Breaking News

ဗေဒါညို - ကျွန်တော်တို့နိုင်ငံ ကျွန်တော်တို့လူမျိုး

ကျွန်တော်တို့နိုင်ငံ ကျွန်တော်တို့လူမျိုး
ဗေဒါညို 
(မိုးမခ) ဇူလိုင် ၁၈၊ ၂၀၂၁

မတ်(စ်)တပ်ပါ။ လက်ကိုဆပ်ပြာဖြင့်သေချာဆေးကြောပါ။ တဦးနှင့်တဦး ၆ ပေအကွာနေကြပါ။ လက်ဆွဲနှုတ်ဆက်ခြင်းမှရှောင်ပါ။ အပြင်ထွက်လျှင် လက်အိတ်ဝတ်ကြပါ။ ထိတွေ့ပြီးတိုင်းပိုးသတ်ဆေးဖြင့်ဖြန်းပါ။ အာဟာရပြည့်ပြည့်ဝဝစားပါ။ အိပ်ရေးဝဝအိပ်ပါ။
အထက်ဖော်ပြပါအချက်များဟာ ကိုဗစ်အန္တရာယ်မှကင်းဝေးစေဖို့ဆောင်ရန်ရှောင်ရန်သတိပေးနှိုးဆော်ချက်များဖြစ်ပါတယ်။ အဲဒီအချက် ၈ ချက်ကို တသွေမတိမ်းလိုက်နာနိုင်ကြရင် မြေကြီးလက်ခတ်မလွဲအိုကေပါပဲလို့တောင်ဆိုနိုင်ရဲ့။ ဒါပေတဲ့ ဘယ်နေရာမဆိုတိုးဝှေ့သွားလာတဲ့အကျင့်က ဖျောက်နိုင်ခဲလို့တဦးနဲ့တဦး ၆ ပေအကွာနေကြပါဆိုတဲ့သတိပေးချက်ကိုလိုက်နာဖို့ကတော့ ခပ်ခက်ခက်ပေါ့။ ဥပမာပြောရရင် ဆေးဆိုင်မှာစည်းကမ်းအတိုင်း ၆ ပေအကွာမှရပ်ပြီး ဆေးဝယ်ဖို့တန်းစီနေတဲ့အချိန်မှာ ကိုယ့်ရှေ့ကကြားဖြတ်ဝင်တဲ့ အမျိုးကောင်းသားသမီးတွေကလည်း ပေါပါဘိသနဲ့။

လက်ဆွဲနှုတ်ဆက်ခြင်းကိုရှောင်ရတာကတော့ မြန်မာ့ဓလေ့မဟုတ်လို့ လိုက်နာရတာမခဲယဥ်းပေမယ့် ခြေတို့လက်တို့နဲ့စကားပြောချင်တဲ့သူများအဖို့ တော့ခွကျကုန်တယ်။ သူတို့ကို ၆ ပေအကွာနော် စည်းကမ်းအတိုင်းမလိုက်နာရင် နှစ်ယောက်စလုံးမာလကီးယားဖြစ်ပြီး ၆ ပေကျင်းထဲရောက်သွားနိုင်တဲ့အကြောင်း ကြိုတင်သတိ ပေးထားမှတော်ရုံကျမယ်ဗျ။ ပြီးတော့ လက်ဆွဲနှုတ်ဆက်ရတာမျိုးမလုပ်ရဘဲမနေနိုင်ကြရင်လည်း တရုတ်သိုင်းကားတွေထဲကလို ညာလက်သီးကိုဆုပ်ပြီး အပေါ်ကဘယ်လက်ဖဝါးကိုအုပ်လို့ ဝေါ်မီတော်ဖော်နဲ့ အစားထိုးနိုင်ပါတယ်။ လိုရင်းက ကိုယ့်ရဲ့ခင်မင်မှုကိုဖော်ပြနှိုင်ဖို့ပဲပေါ့။
ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ၊ စောစောကသတိပေးတဲ့အချက်အားလုံးကို အတိအကျလိုက်နာနိုင်ကြရင် အကောင်းဆုံးဖြစ်ပါတယ်။ ကိုဗစ်ကိုစျေးဆစ်ဖို့တော့ စိတ်မကူးကြပါနဲ့။ သူကဘယ်သူ့ကိုမျှ ချမ်းသာမပေးပါ။ သတိတချက်လွတ်သွားတာနဲ့ အချိန်မရွေး ဝင်အုပ်သွားနိုင်ပါတယ်။

ဖေ့စ်ဘွတ်ကြည့်လိုက်တိုင်း တဖြုတ်ဖြုတ်ကြွေသွားရတဲ့နာရေးသတင်းတွေကြောင့် စိတ်ဆင်းရဲရပါတယ်ဗျာ။ သတင်းတပုဒ်ဖတ်ပြီးတိုင်း သက်ဆိုင်သူမိသားစုနဲ့အတူ ထပ်တူကြေကွဲရင်း လက်ကလည်း sad ဆိုတဲ့အမှတ် အသားနေရာကို နှိပ်မိရဲ့သားဖြစ်သွားပါတယ်။ အဲတော့ တနေ့တနေ့ sad အမှတ်အသားက Like တို့ Love တို့ကို ဖုံးလွှမ်းသွားတာမို့ ဒါမျိုးနဲ့ မြန်မြန်ကင်းဝေးပါရစေလို့ပဲ ဆုတောင်းနေမိပါတယ်။ သေခြင်းတရားက လက် တကမ်းအကွာအဝေးမှာတင်မဟုတ်တော့ဘဲ သူနဲ့သက်ရှိလူသားတွေရဲ့ကြားမှာ မဆလခေတ်တုန်းက ကုန်သွယ် ရေးကထုတ်တဲ့ဗလာစာအုပ်ထဲကစာရွက်ပါးပါးလေးတစ်ရွက်ပဲ ခြားထားတာမျိုးအထိ နီးကပ်နေတယ်လို့တောင်တွေးမိလိုက်တယ်။

ကျွန်တော်တော့သေခြင်းတရားအကြောင်းတွေးရင်း လွန်ခဲ့တဲ့ ၁၅ နှစ်က ကွယ်လွန်သွားခဲ့တဲ့အဖေ့ကို သတိရသွားမိပါတယ်။ အဖေကျန်းမာရေးအခြေအနေဆိုးလို့ အထူးကုဆေးတိုက်တတိုက်ကို တင်လိုက်ရတယ်။ အောက်ဆီဂျင်ပိုက်ရော အားဆေးပုလင်းချိတ်ထားတဲ့ပိုက်တွေရော ပိုက်တွေတန်းလန်းနဲ့အဖေ့ကိုကြည့်ရင်း စိတ်တွေပူပြီး ဘာလုပ်ရမှန်းမသိဖြစ်နေပါတယ်။ လေးငါးနာရီလောက်အကြာမှာ အဖေသတိရလာတယ်။ ပျာတောက်နေတဲ့ကျွန်တော့်ကိုကြည့်ရင်း မျက်စိနောက်နေဟန်တူပါရဲ့။ အိပ်ရာပေါ်မှာလှဲရင်း သူ့အနားလာဖို့ လက် ယပ်ခေါ်လိုက်ပါတယ်။
ပြီးမှ "ဟေ့ကောင် ပျာယာခတ်မနေနဲ့သေတာ ဘာမှမဆန်းဘူး၊ လက်ဖက်ရည်သွားဝယ်ချီ" လို့ပြောသဗျ။ လက်ဖက်ရည်က သူ့ရောဂါနဲ့တည့်မတည့်မသိ။ ပြန်မပြောရဲဘဲ လက်ဖက်ရည်ပြေးဝယ်ရတယ်။ လက်ဖက်ရည်သောက်ပြီးတဲ့အချိန် ဆရာစိုးဘားဒိုင်ရောက်လာတယ်။ ကိုစိုးဘားဒိုင်ကွမ်းယာပါသေးလားတဲ့။ အဲဒီနောက်ကိုစိုးဘားဒိုင်ဆီကကွမ်းယာဝါးပြီး တော်လကီပွားကြပါတော့တယ်။

အခုချိန်အဖေရှိခဲ့သေးရင် အဖေအပြင်မထွက်နဲ့ မာ့စ်တပ်ထားပေးပါလို့ပြောလည်း ရမယ်မထင်ပါ။ မင်းက ဘာဖြစ်နေရတာလဲလို့ ဟောက်ထည့်မှာသေချာပါတယ်။ ရှေးလူကြီးများ တော်တော်ပြောရခက်ပါတယ်။ ဒါပေသိ သေချာတွေးကြည့်လိုက်တော့ သူတို့ရဲ့စိတ်ဓာတ်မာကျောမှုကို အထင်းသားတွေ့မြင်လိုက်ရတယ်။ အဲဒါကြောင့် စိတ်ဓာတ်ကြံ့ခိုင်မှုက အရေးကြီးတယ်။ မတော်လို့ ကိုဗစ်ဖြစ်ပဟေ့ဆိုရင် အစား၊ အအိပ်၊ ဆေးဝါး၊ စိတ် ဓာတ်၊ အသက်ရှူလေ့ကျင့်ခန်း ဒီငါးခုနဲ့ ဖြတ်ကျော်ကြရတော့မှာပ။

စာပေမိတ်ဆွေတွေက cb ကတဆင့် ကျန်းမာရဲ့လားလို့မေးမြန်းကြပါတယ်။ ကျေးဇူးတင်တဲ့အကြောင်းပြောရင်း ကျန်းမာတဲ့အကြောင်းပြောလိုက်ရတယ်။
အမှန်တော့ ပွင့်ပွင့်လင်းလင်းဝန်ခံရရင် ဒီနေ့အချိန်အခါမှ ာအနာဂတ်အကြောင်းသိပ်မတွေးဘဲ တနေ့တာအတွက်ပဲ ခေါင်းထဲထည့်ထားနေရတာခင်ဗျ။ နေ့ရက်တရက်ကို ကျန်းမာပျော်ရွှင်စွာနဲ့ ဖြတ်သန်းနိုင်ရင်တော်ပြီပေါ့ဗျာ၊ ဘာတွေလောဘကြီးစရာလိုဦးမှာလဲ။။ ဆရာဗန်းမော်တင်အောင်က ကိုဌေးမြိုင်ရေ.. ရန်သူကသေစေချင်တဲ့အခါ မသေအောင်နေပေးရတာလည်း တိုက်ပွဲတခုဗျ ..လို့ ဆရာဒဂုန်တာရာကိုပြောခဲ့သလိုပေါ့။ ကျွန်တော်တို့မှာ ရန်သူကရှိနေတော့ နေ့စဥ်နေ့တိုင် းကိုယ့်အသက်ရှင်သန်ရေးအတွက် တိုက်ပွဲဝင်နေရကြရတာမဟုတ်ပါလား။

ကိုဗစ်ဒုတိယလှိုင်းမှာ ကျွန်တော်တို့အားလုံး စားရေးသောက်ရေးအပြင် အောက်ဆီဂျင်ကိစ္စပါ ရင်ဆိုင်နေရတယ်။ အောက်ဆီဂျင်မရလို့သေဆုံးရတဲ့သတင်းတွေကြားရတိုင်း ရင်နာရပါတယ်ဗျာ။ သူငယ်ချင်းတယောက်နဲ့တယ်လီဖုန်းပြောကြရင်း သူက ကမ္ဘာဦးလူသားတွေက ငါတို့ထက်ကံကောင်းပါတယ်ကွာ၊ သူတို့ကနေနဲ့လကိုသာ တမ်းတနေရတာ။ ငါတို့မှာဖြင့် အောက်ဆီဂျင်ပါတမ်းတနေရတာဟ ..တဲ့။ သူပြောတာ ဟုတ်တုတ်တုတ်လို့ဆိုရတော့မယ်။ အခုချိန်မှာ ရွှေကိုမလို ငွေကိုမလို အောက်ဆီဂျင်သာလိုသည်ပေါ့။ ဒီတော့ တိုင်းပြည်အတွက် ဘယ့်နှယ်လုပ်မဟဲ့ ဘာဟဲ့ညာဟဲ့ ပြောနေပေမယ့်ပြောစကားတွေက လက်တွေ့နဲ့မနီးစပ်ရင် အောက်ဆီဂျင်မပါတဲ့လေတွေချည်း လွှတ်နေသလားလို့တောင် တွေးလိုက်မိတယ်။

အောက်ဆီဂျင်အခက်အခဲဖြစ်တော့တတ်နိုင်သူတွေရဲ့ စုပေါင်းလှူဒါန်းငွေနဲ့ အောက်ဆီဂျင်ထုတ်မယ့်စက်ရုံတွေ ဆောက်နိုင်အောင်ကြိုးစားနေကြတယ်။
ရန်ကုန်မှာဆိုရင် စုပေါင်းလှူဒါန်းမှုဖြင့် လွန်ခဲ့တဲ့ ၅ ရက်ကမှာယူထားတဲ့ အောက်ဆီဂျင် 18800 kg ပါတဲ့မော် တော်ကားကြီးက မြောက်ဥက္ကလာဆေးရုံကြီးကိုရောက်လာတဲ့သတင်းကောင်းကို ကြားလိုက်ရတယ်။ အောက်ဆီဂျင်တန် ၂၀ ပါ Tank တစ်လုံးကို ရန်ကုန်အရောက် သိန်း ၁၅၀ ကျော်ကုန်ကျပြီး အလှူရှင်များကTank ပေါင်း ၄၀ ကျော် မှာထားသတဲ့။
မန္တလေးမှာလည်း တရုတ်နိုင်ငံမှဝယ်ယူတင်သွင်းထားတဲ့ အောက်ဆီဂျင်အရည် တန် ၃ ထောင်(၄၀ လီတာအိုး ၇၅၀၀၀)ပါဝင်တဲ့ Liquit oxygen Bowser ကားတွေ ဒီနေ့ရောက်တော့မှာပါတဲ့။ အဲဒီအောက်ဆီဂျင်အရည်တွေကို မန္တလေးမြို့မိမြို့ဖများနှင့် စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်ဖွဲ့စည်းထားတဲ့ပြည်သူ့ကျန်းမာရေးနှင့်မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြု ရန်ပုံငွေရှာဖွေရေးကော်မတီက လှူဒါန်းတာပါတဲ့။ ကျွန်တော်ဖြင့်ရန်ကုန်ရော
မန္တလေးရော တခြားမြို့တွေရော ဒီလိုသတင်းတွေကြားရရင် ကျေးဇူးတင်ရင်း ကြည်နူးပီတိနဲ့ သာဓုခေါ်ရပါတယ်။

ဝေဒနာရှင်များအတွက်လည်း မျှော်လင့်ချက်ရောင်ခြည် သန်းလာခဲ့ရပါပြီ။ ဘယ်ကိစ္စမဆို ကျေးဇူးတင်ထိုက်သူမှန်သမျှ ကျေးဇူးတင်ကြရတယ်။ ကျန်းမာချမ်းသာကြပါစေလို့ မေတ္တာပို့သရပါတယ်။ ဒီနေရာမှာ တာဝန်ပျက် ကွက်သူတွေကိုတော့ သူရို့ကျေးဇူးက အောက်ဆီဂျင်တငွေ့ကလေးမျှတောင်ရှူစရာမရှိလို့ ဘာမျှပြောစရာလိုတော့မည်မထင်ပါ။

အမှန်တော့ ကိုဗစ်အန္တရာယ်က ဒီလောက်ကြီးအထိဖြစ်လာစရာအကြောင်းမရှိဘူးဗျ။ နို့ပေမယ့်ဖေဖေါ်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းလိုက်ကတည်းက အကုန်လုံး ကိုယ်ကျိုးနည်းကုန်ကြရတော့တာပါပဲ။
အခုတော့ ကိုဗစ်ရော လက်နက်ကိုင်တိုက်ပွဲတွေရောဆိုတော့ ကျွန်တော်တို့နိုင်ငံခမျာ အညာက အထက်မီးအောက်မီးမုန့်လိုပဲ တိုက်ပွဲတွေနဲ့ ကိုဗစ်ဆိုတဲ့မီးနှစ်မီးကြားမှာ အလူးအလဲပေါ့။ အထက်မီးအောက်မီးမုန့်က မီးကြောင့် ပူနွေးပျော့အိသွားပေမယ့် ကျွန်တော်တို့လူမျိုးရဲ့စိတ်ဓာတ်ကတော့ မီးပြင်းပြင်းနဲ့တွေ့တဲ့သံလိုပဲ ပိုပြီးမာကျောလာမှာကို ယုံကြည်နေမိတယ်။

ကျွန်တော်တို့လူမျိုးဆိုတာက မြန်မာတင်မဟုတ်ပါ။ မြန်မာနိုင်ငံအတွင်းမှာ ရှမ်း၊ ကချင်၊ ကရင်၊ ကယား၊ မွန်၊ ရခိုင် ...စသဖြင့် မှီတင်းနေထိုင်ကြတဲ့တိုင်းရင်းသားအားလုံးကို ဆိုလိုပါတယ်။ မြန်မာနိုင်ငံရဲ့သမိုင်းကြောင်းကိုပြန်ကြည့်လိုက်ရင် နိုင်ငံရယ်လို့ပေါ်ထွန်းလာခဲ့တဲ့အချိန်ကစပြီး ၁၈ ရာစုကုန်ခါနီးအထိ ပဒေသရာဇ်စနစ်အောက်မှာ နေခဲ့ရတယ်။ အဲဒီနောက် အင်္ဂလိပ်အောက်မှာ(အောက်မြန်မာနိုင်ငံပါထည့်တွက်လိုက်ရင်) နှစ်ပေါင်း ၁၀၀ လောက်ရောက်သွားပြန်တယ်။ ပြီးတော့ ဂျပန်အုပ်ချုပ်တာ ၃ နှစ်ခံရပြန်တယ်။ ကျွန်ဇာတာပါနေလို့ ခံရတာတောင် အဆစ်ထပ်ထည့်ပေးလိုက်ရသလားမပြောတတ်ပါဘူး။ လွတ်လပ်ရေးရတော့လည်း ကောင်းကောင်းနေရတယ်လို့ကို မရှိပါဘူးဗျာ။ ပြည်တွင်းစစ်နဲ့ဆော်ကြနှက်ကြတော့ ပြေးရလွှားရပေါ့။ အဲဒီနောက်တော့ သိကြတဲ့အတိုင်းပါပဲ။ ဒီကြားထဲ လူမျိုးရေး ဘာသာရေး တို့မီးရှို့မီးတွေကလည်း တမှောင့်။

ဒီတော့ကျွန်တော်တို့ရဲ့အခြေအနေက "နင့်မေလွှားမှပဲ ဗိုလ်အောင်ဒင်ဇာတ်ကားထဲက ဒုက္ခပါပဲသုခရာ"လို့ ဗိုလ်အောင်ဒင်ပြောသလိုဖြစ်နေပဟလို့တောင်ညည်းလိုက်ချင်မိပေတယ်။ သို့ပေမယ့် ဒီနေ့အချိန်မှာ ကမ္ဘာမှာဘယ်နိုင်ငံဆီကမှအကူအညီမရ ဖြစ်သမျှဒဏ်ကိုလှိမ့်ပိန့်ခံပြီးကြံ့ကြံ့ခံနိုင်တဲ့လူမျိုး ဘယ်မှာရှိလဲဆိုပြီး ရင်ကော့ချင်လိုက်မိပါတယ်။ ခေတ်အဆက်ဆက်မှာ အီစလံဝေအောင်ခံခဲ့ကြရတာမို့ ဒီလောက်လေးတော့ အပျော့လို့တွေးမှဖြစ်မယ်ဗျ။စိတ်ဓာတ်ကျစရာလည်းမလိုပါ။ ပန်းတိုင်ရောက်တဲ့အထိအောင် မောင်းတောင့်ထားလို့ဟစ်ကြွေးလိုက်ပါတယ်။

အားလုံးညီညွတ်ကြရင် ကိစ္စရပ်တိုင်း မြန်မြန်ဆန်ဆန်နဲ့ပြီးစီးမှာဖြစ်ပါတယ်။ သွားတဲ့လမ်းမတူလည်း အရေးမကြီးပါ။ ဦးတည်တဲ့ပန်းတိုင်တူဖို့ပဲလိုပါတယ်။ တခုတော့ရှိသပေါ့ဗျာ၊ ရှေ့ခရီးကိုချီတက်ရာမှာ ဆရာကြီးဦးဘဂျမ်းရဲ့ကာတွန်းထဲကလို နေမြဲတွေနဲ့တော့ အတူသွားလို့မရဘူးပေါ့။ သူတို့ကြောင့်ကျွန်တော်တို့နိုင်ငံခမျာ မွဲဆေးဖော်မိတာ အချိန်ကာလအားဖြင့် ဘယ်လောက်တောင်ရှိနေပြီလဲ။ အာဇာနည်နေ့နီးကပ်လာလို့ အခုထက်ထိ မရိုးနိုင်သေးတဲ့ဆရာကြီးဦးဘဂျမ်းရဲ့ကာတွန်းကို လက်ဆင့်ကမ်းလိုက်ရပါတယ်။

(အားလုံးဘေးရန်ခပ်သိမ်းရောဂါခပ်သိမ်းကင်းငြိမ်းကြပါစေ။)

ဤတွင်ကားလိပ်ချ

ဗေဒါညို 
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar