားစုဝင်တွေကစုပေါင်းပြီးရက် လည်ပွဲကျင်းပတဲ့ဓာတ်ပုံကို တွေ့လိုက်ရပါတယ်။ နောင်တချိန်မှာ တိုင်းပြည်အတွက်အားကိုးအားထားဖြစ်ကြမယ့်လူငယ်ကလေးတွေ ကျဆုံးကုန်ကြရတာမို့ တိုင်းပြည်ရဲ့အနာဂတ်ကို မတွေးရဲလောက်အောင်ပါပဲ။ တကယ်တော့ အခုလိုကာလကြီးမှာ မြို့ရောနယ်ရော တတိုင်းပြည်လုံး ဘယ်နေရာမှမသက်သာကြဘူးဗျ။ အထူးသဖြင့် စစ်ပွဲတွေကြားကရွာတွေခမျာ စစ်ဘေးမှလွတ်အောင်ပြေးကြရင်း လှုပ်ခါလိုက်တဲ့ဆန်ကောထဲကဆီးဖြူသီးလို ဖြစ်နေကြတယ်။ အမိုးအကာအောက်မှ ာလုံလုံခြုံခြုံမနေကြရ၊ ဖြစ်သလိုနေဖြစ်သလိုစားကြရင်း ကြာလာရင် ဝမ်းရောဂါတို့ တုပ်ကွေးတို့ မပင့်မဖိတ်ဘဲရောက်လာမှာတောင် စိုးရိမ်မိလိုက်တယ်။ နို့ပြီး ကိုဗစ်ကလည်း တော်တော့်ကိုလက်သံ ပြောင်နေတယ်။ သူက ဘာသောညာသောလာမပြောနဲ့ ဘယ်သူ့ကိုမှ ချမ်းသာမပေးပါဘူး။ တိုက်ပွဲတွေဖြစ်တဲ့နယ်တွေမှာ ကိုဗစ်​ကလည်း တမှောင့်ပေါ့။

သေနတ်ကျည်ဆံတွေကြားကလွတ်အောင်ရှောင်နိုင်ခဲ့ကြပေမယ့် ပုံမတော်ရင် ကိုဗစ်ကြောင့် သေပွဲဝင်ကုန်ကြရပြန်ရော။

ကလေးမြို့ကသတင်းကလည်း မကြားဝံ့စရာပါ။ ဒီရောဂါပိုးကြောင့်အသက်ဆုံးရှုံးရသူနှစ်ရာကျော်သွားပြီတဲ့။ ဒီတော့ အသက်မသေဘဲကျန်ရစ်သူတွေခမျာအသက်ကိုဖက်နဲ့ထုပ်ထားသလိုဖြစ်နေပြီး ဘယ်လောက်ခြောက်ခြားနေကြမလဲ။ အမှန်တော့ ပြောလို့သာပြောရတာပါဗျာ။ မန္တလေးလည်း ထိတ်လန့်နေရပါပြီ။ တမြန်မနေ့တုန်းက တစ်ရက်တည်းနဲ့သေဆုံးသူ နှစ်ဆယ့်နှစ်ယောက်ရှိသတဲ့။ ခက်တာက ဒီရောဂါဖြစ်လိုက်တာနဲ့ ပိုက်ဆံဖောဖော သီသီမရှိရင် ဘယ်ကိုသွားပြီးကုသရမှန်းမသိဘူးဗျ။ ဆေးဆိုင်တွေလည်းလူတွေအုံခဲပြီး တချို့ဆေးပစ္စည်းတွေပြတ်လပ်ကုန်တယ်တဲ့။ နို့ပြီး ဒီရောဂါဆိုးဆိုးရွားရွားဖြစ်ပြီဆိုတာနဲ့ အောက်ဆီဂျင်က အရေးပေါ်လိုအပ်လာတယ်။ ဒါပေတဲ့ အောက်ဆီဂျင်ထုတ်ပေးနိုင်မှုက ဝန်နဲ့အားမမျှကြလို့ မနိုင်မနင်းဖြစ်ကုန်တယ်။ အဲတော့ ကျေး လက်ဒေသတွေမှာကိုဗစ်ဖြစ်ပြီး အရေးပေါ်အောက်ဆီဂျင်လိုအပ်ရင် ဘယ့်နှယ်လုပ်ကြမလဲလို့ ရွာမှာနေတဲ့သူတစ်ယောက်ကိုမေးကြည့်မိပါတယ်။ မတတ်နိုင်ဘူးလေ သူ့ကုသိုလ်ကံပေါ့ လူနာကိုနည်းနည်းသက်သာအောင်ယပ်ကလေးခတ်ပြီး ငုတ်တုတ်ထိုင်ကြည့်နေရုံပဲလို့ပြောသဗျ။ ကြားရတာနားဝမှာ မသက်သာလိုက်ပုံကတော့ အဲလိုပါပဲ။

ဒါကြောင့်မို့ ရွာမှာရှိနေတဲ့ဒွေးလေးအတွက် စိတ်ပူသွားမိတော့တာပ။ အရင်တုန်းကတော့ ဝါဆိုလဘုရားပွဲရောက်ရင် နှစ်တိုင်းရွာကိုပြန်ဖြစ်ပါတယ်။ ရွာကိုရောက်လို့ကျွန်တော့်ကိုတွေ့တွေ့ချင်း ဒွေးလေးကဖက်ပြီးငိုပါလေရော။ အမေနဲ့အဖေ့ကိုသတိရလို့တဲ့။ မျက်ရည်ကလေးစမ်းစမ်းနဲ့ ဟိုတုန်းကအကြောင်းတွေကို ပြောရင်းနဲ့ငိုတော့ ကျွန်တော်ကပြေရာပြေကြောင်း ချော့ရပါတော့တယ်။ အဲလိုနဲ့ တူအရီးနှစ်ယောက် တစ်နာရီနီးပါး နောက် ပိုင်းဇာတ်ထုပ်ခင်းပြီးမှ ဒွေးလေးလည်း ငိုလို့အားရသွားပြီး ပြုံးပြုံးရွှင်ဖြစ်သွားခဲ့တယ်။

ရွာမှာနှစ်ရက်လောက်နေပြီးမန္တလေးကိုပြန်တော့ ဆွေမျိုးတွေကဝိုင်းအုံပေးလိုက်ကြတဲ့ဆီပုံးရယ် ဆူးပုတ်ကင်းပုံနဲ့ဟင်းသီးဟင်းရွက်တွေရယ် ပြီးတော့ထန်း လျက်ခဲနဲ့ ပဲမျိုးစုံကို ရွာအပြန်လက်ဆောင်အဖြစ် ရသမျှအကုန်ကြုံးပြီး မနိုင်မနင်းသယ်လာခဲ့တယ်။ ဒွေးလေးက ရွာဘုရားပွဲရောက်တိုင်းလာဖြစ်အောင်လာခဲ့။ဒွေးလေးလည်း မင်းလာမှပဲတစ်နှစ်လုံးအောင်းထားသမျှ ငိုရတာရယ်လို့ပြောသဗျ။ ကျွန်တော်ကလည်း စိတ်ချဒွေးလေးရေ လာဖြစ်အောင်လာပါ့မယ်လို့ ကတိပေးလိုက်ပါတယ်။ ဒါပေတဲ့ မနှစ်ကစပြီး ကိုဗစ်ဖြစ်တော့ ရွာဘုရားပွဲမကျင်းပနိုင်တော့လို့ ကျွန်တော်လည်းရွာအပြန်လက်ဆောင်မရတော့ဘဲ ပွပေါက်တိုးမယ့်ကိန်းနဲ့လွဲချော်ကုန်ပါရော။

ဒွေးလေးအတွက်စိတ်ပူလို့ ရွာကအစ်မဝမ်းကွဲတယောက်ဆီကို တယ်လီဖုန်းဆက်ပြီးမေးလိုက်ရတယ်။ အမှန်တော့ တနိုင်ငံလုံးရှားမီးကိန်းထဲကျနေလို့ တယောက်ကိုတယောက် ဘာမှအကူအညီမပေးနိုင်ကြပဲ စိတ်ပူနေကြရတဲ့အဖြစ်ပါပဲဗျာ။ မြို့ကလူတွေကလည်း တောမှာနေတဲ့သူတွေအတွက် စိတ်ပူ။ တောမှာနေကြတဲ့သူတွေကလည်း မြို့မှာနေကြတဲ့သူတွေအတွက် ရင်မအေးပေါ့။ ဒွေးလေးလည်း ကျန်းမာတယ်တဲ့။ ရွာမှာကိုဗစ်လေးယောက်တွေ့လို့ အဝင်အထွက်မလုပ်ရပဲ လော်တောင်းချထားတယ်ငါ့မောင်ရေတဲ့။ တိုက်ပွဲတွေဖြစ်တဲ့ရွာတွေနဲ့နည်းနည်းတော့ဝေးသတဲ့။ အဲဒီလိုတိုက်ပွဲဖြစ်တော့  ဒွေးလေးက အတိတ်ကိုပြန်ဖော်ပြီး ကွန်မြူနစ်တွေနဲ့အစိုးရ စစ်တပ်တိုက်ကြခိုက်ကြတဲ့အခါ ကလေးပေါက်စနကျွန်တော့်ကိုရင်ခွင်ပိုက်ထားတဲ့အမေနဲ့အတူ ထွက်ပြေးရတာကိုသတိရပြီး ငိုရှာတယ်တဲ့။ အစ်မပြောတာကိုနားထောင်ရင်း စိတ်မကောင်းဖြစ်သွားရပြန်တယ်။ ဒွေးလေးခမျာ ဖြစ်လာသမျှတွေကိုငိုရတာကလွဲပြီး ဘာများတတ်နိုင်ရှာမှာလဲ။ မိခင်မြန်မာနိုင်ငံကြီးလည်း ဒီအတိုင်းနေမယ်ထင်ပါရဲ့ဗျာ။ သတ်ရဖြတ်ရမှကျေနပ်တဲ့သားသမီးဆိုးတွေကိုမွေးမိခဲ့လို့ တစ်နှစ်မျှစိတ်အေးရတယ်လို့မရှိမျက်
ရည်နဲ့မျက်ခွက်ပေါ့။

အဲတော့ ကိုယ့်နိုင်ငံထဲကိုပြန်ကြည့်လိုက်ရင် ကိုဗစ်ဖြစ်ပွားတာရယ်၊ တိုက်ပွဲတွေရယ်၊ အဲဒီနှစ်ခုထဲကလွတ်ကင်းတဲ့နေရာက ခပ်ရှားရှားလို့တွေးမိလိုက်တယ်။ကျွန်တော်တော့ရောဂါဘေး စစ်ဘေးဆိုတဲ့ကပ်ဘေးတွေရင်ဆိုင်နေရတဲ့အချိန်မှာ တတ်နိုင်သမျှကူညီနေကြရှာတဲ့ လူမှုရေးအဖွဲ့အစည်းတွေကို ကျေးဇူးတင်မိပါတယ်။ စစ်ဘေးရှောင်ဒုက္ခသည်တွေဆီကိုလည်း အစားအသောက်တွေအဝတ်အထည်တွေကို သွားရောက်ပေးပို့ကြတယ်။ ကိုဗစ်လူနာတွေဆိုရင်လည်း ဆေးရုံဆေးတိုက်တွေဆီပို့ဆောင်ပေးကြ။ သေဆုံးသူတွေကိုလည်း သင်္ချိုင်းကိုသယ် ဆောင်သွားကြရ။ ဒါတွေအားလုံးကအဆင်မသင့်ရင် ကိုယ့်အသက်တောင်ဆုံးရှုံးသွားနိုင်ပါတယ်။ ဘယ်နေရာမှာမဆို အကောင်းနဲ့အဆိုးကဒွန်တွဲနေစမြဲပဲ။ အဲတော့ ကိုယ်တတ်နိုင်တဲ့အားနဲ့ကူညီကြသူအားလုံးကို အသက်ရှည်ကျန်းမာကြပါစေလို့မေတ္တာပို့သရတယ်။ လူ့ဘဝဟာ ခဏလေးပါ။ အဲဒါတောင်မှ တရားအသိမရှိကိုယ့်အတွက်လောက်ပဲကြည့်တတ်သူတွေကိုတော့ အရေးလုပ်ပြီးပြောမနေတော့ပါဘူး။ သူရို့တတွေတော့ အဖန်တလဲလဲကျင်လည်နေရမယ့်သံသရာမှာ မဆုံတွေ့ရလေလေ ကောင်းလေလေပေါ့။

၂၀၁၃ ခုနှစ် ချက်နိုင်ငံကိုသွားခဲ့တဲ့ဒေါ်အောင်ဆန်းစုကြည်က အစိုးရ ၄ မျိုးရှိတယ်လို့ပြောဖူးတယ်ဗျ။

စတုတ္ထအမျိုးအစားက ပြည်သူကိုရက်စက်နှိပ်စက်တဲ့ အစိုးရတဲ့။ တတိယအစိုးရကတော့ ပြည်သူမကြိုက်တဲ့အစိုးရတဲ့။ ကောင်းတဲ့အစိုးရကတော့ ဒုတိယတဲ့။ အကောင်းဆုံးနဲ့ပထမတန်းအစိုးရကတော့ အစိုးရရှိမှန်း အုပ်ချုပ်နေမှန်းတောင် ပြည်သူကသတိမထားမိတဲ့ အစိုးရတဲ့။ ကဲ-ဘယ်လိုသဘောရကြတုန်း။ ကျွန်တော်ကတော့ တခြားသူတွေနဲ့အမြင် တူချင်မှတူပါလိမ့်မယ်။ 

ဦးနေဝင်းရဲ့မဆလတပါတီအစိုးရနဲ့ ဦးသန်းရွှေရဲ့နဝတ နအဖအစိုးရကို ပထမတန်းအဖြစ်သတ်မှတ်လိုက်ချင်မိတာပါပဲ။ ဘာကြောင့်တုန်းဆိုတော့ ကျွန်တော်တို့ပြည်သူလူထုခမျာ ကိုယ့်ထမင်းကိုယ်ရှာစားရင်း ကိုယ်ထူ ကိုယ်ထနဲ့ကိုယ့်လမ်းကိုယ်ဖောက်ရ၊ ကျောင်းတွေဆောက်ရ၊ ကျေးလက်ဆေးပေးခန်းတွေဆောက်ရင်လည်း ကိုယ်ထူကိုယ်ထမို့ အစိုးရဆိုတာ ခေါင်းထဲမှာကိုမရှိတော့တာဗျ။ ဘာကြေးညာကြေးတွေလာကောက်တော့မှပဲ ဟယ်-အစိုးရရှိပါကလားလို့ သတိပြုလိုက်မိပေတယ်။ အဲတော့ အစိုးရရှိမှန်းအစိုးရအုပ်ချုပ်နေမှန်းတောင်မသိကြလို့ ပထမတန်းအစိုးရအဖြစ်အလေးပြုပြီး အမှတ်အပြည့်ပေးလိုက်ရပါတယ်။ အဟွတ်-ဟွတ်။

ကဲ-ဒီလောက်ပါပဲဗျာ။ မနက်စောစောမို့ ဂွတ်မောနင်းလို့နှုတ်ဆက်လိုက်ပါတယ်။ ချစ်မိတ်ဆွေအားလုံး ဘေး အန္တရာယ်မှန်သမျှ ကင်းဝေးပြီး ပျော်ရွှင်ချမ်းမြေ့ကြပါစေ။

(ဟေ့သူငယ်ချင်းရေ... တို့နယ်ပယ်တခွင်မိုးသက်ကယ်ဆင် ... 
ရှစ်ခွင်ကမည်း မိုးရွာမလိုလိုနဲ့ပင် ....)
ဤတွင်ကားလိပ်ချ
ဗေဒါညို


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar