Breaking News

အောင်သစ် - လူတွေ လက်နက်တွေ မိတာထက်၊ အတွေးအခေါ် မမိဖို့ အရေးကြီးတယ်



အောင်သစ် - လူတွေ လက်နက်တွေ မိတာထက်၊ အတွေးအခေါ် မမိဖို့ အရေးကြီးတယ်

(မိုးမခ) ဇူလိုင် ၁၀၊ ၂၀၂၁

ရန်သူ့ဘက်က လူ နဲ့ လက်နက် မိတာတွေ အများကြီး ဖော်ဖော်သီသီ ထုတ်လွှင့်ပါတယ်။ အမှန်နည်းနည်းနဲ့ လုပ်ကြံတာများများ ထုတ်လွှင့်တာပါ။ လက်နက် ၂ လက် မိရင်၊ အလက် ၂၀ မိတယ်ဆိုတာမျိုး၊ နောက်ဆုံး ဘာမှမမိဘဲနဲ့ကို ဇာတ်လမ်းဆင်ရိုက်တာမျိုးတွေအထိ တွေ့နေရပါတယ်။ တော်လှန်ရေးဘက်က အဆုံးရှုံးတွေနဲ့ပတ်သက်ရင် MRTV၊ MWD ကနေ ထုတ်လွှင့်တာအပြင် သူတို့ရဲ့စိတ်ဓါတ်စစ်ဆင်ရေးအဖွဲ့(Psywar Team)ကနေ ပြည်သူတွေ စိတ်ဓါတ်မကျ ကျ‌အောင်၊ ဆိုရှယ်မီဒီယာမျိုးစုံကနေ အကောင့်မျိုးစုံကနေ နည်းမျိုးစုံနဲ့လွှင့်နေပါသေးတယ်။

လူတွေ၊ လက်နက်တွေ မိတာကို အသားပေးဖော်ပြနေတဲ့ရည်ရွယ်ချက်က ရှင်းရှင်းလေးပါ။ 

လက်နက်ကိုင် တော် လှန်ရေးထဲမှာ ဆက်လက်မပါဝင်ကြဖို့၊ ထောက်ခံအားပေးတာမလုပ်ကြဖို့ စိတ်ဓါတ်စစ်ဆင်ရေးလုပ်တာပါ။ ဒီလောက် တောင် လူနဲ့ လက်နက်တွေ မိနေမှာတော့ ဒီတော်လှန်ရေးက နိုင်မှာလည်းမဟုတ်ပါဘူးကွာဆိုတဲ့အထိ စိတ်ဓါတ်တွေ ကျ ကုန်အောင် ဆိုက်ဝါး လုပ်နေတယ်ဆိုတာ ရှင်းပါတယ်။ တကယ်လည်း ထိရောက်တာတွေ ရှိပါတယ်။ တချို့ဆို အမှန်အ ချက်အလက်အချို့ထဲ အမှားများများ ထပ်ထည့်ထားတဲ့ သူတို့ရဲ့ဆိုက်ဝါးသတင်းတွေထဲမှာ မျောပြီး တော်လှန်ရေးစိတ် ပျက်ပြယ်သွားသူတွေ ရှိနိုင်ပါတယ်။ ဒါ့အပြင် သူတို့ရဲ့ စိတ်ဓါတ်စစ်ဆင်ရေးအဖွဲ့ထဲကမဟုတ်ပေမယ့် နွေဦးတော်လှန်ရေးရဲ့ လက်နက်ကိုင်တော်လှန်ရေးလမ်းကြောင်းကို အလွန်မနှစ်မြို့တဲ့ကိုယ်ကျိုးသမားတွေကလည်း တော်လှန်ရေးထိခိုက်တဲ့ သတင်းမျိုးတွေကို အားတက်သရော ဖြန့်ပေးကြပါတယ်။ အဲသလို ဖြန့်တဲ့အခါမှာ စေတနာထားသလိုလို၊ တော်လှန်ရေး တော့ ထိခိုက်ပါပြီကွာ၊ စိတ်ပူပန်၊ စိတ်မကောင်းဖြစ်တဲ့လေမျိုးနဲ့ဖြန့်တတ်တာ ပိုသတိထားရပါတယ်။ ဘယ်လိုပဲဖြန့်ဖြန့် ရည်ရွယ်ချက်ကတော့ လက်နက်ကိုင်တော်လှန်ရေးလမ်းကြောင်းကို ဟန့်တားဖို့၊ ဖျက်ဆီးဖို့ချည်းပါဘဲ။ သူ့လူကိုယ့် ဘက်သား ဖြစ်မှန်းမသိဖြစ်နေတဲ့၊ တော်လှန်ရေးကို ထိခိုက်စေတဲ့ သတင်းမျိုးတွေ အသားပေးဖြန့်သူတွေကို ပြန်ကြည့်ရင် တော်လှန်ရေးကို အားတက်စေမယ့် သတင်းအမှန်မျိုးတွေဆိုရင် ရူးသလို ကြောင်သလိုနဲ့ ဘယ်တော့မှ မဖြန့်တာ သတိထား မိပါတယ်။

တော်လှန်ရေးသမိုင်းထဲက လူတွေ၊ လက်နက်တွေ မိတဲ့အကြောင်း

တော်လှန်ရေးထဲမှာ ထိခိုက်နစ်နာဆုံးရှုံးမှုတွေဆိုတာ အများကြီးဖြစ်တတ်ပါတယ်။ လူနဲ့လက်နက် မိရုံတင်မက တပ်တတပ်လုံးပြုတ်သွားတာ၊ တော်လှန်ရေးနဲ့အတူ တိုက်ယူထားရတဲ့ တည်ဆောက်ယူထားရတဲ့ လွတ်မြောက် နယ်မြေတွေ လက်လွှတ်လိုက်ရတာ စသဖြင့် ဆုံးရှုံးမှုမျိုးစုံ ရှိပါတယ်။ ၁၉၄၈ ခုနှစ်ကနေ ဒီနေ့အထိ ဆင်နွှဲနေတဲ့ မြန်မာနိုင်ငံ ရဲ့ လက်နက်ကိုင်တော်လှန်ရေးသမိုင်းမှာလည်း တော်လှန်ရေးအဖွဲ့အစည်းတွေဟာ ဆုံးရှုံးမှုမျိုးစုံ ကြုံခဲ့ကြဖူးပါတယ်။ နိုင်ငံ တကာတော်လှန်ရေးတွေမှာလည်း ဒီလိုပဲ ကြုံတွေ့ကြပါတယ်။ အဲဒီ့ထဲက အလွန်အတုယူစရာကောင်းတဲ့ ကျူးဘား လက်နက်ကိုင်တော်လှန်ရေးထဲက တော်လှန်ရေးအတွေးအခေါ်ကိုထင်ဟပ်တဲ့အကြောင်းတွေကို ပြောပြချင်ပါတယ်။
 
ကျူးဘားတော်လှန်ရေးအကြောင်းက အများစု ရင်းနှီးပြီးသားပါ။ ဖီဒယ်ကတ်စထရို နဲ့ ရောကတ်စထရို ညီအစ်ကိုနှစ်ယောက်ဟာ ၁၉၅၂ ခုနှစ်မှာ အာဏာရှင်အစိုးရကို တော်လှန်ဖို့ "The Movement"ဆိုတဲ့ အရပ်သားစစ်တပ်ကို ဖွဲ့စည်းတယ်၊ လက်နက်တွေစုတယ်။ လူအင်အားစုတာ ၁၂၀ဝ လောက် ရတယ်။ ၁၉၅၃ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်နေ့မှာ အာဏာရှင် ဘက်တစ္စတာအစိုးရကို လက်နက်ကိုင်ပြီး စတိုက်ပါတယ်။ တိုက်ပွဲစပြီး ၁ နာရီလောက်မှာပဲ ကတ်စထရိုတို့ တော်လှန်ရေး တပ်သား ၉ ယောက်ကျဆုံးပါတယ်၊ တိုက်ပွဲထဲမှာ မိသွားတဲ့ တော်လှန်ရေးတပ်သား ၅၆ ယောက်စလုံး အသတ်ခံရပါတယ်၊ ကျန်တဲ့ တော်လှန်ရေးခေါင်းဆောင်တွေနဲ့ တော်လှန်ရေးရဲဘော် ၆၀ လောက်ဟာ တောင်တန်းတွေ ရှိရာဘက်ကို ထွက်ပြေးကြရပါတယ်။ အဲဒီ့တိုက်ပွဲမှာပဲ ကတ်စထရိုရဲ့ဒုတိယစစ်ခေါင်းဆောင် အဖမ်းဆီး နှိပ်စက်ခံရပြီး အသတ်ခံလိုက်ရပါတယ်။
 
ထွက်ပြေးကြပေမယ့်လည်း အများစုက မလွတ်ပါဘူး၊ ကတ်စထရိုတို့ ညီအစ်ကိုနှစ်ယောက်အပါအဝင် အရပ်သား တော်လှန်ရေးတပ်ရဲ့ အဓိကတော်လှန်ရေးခေါင်းဆောင်တွေ အဖမ်းဆီးခံလိုက်ရပါတယ်။ ဖီဒယ်ကတ်စထရိုကို ထောင် ၁၅ နှစ်၊ သူ့ညီ ရောကတ်စထရိုကို ထောင် ၁၃ နှစ် ချပြီး နယ်ထောင်တွေ ပြောင်းပစ်လိုက်ပါတယ်။ ၁၉၅၅ ခုနှစ်မှာတော့ အာဏာရှင်အစိုးရဟာ နိုင်ငံရေးဖိအားတွေကြောင့် ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးပါတယ်။ လွှတ်ပေးတဲ့ထဲမှာ ကတ်စထရိုတို့ ညီအစ်ကိုနဲ့ တော်လှန်ရေးသမားတွေလည်း ပြန်လွတ်လာပါတယ်။ ပြန်လွတ်လာကြတဲ့အခါမှာ အဖမ်းမခံ ရဘဲကျန်ခဲ့တဲ့ သူတို့ရဲဘော်တွေဟာ အိမ်နီးချင်း မက္ကစီကို နိုင်ငံဘက်ကို ခိုလှုံနေကြတာပါ။ ကတ်စထရိုတို့တတွေဟာ သူတို့ရဲဘော်တွေနဲ့ ပြန်ချိတ်၊ မက္ကစီကိုဘက်ကူးပြီး စစ်ပညာသင်၊ စစ်ရေးလေ့ကျင့်ကြပါတယ်။ အဲဒီ့ကာလအတွင်းမှာပဲ အားနက်စတို ချေဂွေဗားရားနဲ့ တွေ့ဆုံပြီး "ချေ" လည်း ကတ်စထရိုတို့အဖွဲ့ထဲ ပါလာတာပါ။

အဲဒီ့နောက် ကတ်စထရိုတို့ဟာ ၁၉၅၆၊ နိုဝင်ဘာလ ၂၅ ရက်နေ့မှာ ရွက်လှေနဲ့ မက္ကစီကိုကနေ ကျူးဘားကို ပြန်လာကြပြီး လက်နက်ကိုင်တော်လှန်ရေးကို ဆက်ဆင်နွှဲခဲ့ကြပါတယ်။ ၁၉၅၉၊ ဇန်နဝါရီ ၁ ရက်နေ့မှာ ကျူးဘားအာဏာရှင် ဘက်တစ္စတာအစိုးရကို အပြီးတိုင် ဖြိုချပြီး လက်နက်ကိုင်တော်လှန်ရေးအောင်ပွဲခံနိုင်ခဲ့ပါတယ်။

ကျူးဘားတော်လှန်ရေးက ပေးတဲ့သင်ခန်းစာ

ကျူးဘားတော်လှန်ရေး ဆင်နွှဲခဲ့တဲ့ ၁၉၅၂ ကနေ ၁၉၅၉ ခုနှစ်အတွင်းမှာ တော်လှန်ရေးသမားတွေ တဝက်လောက် အသတ်ခံရပြီး တော်လှန်ရေးခေါင်းဆောင်တွေ အဖမ်းခံခဲ့ရပါတယ်။ အဲဒီ့အခြေအနေကိုကြည့်ရင် တော်လှန်ရေးတရပ်လုံး ဘယ်လောက်ကျဆုံးစရာကောင်းသလဲဆိုတာ မြင်တွေ့ရမှာပါ။ ဒါပေမဲ့ ….. တော်လှန်ရေးတပ်သားတွေ ဖမ်းမိ၊ ခေါင်းဆောင်တွေ ဖမ်းမိ၊ လက်နက်တွေ ဖမ်းမိသွားပေမယ့် ကျူးဘားတော်လှန်ရေးဟာ မကျဆုံးသွားတဲ့အပြင် နောက်ဆုံး မှာ အောင်ပွဲတောင်ရသွားပါသေးတယ်။ ဘာကြောင့်လဲ။

ကျူးဘားအာဏာရှင်အစိုးရဟာ ကျူးဘားပြည်သူတွေရဲ့ တော်လှန်ရေးစိတ်ဓါတ်ကို သေနတ်နဲ့မပစ်နိုင်၊ တော်လှန် ရေးစိတ်ဓါတ်ကို ထောင်တွင်းအကျဉ်းချတာ မလုပ်နိုင်ခဲ့လို့ပါ။ လူတွေကို မိပေမယ့် တော်လှန်ရေး အတွေးအခေါ်ကို မိအောင် မဖမ်းနိုင်ခဲ့လို့ပါ။ တော်လှန်ရေးမှာ စိတ်ဓါတ်ကျချင်စရာကောင်းလောက်အောင် ဘယ်လောက်ပဲ ခေါင်းဆောင် တွေအဖမ်းခံရ၊ သေကြေကြ၊ လက်နက်တွေ ဆုံးရှုံးသွားကြပေမယ့် တော်လှန်တဲ့အတွေးအခေါ်နဲ့ စိတ်ဓါတ်တွေ မဆုံးရှုံး တဲ့အခါ တော်လှန်ရေးကို ဆက်လက်ဆင်နွှဲနိုင်ခဲ့ပါတယ်။

ဒါကြောင့် ကျူးဘားတော်လှန်ရေးကနေ ရတဲ့သင်ခန်းစာက ခေါင်းဆောင်တွေ၊ လူတွေ၊ လက်နက်တွေ ဘယ်လောက်ပဲ မိပါစေ၊ တော်လှန်တဲ့အတွေးအခေါ် မမိသွားဖို့ အရေးကြီးတယ်ဆိုတာပါဘဲ။

တော်လှန်တဲ့အတွေးအခေါ် မမိအောင် ကာကွယ်ရေး

ဒီနေ့ စစ်အာဏာရှင်စနစ်အောက်က တခုတည်းသော လွတ်မြောက်ရာလမ်းအဖြစ် လက်နက်ကိုင်လမ်းစဉ်ဟာ နွေဦးတော်လှန်ရေးရဲ့ အဓိကတိုက်ပွဲပုံသဏ္ဍာန်ဖြစ်တယ်ဆိုတာ လက်တွေ့အခြေအနေတွေက အဖြေထုတ်ပေးလိုက်ပါပြီ။ ဒါကို ပြည်သူလူထုကြီးတရပ်လုံးကလည်း သိရှိပြီးဖြစ်လို့၊ မျိုးဆက်အသီးသီးဟာ နွေဦးတော်လှန်ရေး လက်နက်ကိုင် လုပ်ငန်းလက်တွေ့ထဲမှာ ကာယကံ၊ ဝီစီကံ၊ မနောကံ ကံသုံးပါးစလုံးနဲ့ တတ်နိုင်တဲ့ပုံစံနဲ့ ပါဝင်နေကြ၊ ထောက်ခံ အားပေးနေကြပါတယ်။

ရန်သူ့ဘက်က လက်နက်ကိုင်တော်လှန်တဲ့အတွေးအခေါ် ကျဆုံးအောင် နည်းမျိုးစုံနဲ့ ပြန်လုပ်နေပါတယ်။ အဲသလို လုပ်နေတဲ့အထဲမှာ တော်လှန်ရေးကျဆုံးစေဖို့ အမြင်အယူအဆမျိုးစုံနဲ့လည်း ထိုးနှက်ပါတယ်။ လက်တွေ့ တော်လှန်ရေး ထဲမှာလည်း တော်လှန်တဲ့အတွေးအခေါ်ကို ထိခိုက်စေတဲ့၊ လမ်းကြောင်းလွဲသွားစေမယ့် အကြောင်းအရာတွေ ရှိနေပါတယ်။ အဲဒီ့အကြောင်းအရာတွေကို ကြည့်ရင် အခုလို တွေ့ရပါတယ်။

- ဒီလောက်ခိုင်မာတဲ့အဖွဲ့အစည်း(Institution) ဖြစ်တဲ့ စစ်တပ်ကို ဘာဖြစ်လို့ သွားတိုက်နေမှာလဲ။ သွား တိုက်ရင်လည်း ရှုံးမှာပဲ၊ ဘယ်တော့မှ မနိုင်နိုင်ဘူး။

- လက်နက်ကိုင်တော်လှန်ရေးနဲ့နိုင်လည်း အာဏာရှင်စနစ် ပြန်ဖြစ်မှာပဲ၊ ဒါကြောင့် အကြမ်းမဖက်နည်း(Non Violent Way)နဲ့ပဲ စစ်အာဏာရှင်စနစ်ကို တဖြည်းဖြည်း ဖယ်ရှားရမယ်။

- နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေးနည်းနဲ့ အဖြေရှာကြပါ။

- ဒေါ်အောင်ဆန်းစုကြည်ကို အာဏာပြန်အပ်လိုက်ရင် ပြဿနာအားလုံးပြေလည်သွားမယ်။

- ဒါဟာ အနီနဲ့အစိမ်း အာဏာလုတဲ့ပွဲမို့ ဝင်ပါစရာမလိုဘူး။

- စစ်တပ်က တစ်နှစ်အတွင်း ရွေးကောက်ပွဲပြန်လုပ်ပေးမယ်ပြောတယ်၊ စောင့်ကြည့်ပါဦးလား။

- လူတွေ၊ လက်နက်တွေ ဒီလောက်မိနေမှတော့ ဒီတော်လှန်ရေးကျဆုံးပါပြီ။

- ကိုယ့်အချင်းချင်း ကွဲနေမှတော့ ဒီတော်လှန်ရေးအောင်မြင်စရာ အကြောင်းမရှိတော့ဘူး။

- နိုင်ငံတကာအကူအညီဆိုတာလည်း ဟုတ်တိပတ်တိမရနိုင်မှတော့ ဘယ်လိုလုပ်အောင်မြင်မှာလဲ။

…… အစရှိလို့ အမြင်အယူအဆအမျိုးမျိုး၊ အသံအမျိုးမျိုး ရှိပါတယ်။ ဒီထက်မကလည်း ရှိနိုင်၊ ရှေ့မှာလည်း လက်နက်ကိုင် တော်လှန်ရေးလမ်းစဉ်ကို ထိခိုက်စေမယ့် အသံတွေ၊ အယူအဆတွေ ထပ်ပေါ်လာနိုင်ပါသေးတယ်။ ပေါ်လာတဲ့ အမြင်အ ယူအဆအသံတွေကို ဆန်းစစ်ရမှာက ဒီအယူအဆ၊ ဒီအသံဟာ စစ်အာဏာရှင်စနစ်အောက်က တခုတည်းသော လွတ် မြောက်လမ်းဖြစ်တဲ့ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို အနှောင့်အယှက်အဟန့်အတားဖြစ်စေသလား၊ လမ်းကြောင်း လွဲသွားစေသလားဆိုတာပါဘဲ။ အဲဒီလို အဟန့်အတားဖြစ်စေမယ့်၊ လမ်းကြောင်းလွဲသွားစေမယ့် အမြင်အယူအဆ၊ အသံ တွေဟာ တော်လှန်တဲ့အတွေးအခေါ်ကို အမိဖမ်းဖို့ကြိုးစားနေတာတွေလို့ သိမြင်ဖို့လိုပါတယ်။

ကျူးဘားတော်လှန်ရေးကရတဲ့သင်ခန်းစာ၊ မြန်မာပြည် ပြည်တွင်းစစ်တလျှောက်လုံး ရပ်တည်နေကြတဲ့ တော် လှန်ရေးလက်နက်ကိုင်အင်အားစုတွေရဲ့ သမိုင်းအတွေ့အကြုံတွေအရ လူတွေ၊ လက်နက်တွေ ဘယ်လောက်ဆုံးရှုံးပါစေ၊ တော်လှန်ရေးက ကျဆုံးသွားတယ်ဆိုတာ မရှိပါဘူး။ တော်လှန်တဲ့အတွေးအခေါ် လမ်းချော်သွားမှသာ တော်လှန်ရေးက ကျဆုံးနိုင်တာပါ။ (တကယ်တော့ လူသမိုင်းဖြစ်ပေါ်တိုးတက်မှု သဘောတရားအရကြည့်ရင် တော်လှန်ရေးဆိုတာ ဘယ်တော့မှ ကျဆုံးတယ်လို့မရှိပါဘူး၊ သီးခြားပြောရမှာမို့ ဒီမှာ အကျယ်ချဲ့မပြောတော့ပါ။)

တော်လှန်တဲ့အတွေးအခေါ် ရှင်သန်နေသမျှ လူတွေ၊ လက်နက်တွေဆိုတာ ထပ် ထပ် ပေါ်လာပါလိမ့်မယ်၊ အပင်ပြန်ပေါက်လာပါလိမ့်မယ်။ ဒါကြောင့် အရေးကြီးတာက တော်လှန်တဲ့အတွေးအခေါ်ကို ထိခိုက်စေမယ့် အမြင်အ ယူအဆ၊ အသံတွေကို သတိထား ခုခံ ကာကွယ်ဆန့်ကျင်ကြဖို့သာ လိုအပ်ကြောင်းပါ။ ။
အောင်သစ်
၉.၇.၂၀၂၁

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar