မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၅ လ ၉ ရက် မြောက်နေ့ မြင်ကွင်း
မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၅ လ ၉ ရက် မြောက်နေ့ မြင်ကွင်း
(မိုးမခ) ဇူလိုင် ၉၊ ၂၀၂၁ကိုဗစ်ကူးစက်မှု လျင်မြန်စွာမြင့်တက်နေတဲ့ နေ့ရက်များ
ခုရက်တွေမှာ သတင်းတွေထဲတွေ့နေရတာ ဖတ်နေရတာက အောက်စီဂျင် ထုတ်တဲ့ ဖြည့်တဲ့ နေရာတွေမှာ အောက်စီဂျင်အိုးတွေ တန်းစီနေတာ၊ ဆေးရုံတွေမှာ ကုတင်ပြည့်လို့ ပရဟိတ လူနာတင်ကားပေါ်ကနေ ဆင်းဖို့ အခွင့်မသာပဲ စင်တာတွေ အချို့လည်း ကိုယ့်အိမ်ကိုယ် ပြန်နေကြရတဲ့ အဖြစ်အပျက်တွေ၊ အဖျားကုသရေးစင်တာတွေ ဆေးခန်းတွေမှာ တန်းစီနေတဲ့ လူနာတွေ ၊ နောက်ဆုံးတော့ သုဿန်မှာ သဂြိုဟ်ဖို့ တန်းစီထားတဲ့ ကွယ်လွန်သူတွေရဲ့ ရုပ်အလောင်းတွေ ပဲဖြစ်ပါတယ်။
သတင်းတွေထဲမှာ ဒီမြင်ကွင်းတွေ မြင်ရသလိုပဲ ရန်ကုန်မြို့မှာဆိုရင်လည်း နံနက်လင်းသည်ကနေ ညမိုးချုပ် ညမထွက်ရ အမိန့်မတိုင်ခင်အချိန်အထိ ဆေးရုံကားရဲ့ အချက်ပေးသံတွေ မိနစ်အနည်းငယ်ခြားပြီး ကြားနေရပါတယ်။
ညမထွက်ရအမိန့်ချိန်ကျော်လို့ လမ်းထဲကားဝင်လာတာ မြင်လိုက်ရတဲ့အချိန်ကြည့်မိတော့ လူနာတင်ကား မီးကို မှိတ်တုတ်မှိတ်တုတ်လုပ်ထားပေမယ့် ဥသြသံဖွင့်မထားတော့ပဲ တိတ်တိတ်ဆိတ်ဆိတ် လမ်းထဲဝင်လာပြီး လူနာရှိတဲ့ အိမ်ကို သွားတာတွေ့လိုက်ရပါတယ်။
ပြီးခဲ့တဲ့ ရက်တွေကတည်းက ရန်ကုန်ရဲ့ မြို့နယ်၁၀ မြို့နယ်လောက်ကို stay at home အဖြစ်ကြေညာခဲ့ပါတယ်။ ထွေအုပ်က အသံချဲ့စက်နဲ့ ရပ်ကွက်တွေထဲ လိုက်လံကြေညာပေမယ့် ရပ်ကွက်လူထု အဖို့ အရင်နှစ်က ကိုဗစ်ကူးစက်မှု မြင့်တက်ချိန်ကလို အခုထုတ်ပြန်ချက်ကို သိပ်အလေးမထားကြတော့ပါဘူး။ စားသောက်ဆိုင် လက်ဖက်ရည်ဆိုင်တွေသာ ဆိုင်ထိုင် ရောင်းချတာကို ရပ်ဆိုင်းလိုက်တာတွေ့ရပေမယ့် အခြားသော လှုပ်ရှားမှုတွေ သွားလာမှုတွေ သိပ်ထူးထူးခြားခြား ပြောင်းလဲသွားတာ မတွေ့ရပါဘူး။ အပြင်ထွက်စရာ ကိစ္စရှိတဲ့သူ ထွက်နေရမြဲ ဖြစ်ပါတယ်။ စစ်အာဏာသိမ်းမှုကြောင့် ရပ်ဆိုင်းလုလု စီးပွားရေးက နကိုကတည်းက လှုပ်ရှားသွားလာမှု ပုံမှန်မရောက်သေးတာမို့ အခုလို stay at home က ထူးထူးခြားခြား သက်ရောက်မှုမတွေ့ရတာပါ။
လူထုအနေနဲ့ ခုတကြိမ် ကိုဗစ်ကူးစက်မှု အရှိန်မြင့်လာချိန်မှာ မိမိတို့ဘာသာ မိမိတို့ကာကွယ်ရတော့မယ်လို့ နားလည်ထားကြတဲ့ သဘောမျိုး မြင်တွေ့နေရပါတယ်။ တဖက်မှာလည်း ကျန်းမာရေးဌာနလို စေတနာ့ဝန်ထမ်းတွေလို ကိုဗစ် ပညာပေးရေးလုပ်ဆောင်မှုတွေ မရှိသလောက် ဖြစ်ပြီး ကူးစက်မှု ကိန်းဂဏန်းက ယခင်နှစ် အမြင့်ဆုံးအရေအတွက်ကို ကျော်သွားသည့်တိုင် ကိုဗစ်ကွာရင်တိုင်းစင်တာတွေလည်း များများစားစား မဖွင့်နိုင်သေးပါဘူး။
ယခင်နှစ်ကလို အတည်ပြုလူနာ တယောက်တွေ့တာနဲ့ မြို့နယ်ကျန်းမာရေးက ထိတွေ့ဆက်စပ်မှု လမ်းကြောင်းလိုက်ပြီး ကွာရင်တိုင်းလုပ်တာ နေအိမ်ကို လာရောက် ကြိုးတာတာ ၁၄ ရက် အပြင်မထွက်ဖို့ မြို့နယ်ကျန်းမာရေးနဲ့ ရပ်ကွက်အုပ်ချုပ်ရေးတို့က လာရောက် လုပ်ဆောင်တာတွေ အခုအခါမှာ နေရာအတော်များများ မရှိကြတော့ပါဘူး။
ပေါ့ဇတစ်ဖြစ်တဲ့ မိသားစု အဖို့ မိမိအစီအစဥ်နဲ့သာ သီးခြား ခွဲနေတာ အသွားအလာမလုပ်တာတွေ မိမိတို့ လုပ်ကြတဲ့သဘောလည်းဖြစ်ပြီး ရပ်ရွာလူထုကလည်း အရင်နှစ်ကလို အဲဒီသတင်းအချက်အလက်တွေ လုပ်ဆောင်မှုတွေကို စိတ်မဝင်စားနိုင်ကြတော့ပါဘူး။
လူထုကို လက်ရှိနှိပ်စက်နေတဲ့ အရာက ကိုဗစ်ကူးစက်ကပ်ဘေးတင်မကပဲ လွန်ခဲ့တဲ့ ငါးလကတည်းက စစ်အာဏာသိမ်းမှု ကြောင့် လက်နက်နဲ့ ဖမ်းဆီး နှိပ်စက် ပစ်သတ်တာတွေက ရှိနေဆဲမို့ ဘယ်အန္တရာယ်က ပိုကြောက်စရာကောင်းလဲလို့ နှိုင်းယှဥ်စဥ်းစားစရာ ဖြစ်နေတဲ့ သဘောလည်း ဖြစ်မယ်ထင်ပါတယ်။
ဒါတွေက လူထုတွေ အနေနဲ့ မြေပြင်မှာ ဖြစ်နေတဲ့ မြင်ကွင်း အခြေအနေတွေဖြစ်ပါတယ်။ တဖက်မှာ မူဝါဒဆိုင်ရာ လက်ရှိ လက်နက်နဲ့ အုပ်ချုပ်မှုအာဏာကို ကိုင်စွဲထားတဲ့ အစိုးရက ဘာတွေလုပ်နေလဲ လို့ကြည့်ရင် စစ်အာဏာသိမ်းမှုကြောင့် တပိုင်းတစနဲ့ ရပ်တန့်သွားရတဲ့ ကာကွယ်ဆေးထိုးမှု အစီအစဥ်တွေ ၊ ကာကွယ်ဆေး ထပ်မံဝယ်ယူမယ့်အစီအစဥ်တွေ၊ စစ်ကောင်စီရဲ့ ကာကွယ်ရေး ထိုးပေးမယ်ဆိုတာကို နိုင်ငံရေးအရ ဆန့်ကျင်ပြီး မထိုးဘူးလို့ ဆုံးဖြတ်ထားကြသူတွေနဲ့ ပြီးခဲ့တဲ့ ငါးလလုံးလုံး ကာကွယ်ရေး ထိုးတဲ့အစီအစဥ်က ကစဥ့်ကလျား ဖြစ်ခဲ့တယ် ဆိုရမှာပါ။
ဒိထက်အရေးကြီးတဲ့ အချက်ကတော့ ဆေးရုံတွေ မြို့နယ်ကျန်းမာရေး ဌာနတွေ ဆရာဝန်တွေ၊ သူနာပြုတွေ၊ ကျန်းမာရေးမှူးတွေ သောင်းနဲ့ချီ သိန်းနဲ့ချီ CDM လုပ်ခဲ့ကြပြီး အများအပြား ထုတ်ပယ်ခံခဲ့ကြရသလို အချို့က အကျဥ်းထောင်တွေထဲ ရောက်နေကြလို့ ဆေးရုံက ပုံမှန် ပြန်လည်ပတ်ဖို့ ခုချိန်ထိ အဆင်သင့်မဖြစ်သေးတာ ဖြစ်ပါတယ်။ မနေ့က စစ်ကောင်စီ ခေါင်းဆောင်ဖြစ်သူ မင်းအောင်လှိုင်က ပုဂ္ဂလိက ဆရာဝန်တွေ၊ ဆေးရုံတွေကို ကန်ထရိုက်စနစ်နဲ့ ငှားရမ်း မယ်လို့ပြောသွားပါတယ်။ ဒီအချက်ကိုကြည့်လိုက်ရင် နိုင်ငံရေးအရ သဘောထားကွဲလွဲတာ ဆန့်ကျင်တာနဲ့ ပြင်းပြင်းထန်ထိန် နှိပ်ကွပ်ထားတဲ့ ကျန်းမာရေးနယ်ပယ်က ဆရာဝန်တွေ နဲ့ ကျန်းမာရေး လုပ်သားတွေ မရှိတဲ့ အခြေအနေကို ကယောင်ကတန်း ဖြေရှင်းဖို့ကြိုးစားနေတဲ့ သဘောပဲ ဖြစ်ပြီး လက်တွေ့မှာ အကျိုးသက်ရောက်မှု ရှိနိုင်ဖွယ် မမြင်ပါဘူး။
လူထုက ခုအခြေအနေအောက်မှာ ဘယ်လိုရင်ဆိုင်ရမလဲ ။ ပုဂ္ဂလိက ဆေးရုံတွေကလည်း လက်ရှိ ဖြစ်နေတဲ့ ကိုဗစ်ကူးစက်မှုမှာ စေတနာ့ဝန်ထမ်း သဖွယ် တတ်နိုင်သရွေ့ ကူညီကြတဲ့ ဆေးရုံ သိပ်မတွေ့ ရ မကြားရသေးပါဘူး။ အခကြေးငွေနဲ့ ဆေးရုံ အဖြစ်လက်ခံ ကုသပေးတဲ့ အနည်းအကျဥ်းပဲ ရန်ကုန်လို မန္တလေးလိုမြို့မှာ တွေ့ရပြီး အခြားမြို့တွေမှာ မကြားသိရသေးပါဘူး။ လူထု အနေနဲ့ လက်ရှိ အခြေအနေက ကူရာမဲ့ ကယ်ရာမဲ့ အနေအထားမျိုးဖြစ်နေတဲ့ သဘောမျိုးရောက်နေကြတဲ့ သဘောပါ။ မြန်မာနိုင်ငံက လူထုက နကိုကတည်းက ဖြစ်သမျှ အကြောင်းအကောင်းလို့ သဘောထားဖြေသိမ့်ကြတာ၊ ပေတေပြီး ခါးစည်းခံကြတဲ့ အလေ့အထရှိတော့ စံချိန်စံညွှန်းတွေနဲ့ စောင့်ရှောက်မှုတွေကို တောင်းဆိုလေ့မရှိပဲ ဖြစ်သမျှ ဒဏ်ကို ကြိတ်မှိတ်ခံကြတဲ့ အလေ့အထ ရှိလာတော့ ခုလည်း အသက်ရှူ ကြပ်နေတဲ့ အခြေအနေ အောက်စီဂျင်ကျနေတဲ့အခြေအနေမှာ ဆေးရုံမတက်နိုင် တက်ခွင့်မရကြသူ အများအပြားရှိနေကြတဲ့ အခြေအနေဖြစ်ပါတယ်။
ခုအခြေအနေမျိုးမှာ လူထုအချင်းချင်း ကူညီနိုင်တာတွေ ကူညီမှုတော့ရှိနေပေမယ့်လည်း ဒီအခြေအနေကို ဘယ်လို တုံ့ပြန်ကျော်လွှားကြမလဲဆိုတာ ဦးဆောင်မယ့် အဖွဲ့အစည်းတွေ လူမှုရေး နိုင်ငံရေး အဖွဲ့အစည်းတွေ နှိုးဆော် စည်းရုံးပေးကြမယ့် နိုင်ငံရေး အဖွဲ့အစည်းတွေ ပေါ်ထွက်လာဖို့ လိုအပ်တယ်လို့လည်း မြင်ပါတယ်။
စစ်ကောင်စီရဲ့ လက်နက်နဲ့ အုပ်ချုပ်မှုအောက်မှာ အဲဒီအရာတွေ လုပ်ဖို့မဖြစ်နိုင်ဘူးလို့ ဆင်ခြေပေးကောင်းလည်း ပေးနိုင်ပါတယ်။ သို့ပေမယ့် လူထုနည်းနဲ့ ကိုဗစ်ကို ကာကွယ်ခုခံမယ့် လမ်းကြောင်းတခု လှုပ်ရှားမှုတခုတော့ ခုအချိန်မှာ အရေးတကြီးလိုအပ်နေပြီလို့ မြင်မိပါတယ်။ ကျနော်တို့ရောက်နေတဲ့အခြေအနေက ဘယ်လောက် ပြင်းထန်နေလဲဆိုတာ ဒိထက်ပိုပြီးအခြေအနေတွေ ဆိုးမလာခင် လုပ်နိုင်တာ စနိုင်တာ စသင့် ကြိုးစားသင့်ပြီလို့ယူဆမိပါတယ်။
(ခုစာကိုရေးနေချိန် နာရီဝက် လောက်အတွင်းမှာပဲ နေအိမ်နားက လူနာတင်ကား ၂ကြိမ်ဖြတ်သန်းသွားတာကြားလိုက်ရပါတယ်။ )
(Photo - Mandalay, MEG)
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar