Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၅ လ ၁၆ ရက် မြောက်နေ့ မြင်ကွင်း

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၅ လ ၁၆ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) ဇူလိုင် ၁၆၊ ၂၀၂၁

အီတလီ၊ ဘရာဇီးလ်၊ အမေရိကန်နဲ့ အိန္ဒိယ လို ဖြစ်လာတဲ့ မြန်မာနိုင်ငံ

နံနက်ခင်းစောစောကတည်းက စူပါမားကက်မှာ ဝိရိယကောင်းကောင်းနဲ့ စျေးဝယ်သူတွေ ရှိနေတာတွေ့ရပါတယ်။ စီးတီးမတ် လိုမျိုးမှာ ဝယ်နိုင်ပြုနိုင်တဲ့သူတွေဆိုတော့ စားဖို့ သောက်ဖို့ အတွက် ငွေကြေး ချွေတာ သုံးစွဲနေရတဲ့ အလွှာတော့မဟုတ်ကြပါ။ အသားကောင်တာရှေ့မှာ လူစည်ကားနေပြီး ကြက်သား၊ ကြက် အသားတွေထုတ်ထားတဲ့ အရိုးချည်းသက်သက်၊ ဝက်သား စတာတွေကို တရက်နှစ်ရက်စာမက တပတ် ၂ ပတ်စာလောက်ရည်ရွယ်ပြီး ဝယ်နေကြတာတွေ့ရပါတယ်။ ကြက်စွပ်ပြုတ် ပြုတ်ဖို့ရာ အသားနွှင်ထားတဲ့ အရိုးတွေ ပိသာလိုက်ဝယ်နေတာမျိုးလည်း တွေ့ရပါတယ်။ ကြက်ဥတွေ ထားလေ့ရှိတဲ့ စင်မှာတော့ ကြက်ဥတွေ မဖြည့်နိုင်တော့၊ ဟောင်းလောင်း ချည်းဖြစ်နေတာ တွေ့ရပါတယ်။

တချို့ကတော့ ဘရန်း ကြက်ပေါင်းရည် ဂျပ်ဖာပါကင် ၂ပုံးလောက်ကို တွန်းလှည်းပေါ်တင်ပြီး ဝယ်တာမျိုးလည်းတွေ့ရပါတယ်။ အစားအသောက် မုန့် နဲ့ အသားငါး အားဖြည့်စာ ပစ္စည်းတွေ တွန်းလှည်းနဲ့ အပြည့်နီးနီး ဝယ်ကြသူက အများစုဖြစ်တာတွေ့ရပါတယ်။

စီးတီးမတ်ထဲက ဆေးဆိုင်မှာလည်း ဆေးပစ္စည်းဝယ်သူ စည်ကားနေပေမယ့် အများစု ဝယ်လေ့ရှိတဲ့ ဝမ်းသွားရင် သောက်လေ့ရှိတဲ့ ဓါတ်ဆားအားဖြည့်ထုတ်၊ အင်နာဗွန်စီလို အားဆေး၊ စီဗစ်လို ကိုယ်ခံအားကောင်းစေတဲ့ ဗီတာမင်၊ သွေးပေါင်ချိန်တိုင်းတဲ့ ကိရိယာ၊ အဖျားတိုင်း ပြဒါးတိုင် လိုပစ္စည်းတွေကို မေးလိုက်တဲ့အခါ ပစ္စည်းပြတ်နေတယ်ဆိုတဲ့ အဖြေပဲ ရပါတယ်။

စီးတီးမတ်ဆေးဆိုင် အပြင် အခြားပြင်ပက ဆေးဆိုင် ၂ ဆိုင် ၃ ဆိုင်လောက်မှာ မေးကြည့်တဲ့အခါမှာလည်း အဆိုပါ အမျိုးအမည်တွေက ပစ္စည်းပြတ်တယ်ဆိုတာမျိုးပဲ တညီတညာထည်း ဖြေကြပါတယ်။

အိမ်အပြန် လမ်းထဲဝင်လာတဲ့အခါမှာလည်း ရပ်ကွက်ထဲ ဖွင့်တဲ့ ပုဂ္ဂလိကဆေးခန်း ရှေ့မှာနံနက်မိုးလင်းကတည်းက တက်စီတွေ အိမ်စီးကားတွေနဲ့ ဆေးခန်းပြမယ့်သူတွေ အများအပြား စောင့်နေကြတာတွေ့ရပါတယ်။ ခုချိန်မှာ ဖွင့်တဲ့ ပုဂ္ဂလိကဆေးခန်းတွေ နည်းသွားတာက တကြောင်း ဖျားတဲ့ လူနာက များလာတာကတကြောင်းကြောင့် ဆေးခန်းတွေမှာ တနေ့လုံး မိုးလင်းကနေ မိုးချုပ်၇ နာရီ ၈နာရီနီးပါးတဲ့ စည်ကားနေတဲ့ မြင်ကွင်းတွေ တွေ့နေရပါတယ်။ အချို့လာပြသူတွေက အောက်စီဂျင်အိုးပါ ကားပေါ်မှာ တင်လာတာလည်း တွေ့ရပါတယ်။

အရင်နှစ် ပထမနဲ့ ဒုတိယလှိုင်းမှာတုန်းကတော့ မြို့နယ်အလိုက် ဖွင့်တဲ့ အဖျားသီးသန့် ကြည့်ရှုတဲ့ Fever Clinic တွေမှာ လူစည်ကားလေ့ရှိပြီး ပုဂ္ဂလိက ဆေးခန်းတွေကို သိပ်လာလေ့မရှိပေမယ့် ခု တတိယလှိုင်းမှာ နိုင်ငံရေးအကြပ်အတည်း ဆိုက်နေချိန် မြို့နယ်အလိုက်ဆေးခန်းတွေ၊ ကိုဗစ်စစ်ပေးတဲ့ စင်တာတွေ နည်းပါးတာ မရှိတာကြောင့် အခုလို ပုဂ္ဂလိကဆေးခန်းတွေမှာ ပြ မိမိအိမ်မှာ ပြန်နေကြရာသူက များလာပါတယ်။

ကိုဗစ်ကူးစက်ခံရတိုင်း ဆေးရုံသွားစရာမလိုပေမယ့်လည်း ခုမြန်မာနိုင်ငံမှာ ဖြစ်နေတဲ့အခြေအနေက အများစုသော ကိုဗစ်လူနာတွေအဖို့ ဆေးရုံတက်ခွင့်ရဖို့က မသေချာ ၊ လက်ခံနိုင်စွမ်းမရှိတာကြောင့် ဆေးခန်းပြ၊ မိမိအိမ်မှာနေပြီး ကိုဗစ်ကို အံတုနေကြရတဲ့ အခြေအနေ ဖြစ်နေပါပြီ။ အရင်နှစ်တုန်းကတော့ ကိုဗစ်ပေါ့ဇတစ်လို့ သိလိုက်ရင်ပဲ အိမ်မှာနေပြီး ကုချင်ပါတယ်ဆိုခဲ့ရင်တောင် ခွင့်မပြုပဲ ကွာရင်တိုင်းစင်တာတော့ ၂ပတ် ၊ ၁၁ ရက် အနည်းဆုံးဝင်ကြရတာမျိုး ဖြစ်ပေမယ့် ခုနှစ်မှာတော့ ကျန်းမာရေး စနစ်က ပြိုလဲသလိုဖြစ်နေပြီမို့ မိမိကျန်းမာရေး မိမိဘာသာ ကုသစောင့်ရှောက်ရမယ့် အခြေအနေဖြစ်နေပါပြီ။

ယနေ့ နာရေးကူညီသူ ပရဟိတသမားတဦး တင်ထားတဲ့ ဗီဒီယိုမှာ ဒဂုံအရှေ့ မြို့နယ်ထဲက ရပ်ကွက်ထဲက အိမ်တအိမ်မှာ အဖေနဲ့ သား ၂ ဦးစလုံး ကိုဗစ်နဲ့ ကွယ်လွန်နေကြတာကို ရပ်ကွက်က သိပြီး အကူအညီတောင်းတာကြောင့် အိမ်ထဲတံခါး ဖျက်ဝင်ပြီး ကုလားထိုင်မှာ သေဆုံးနေတဲ့ သားဖြစ်သူ နဲ့ ကုတင်ပေါ်မှာ သေဆုံးနေတဲ့ အဖေဖြစ်သူကို သယ်ယူပြီးသုဿန်မှာ သဂြိုဟ်ပေးရတဲ့ အဖြစ်ပါ။ ဆွေမျိုးသားချင်းတွေ မသိခင် မကူညီနိုင်ခင်မှာပဲ ကိုဗစ်နဲ့ သားအဖ နှစ်ဦးစလုံး ရှေ့ဆင့်နောက်ဆင့် သေဆုံးခဲ့ရတဲ့ အဖြစ်မျိုး ကြုံရလိမ့်မယ်လို့ ဘယ်သူမှ မျှော်လင့်ထားမှာမဟုတ်ပါဘူး။

အဆိုပါ ပရဟိတ သမားတင်ထားတဲ့ အခြားဗီဒီယိုတွေကို ကြည့်တဲ့အခါ ကွယ်လွန်သူတွေ ရဲ့ ရုပ်အလောင်းတွေကို နေ့ချင်းသဂြိုဟ်ဖို့ နာရေးကူညီမှု အသင်းတွေက သယ်ယူသဂြိုဟ်ပေးတဲ့အခါ အချို့သေဆုံးသူရဲ့ မိသားစုတွေ အဖို့ သုဿန်ကိုတောင် လိုက်ပြီး သဂြိုဟ်ခြင်းမပြုနိုင်တဲ့ အခြေအနေမျိုးတွေလည်း ဝမ်းနည်းဖွင့်ကြုံကြရတာတွေ ကြားသိရပါတယ်။

မနှစ်က ကိုဗစ်ကူးစက်မှုရဲ့ ပထမဆုံး ဆိုးရွားတဲ့ထိုးနှက်ချက်ကို ခံရတဲ့ အီတလီနိုင်ငံ လွန်ဘာဒီဒေသက မြင်ကွင်းတချို့ကို သတင်းတွေကြည့်ခဲ့ရဖူးပါတယ်။ ညဘက် လူခြေတိတ်ချိန်မှ သေဆုံးသူတွေ ရဲ့ အလောင်းတွေ ကို စစ်တပ်က ကားတွေနဲ့ တန်းစီသယ်ယူပြီး သဂြိုဟ်ကြရတဲ့ မြင်ကွင်းဖြစ်ပါတယ်။ ဘယ်မိသားစုဝင်မှ လိုက်ပို့ခွင့်မရှိ လိုက်မပို့နိုင်တဲ့ အခြေအနေမှာ သေဆုံးသွားသူတွေရဲ့ နောက်ဆုံးခရီးမှာ ချစ်ခင်တဲ့ မိသားစုဝင်တွေတောင် လိုက်မပို့ရတဲ့ အဖြစ်မျိုး ၊ သူတို့ရဲ့ နောက်ဆုံးသော နာရီ မိနစ်တွေမှာ မိသားစုဝင်တွေ ပြုစုခွင့်မရှိ၊ ဖုန်းနဲ့ ဗီဒီယိုနဲ့ ကျန်းမာရေးဝန်ထမ်းတွေက ပြသရ စကားပြောကြရတဲ့အဖြစ်မျိုး ခုတော့ မြန်မာနိုင်ငံမှာ ကြုံတွေ့နေရပါပြီ။ မြန်မာနိုင်ငံမှာတော့ ဆေးရုံတက်ခွင့် ရဖို့မလွယ်ကူတော့တာမို့ မိမိနေအိမ်မှာ နေထိုင်ရင်းနဲ့ အသက်ဆုံးရှုံးကြရတာပါ။ သို့ပေမယ့် မိသားစုဝင်တဦးကွယ်လွန်ချိန်မှာ ကျန်တဲ့ မိသားစုဝင်တွေပါ ရောဂါဒဏ်ခံစားနေကြရတာမို့ မိသားစုရဲ့ နောက်ဆုံးခရီးကို လိုက်မပို့နိုင်တော့တဲ့ သူတွေလည်း အများကြီး ရှိနေတာ ဒီနေ့ ကြည့်ရတဲ့ ဗီဒီယိုကို ကြည့်ရင်း နားလည်မိပါတယ်။

ကပ်ဘေးလို့ ပြောရင် နိုင်ငံရေးအရ စီမခံခန့်ခွဲမှု က တွဲလျက်ပါလာစမြဲဖြစ်ပါတယ်။ ခုကပ်ဘေးကို ၂၀၀၈ နာဂစ်နဲ့လည်း နှိုင်းယှဥ်ပြောဆိုကြပါတယ်။ နာဂစ်ဒဏ်ခံစားရစဥ် စစ်အစိုးရ အုပ်ချုပ်ပြီး နိုင်ငံတကာအကူအညီကို မတောင်းခံ၊ အချို့သောအစိုးရတွေရဲ့ ကူညီမှုကို လက်မခံခဲ့တဲ့ သာဓကတွေက သမိုင်းမှာ အမည်းစက်အဖြစ်ကျန်ရစ်ခဲ့ပါတယ်။ လူပေါင်း ၁သိန်း ၃ သောင်းကျော် သေဆုံး/ ပျောက်ဆုံးခဲ့တဲ့ အဖြစ်အပျက်ကို အစိုးရရဲ့ ကူညီမှုထက် လူထုက လူထုအချင်းချင်းကူညီမှုနဲ့ ကျော်လွှား ဖြတ်သန်းခဲ့ကြတာပါ။ ၂၀၀၈ ခု နာဂစ်နောက်ပိုင်း နာဂစ်ကူညီရေးကို အကြောင်းခံပြီး ပရဟိတ အသင်းတွေ ကူညီရေးတွေ အဖွဲ့အစည်းတွေ စတင်လာတယ်လို့ ပြောရင်မမှားပါဘူး။ အခု ကိုဗစ်အရေးကူညီနေကြတဲ့ ပရဟိတ အသင်းအတွေ ထဲက အများအပြားဟာ နာဂစ်မှာ အစပြု ပေါ်ပေါက်လာခဲ့ကြတာဖြစ်ပါတယ်။

ခု ကိုဗစ်ကို လက်ရှိ အာဏာချုပ်ကိုင်ဖို့ ကြိုးစားနေတဲ့ စစ်ကောင်စီက စီမံခန့်ခွဲတာဟာ အလုပ်မဖြစ်ဘူး၊ ထိရောက်မှုမရှိဘူးဆိုတာက အငြင်းပွားဖွယ်မရှိတဲ့ ကောက်ချက်ဖြစ်ပါတယ်။ လက်ရှိ ပြိုကျလုဖြစ်နေတဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို စစ်ကောင်စီက စီဒီအမ်ရဲ့ အကျိုးဆက်လို့ အပြစ်ပုံချပြီး ထိထိရောက်ရောက် ဘာမှ မလုပ်တာလည်း တွေ့ရပါတယ်။

ကိုဗစ်ဒဏ်ခံစားရတဲ့ လူထုအဖို့ ကူရာကယ်ရာမဲ့ အခြေအနေ ဖြစ်နေတာကို အောက်စီဂျင် ဗူးရဖို့ ဖြည့်တင်းဖို့ ကိစ္စတွေကို ကြည့်ရင် သိသာထင်ရှားပါတယ်။ ဆေးရုံတက်ဖို့ မလွယ်ကူတာ၊ ဆေးရုံတွေက လက်မခံနိုင်တာ ကြောင့် ကူးစက်ခံရသူ နာမကျန်း လက္ခဏာ နဲ့ အောက်စီဂျင်လိုအပ်သူတွေက ပရဟိတ အသင်းတွေ၊ ကိုယ်ထူကိုယ်ထ ထူထောင်ကြတဲ့ အောက်စီဂျင် ပလန့်တွေကို အားကိုးနေကြရပြီး ကူးစက်မှု နှုန်းမြင့်မားပြီး တပြိုင်နက်ထဲ ဖြစ်ပွားနေတာကြောင့် ကလေး၊ မန်းလေး၊ ရန်ကုန်၊ ပုသိမ်တို့မှာ အောက်စီဂျင် ရဖို့ အတွက်လူတွေရဲ့ အရင်းအမြစ်တွေ အများအပြားသုံးစွဲနေကြရ အောက်စီဂျင်ပြတ်ရင်း နေအိမ်မှာ သေဆုံးကြရတာတွေက နိုင်ငံရေးအရ စီမံခန့်ခွဲမှု အလွဲအမှားတွေရဲ့ အကျိုးဆက်လို့ပဲ ကောက်ချက်ချရမှာ ဖြစ်ပါတယ်။

လောလောဆယ် လူထုရဲ့ ကောက်ရိုးတမျှင်ကတော့ လူထုအချင်းချင်းကူညီ ယိုင်းပင်းမှုပဲ ဖြစ်ပါတယ်။ အများစုက ကူညီယိုင်းပင်းလိုတဲ့ ဆန္ဒအပြည့်အဝရှိကြပေမယ့်လည်း ဆေးဝါး ကျန်းမာရေး အဆောက်အဦ စတဲ့အရင်းအမြစ်တွေက လူထုလက်ထဲရှိမနေကြတာက အဓိက စိမ်ခေါ်ချက်ဖြစ်နေပြန်ပါတယ်။

မည်သို့ပင်ဖြစ်စေ လူထုအတွက် လူထုသာလျင် ကိုယ့်အားကိုယ် အားကိုးရာ ကိုယ်ထူမှ ကိုယ်ထရတဲ့ အခြေအနေဖြစ်နေပါတယ်။ သည်အချိန်မှာ ကုသနည်းတခုကတော့ ရုပ်ပိုင်းဆိုင်ရာအပြင် စိတ်ပိုင်းဆိုင်ရာ ကုသနည်းတွေလဲ အရေးပါ ပါတယ်။ မိမိတို့ မိသားစုဝင်တွေအချင်းချင်း ဖေးမပါ။ မိမိပတ်ဝန်းကျင် မိတ်ဆွေ ဆွေမျိုးအသိုင်းအဝိုင်းကို အသိပေး အကြောင်းကြား အကူအညီတောင်းပါ။ မိမိမိတ်ဆွေ အသိုင်းအဝိုင်းဆွေမျိုး မိသားစုများကို ဆက်သွယ် သတင်းမေးပါ။ အကူအညီပေးကြပါ။ မိမိတစုတဖွဲ့တည်း သည်ကပ်ဆိုးတိုက်ခိုက်မှုကို ကိုယ့်ဖာသာကိုယ် သိးခြား ရင်ဆိုင်ဖြေရှင်းမယ်ချည်း မစဉ်းစားထားပါနဲ့။ ရုပ်ပိုင်းဆိုင်ရာအကူအညီအတွက်က သူများတွေထံ ပွင့်ပွင့်လင်းလင်း အကူအညီတောင်းပါ။ လက်ဆင့်ကမ်း သတင်းစကားမျှဝေကြပါ။ စိတ်ပိုင်းဆိုင်ရာအတွက်ကတော့ မိမိတို့ အသိုင်းအဝိုင်း ပတ်ဝန်းကျင်နဲ့ အားပေးစကား နှီးနှောစကား သတင်းစကား ပြောဆိုဆွေးနွေး တိုင်ပင်အားပေးမှု အဆက်မပြတ်လုပ်ကြပါ။ ဝေဒနာသည်ဟာ တဦးတည်း အထီးကျန်မဟုတ်ပါ။ တတိုင်းပြည်လုံး ဝေဒနာသည်တွေချည်း ယိုင်းပင်းကူညီ ကပ်ဆိုးကို ကျော်ဖြတ်ကြရပါမည်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar