Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၅ လ ၈ ရက် မြောက်နေ့ မြင်ကွင်း



မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၅ လ ၈ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) ဇူလိုင် ၈၊ ၂၀၂၁

နိုင်ငံရေးနဲ့ ကျန်းမာရေး ကူးစက်ကပ်ရောဂါဘေး

နိုင်ငံရေးနဲ့ ကျန်းမာရေးက ခွဲခြားလို့မရပါဘူး။ နိုင်ငံရေးဟာ ကျန်တဲ့အရာတွေကို စီမံခန့်ခွဲခွင့် အာဏာဖြစ်တာမို့ အခြားသော အရေးကိစ္စတွေဖြစ်တဲ့ စီးပွားရေး၊ ကျန်းမာရေး ၊ ပညာေရး နဲ့ လူမှုရေး ကိစ္စတွေမှာလည်း နိုင်ငံရေး အာဏာက အခရာကျပါတယ်။

ခုမြန်မာနိုင်ငံရင်ဆိုင်နေရတဲ့ ပြဿနာက နိုင်ငံရေး အကြပ်အတည်းအမြင့်မားဆုံးကာလမှာ ကိုဗစ်ကူးစက်မှုက တကျော့ပြန်မြင့်တက်လာပြီး ခုတကြိမ် မြင့်တက်မှုက မနှစ်က စက်တင်ဘာ အောက်တိုဘာ ကူးစက်မှုထက် ကူးစက်နှုန်းများပြားတဲ့ လက္ခဏာတွေ တွေ့နေရတာဖြစ်ပါတယ်။

နေ့စဥ် ပေါ့ဇတစ်လူနာတွေ့ရှိမှုတွေက တထောင်ကနေ ၂ ရက် ၃ ရက်အတွင်း နှစ်ထောင်ကိုရောက်သွားရာက နောက်ရက်ပိုင်းအတွင်း ၃ ထောင်၊ ယနေ့ညဆို ၄ ထောင်ကို ကျော်သွားတာမို့ ဒီကိန်းဂဏန်းတွေအရ ကူးစက်မှုက အရှိန်မြန်ဆန်စွာ ဖြစ်ပွားနေတယ်ဆိုတာ မှန်းဆသိနိုင်ပါတယ်။

ဒီနေရာမှာ စစ်ကောင်စီရဲ့ စစ်ဆေးမှုတွေ ကိန်းဂဏန်းတွေဟာ တိကျမှုမရှိဘူးလို့ ဆိုတာတွေရှိပါတယ်။ ဟုတ်ပါတယ် … စစ်ကောင်စီက ကျန်းမာရေးဝန်ထမ်းတွေကို အလုပ်မှ ထုတ်ပယ်လိုက်တာ၊ ကျွမ်းကျင်သူတွေမရှိတာ စောင့်ရှောက်မှုစနစ်က သွက်ချာပါဒလိုက်နေတာ အမှန်ပါပဲ။ သို့ပေမယ့် ဒီကိန်းဂဏန်းတွေက အပြင်မှာဖြစ်နေတဲ့ အခြေအနေတွေနဲ့ လိုက်လျောညီထွေ ဖြစ်နေတာကြောင့် အမှန်တကယ်တိကျတဲ့ ကူးစက်မှု ကိန်းဂဏန်းဆိုခဲ့ရင် ခုထက်များနိုင်စရာအကြောင်း ရှိပါသေးတယ်။

အောက်စီဂျင်ဗူးတွေ ဖြည့်ပေးတဲ့နေရာတွေမှာ တန်းစီနေတာ ၊ အဖျားကု ဆေးခန်းတွေမှာ လူတွေတန်းစီနေတာ၊ သေဆုံးမှု ကိန်းဂဏန်းတွေကို ကြည့်မယ်ဆိုရင် ကိုဗစ်ကူးစက်မှုက တကယ့်ကို မြန်မြန်ဆန်ဆန် ကိုင်တွယ်ဖြေရှင်းရမယ့် အနေအထားဆိုတာ ခန့်မှန်းကြည့်နိုင်ပါတယ်။

တနေ့က သတင်းဖေါ်ပြမှုတပုဒ်ထဲမှာ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ပြောခွင့်ရှိတဲ့ ဆရာဝန်ရဲ့ ပြောဆိုချက်မှာ သူတို့မှာ ဆေးဝါးရှိတယ်၊ ဒါပေမယ့် ကျွမ်းကျင်လူ့အရင်းအမြစ် မရှိဘူးလို့ပြောဆိုသွားတာ တွေ့လိုက်ရပါတယ်။ ကျန်းမာရေးဝန်ထမ်း ထောင်သောင်းချီ CDM လုပ်တာ၊ စစ်ကောင်စီက ဖမ်းဝရန်းထုတ်တာ၊ ဖြုတ်ပယ်တာတွေ လုပ်ထားတာတွေရဲ့ သက်ရောက်မှုကြောင့် ခုအချိန်မှာ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်က ပြိုလဲနေတဲ့ အခြေအနေ အောက်မှာ ကူးစက်မှုကို ဘယ်လို ရင်ဆိုင်ကြမလဲဆိုတာ လတ်တလော အရေးကြီးဆုံး မေးခွန်းတခု ဖြစ်လို့နေပါတယ်။

စင်ပြိုင် ကျန်းမာရေးစောင့်ရှောက်မှုစနစ် အရေးပေါ် တည်ဆောက်ကြမလား

ခုဖြစ်နေတဲ့အခြေအနေကို ကြည့်ရင် စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်နယ်စပ် ကလေးမြို့အဖြစ်အပျက်က မြန်မာနိုင်ငံရဲ့ အခြားသောမြို့တွေအတွက် သာဓကတခုဖြစ်မယ်ထင်ပါတယ်။ ဆေးရုံမှာ နေရာ မလုံလောက်တာ၊ ဆေးဝါးဝယ်ရခက်ခဲတာ၊ အရေးပေါ် အသက်ရှူဖို့ အောက်စီဂျင် လုံလောက်မှုမရှိတာတွေကို ပြီးခဲ့တဲ့ သီတင်းပတ်ကစလို့ ကလေးမြို့က ရင်ဆိုင်နေရပြီး ခုချိန်ထိ ပြေလည်သွားခြင်းမရှိသေးပါဘူး။

နေ့စဥ် သေဆုံးမှု ကိန်းဂဏန်းတွေ တက်လာတာ သတင်းတွေထဲ ဖတ်ရှုနေရပြီး အသက်အရွယ် အမျိုးမျိုး ပါဝင်လာပါတယ်။ အရင်နှစ်က ကိုဗစ်ကူးစက်မှုမှာ အသက်အရွယ်ကြီးရင့်သူတွေကသာ အသက်အန္တရာယ် ဆုံးရှုံးနိုင်ခြေရှိခဲ့ပေမယ့်လည်း ခုတကြိမ်မှာ လူလတ်ပိုင်းအရွယ်တွေအထိ အသက်ဆုံးရှုံးကြတာတွေ့နေရပါတယ်။

ဒီလိုအခြေအနေကို စစ်ကောင်စီကို အားမကိုးပဲ လူထုနဲ့ ကျန်းမာရေးဝန်ထမ်းအတွေ့အကြုံရှိသူတွေ ဘာတွေ လုပ်နိုင်မလဲ ဝိုင်းဝန်းစဥ်းစား အဖြေထုတ်ကြဖို့ ဖြစ်လာနေတယ်လို့ ထင်ပါတယ်။

ကာကွယ်ရေးတွေ ပညာပေးရေးတွေ ကို စစ်ကောင်စီ ကျန်းမာရေးဌာန၊ သူတို့ရဲ့ အုပ်ချုပ်ရေးတွေနဲ့ မသက်ဆိုင်ပဲ မိမိတို့ဘာသာ လုပ်နိုင်မလား၊ အွန်လိုင်းက နှိုးဆော်မှုတွေ၊ ပြင်ပမှာ နှိုးဆော်နိုင်တဲ့ဟာတွေ ၊ ဥပမာ အိမ်တိုင်းအိမ်တိုင်း ကိုဗစ်ကာကွယ်ရေး နှိုးဆော်တဲ့ ပညာပေးမှုတွေကို ကိုယ်တိုင်က စနှိုးဆော်တာမျိုး လုပ်ကြရင် ကောင်းမလား။

ကာကွယ်ရေး ပညာပေးရေး အပြင် ကုသဖို့ ကွာရင်တိုင်းနေဖို့ လိုအပ်လာသူတွေကို ရပ်ရွာ လူမှုအသိုင်းအဝိုင်းက ဘယ်လိုနည်းနဲ့ ကူညီလုပ်ဆောင်ပေးနုိင်ကြမလဲ။ လိုအပ်တဲ့ ဆေးဝါး အောက်စီဂျင် စတာတွေကို လိုအပ်သူ ယူသုံးနိုင်ဖို့ ဘယ်လိုစုပေါင်းလုပ်ဆောင် ကြမလဲ စသဖြင့် နည်းလမ်းတွေ အမြန်ဆုံး ဝိုင်းဝန်းစဥ်းစားကြဖို့ လိုအပ်မယ်လို့ ထင်ပါတယ်။

ပုဂ္ဂလိက ဆေးရုံတွေအနေနဲ့ ကိုဗစ်ကူးစက်မှုကို လက်ခံကုသပေးနိုင်ဖို့ ဘာတွေ လိုအပ်မလဲ၊ စီဒီအမ် ဆရာဝန်တွေကို စစ်ကောင်စီက ကုသခွင့် ဆေးခန်းထိုင်ခွင့် ပိတ်ထားတာကြောင့် ပုဂ္ဂလိက ဆေးရုံတွေအနေနဲ့ လက်တွန့်နိုင်စရာ ရှိပေမယ့် ခုလို အရေးပေါ်ကာလမှာ ဒီအခက်အခဲကို ပုဂ္ဂလိက ဆေးရုံတွေ၊ ကျွမ်းကျင် ကျန်းမာရေးဝန်ထမ်းတွေနဲ့ လူထုတွေ နားလည်မှုရှိစွာ ဖြေရှင်းနိုင်ကြဖို့လည်း လိုအပ်မယ်လို့ထင်ပါတယ်။

ခုရက်ပိုင်း ရန်ကုန်မြို့မှာတောင် မနက်မိုးလင်းတာနဲ့ ဖွင့်ထားတဲ့ ပြင်ပဆေးခန်းတွေ၊ အဖျားသီးသန့်ကုသတဲ့ Fever Clinic တွေမှာ လူတွေကားတွေ စည်ကားနေတာ တွေ့နေရပါပြီ။ ဒီလိုဆေးခန်းတွေကနေလည်း စစ်ကောင်စီကို အားကိုးစရာ မလိုမယ့် ပူးပေါင်းကူညီမှုတခု (ပုဂ္ဂလိကစနစ်နဲ့ ပြည်သူ့လူနေမှုဘ၀) ထွက်ပေါ်လာနိုင်အောင် လုပ်ဆောင်နိုင်ကြရင် ကူးစက်ရောဂါကို အတိုင်းအတာတခုထိ လျော့ချနိုင်ပြီး လူအများအသက်တွေကို ကယ်ဆယ်နိုင်မယ် လို့မြင်ပါတယ်။

နိုင်ငံရေး အကြပ်အတည်းနဲ့ ရောဂါကူးစက်မှုကပ်ဘေးတို့ တပြိုင်နက်ထည်း နှိပ်စက်ခံရတဲ့ မြန်မာနိုင်ငံရဲ့ ဆိုးရွားတဲ့ ကံကြမ္မာကို လူထုတွေထဲက ပူးပေါင်းဆောင်ရွက်မှု တဦးနဲ့တဦး ကူညီဖေးမမှုနဲ့ မျှဝေခံစားမယ့် စိတ်ဓါတ်မျိုးနဲ့ ကျော်ဖြတ်နုိင်ကြရင် အသေအပျောက် ဆုံးရှုံးမှုနည်းမယ်လို့ မျှော်လင့်ပါတယ်။ ဒီနေရာမှာ လူထုတွေအကြား ပူးပေါင်းဆောင်ရွက်မှု ပေါ်ထွက်လာအောင်၊ ထိရောက်တဲ့ စီမံခန့်ခွဲမှု ဖြစ်ပေါ်အောင် အတွက်နိုင်ငံရေးအရ ဦးဆောင်မှု ကမကထ နှိုးဆော်မှုတွေက အဓိကလိုအပ်မယ်လို့မြင်ပါတယ်။ သက်ဆိုင်တဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေ လူထု အဖွဲ့အစည်းကို ဦးဆောင်သူတွေ လက်ရှိရင်ဆိုင်နေရတဲ့ ပြဿနာရဲ့ အရေးကြီးမှုကို မြင်နိုင်ဖို့လည်း အဓိက ကျတယ်လို့မြင်မိပါတယ်။

လူထု၏အသက်ကို ရှေ့တန်းတင်မလား နိုင်ငံရေးစစ်ရေးကို ဆက်တိုးကြမလား

သည်လို ကိုဗစ်ဘေးဆိုးကို ရင်ဆိုင်နေရတဲ့ တပြည်လုံးရဲ့ လူထုဘ၀ကို နိုင်ငံရေးသမားတွေ လက်နက်ကိုင်အာဏာရှင်တွေဘက်က ဘယ်လောက်အရေးထားသလဲ၊ ဘယ်လိုသဘောထားကြသလဲဆိုတာ သည်တခါ ထင်ထင်ရှားရှားတွေ့ကြရမှာ ဖြစ်ပါတယ်။ သည်အချိန်မှာ တဖက်နဲ့တဖက် ပစ်ခတ်တိုက်ခိုက်တာတွေ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်နေတာတွေကို ခေတ္တ ရပ်ဆိုင်းထားကြပြီး ကိုဗစ်ရောဂါကို ကူးစက်မှု ထိန်းချုပ်နိုင်အောင်၊ ဖျားနာသေဆုံးမှု လျော့ကျအောင်၊ ကာကွယ်မှု ကုသမှု အထိရောက်ဆုံး ဆောင်ရွက်ဖို့ ခေါင်းဆောင်တွေ အစုအဖွဲ့တွေက စဉ်းစားကြဖို့ လိုပါတယ်။ ကိုဗစ်၏ ထိခိုက်သေဆုံးမှုတွေကို မျက်ကွယ်ပြုထားပြီး စစ်ရေးအရ အကြမ်းဖက်နည်းလမ်းတွေအရ တဖက်နဲ့တဖက် အသာစိးရအောင် ရှေ့ဆက်တိုးကြမယ် ဆိုရင် ဘယ်သူမှ ဘယ်ဘက်ကမှ အသာရနိုင်လိမ့်မယ် မဟုတ်ပါဘူး။

အခုတော့ စစ်ကောင်စီက ကျောင်းတွေကို အချိန်အကန့်အသတ်နဲ့ ပိတ်ဖို့ အမိန့်ထုတ်ထားပါတယ်။ တော်လှန်ရေးအင်အားစုများက CDM သပိတ်မှောက်ထားပြီးသားမို့ ပြည်သူတွေအတွက်က အတင်းအကြပ်အလုပ်ဆင်းနေစရာ မလိုပါဘူး။ စစ်ကောင်စီကလည်း ဒီရောဂါပိုးအကူးခံပြီး ပြည်သူတွေကို ဖိအားပေး သေတွင်းပို့နေစရာ မလိုပါဘူး။ စစ်ရေးနဲ့ ကျုးကျော်တိုက်ခိုက်ဖမ်းဆီးနေတာတွေကို စစ်ကောင်စီက ရပ်ဆိုင်းထားနိုင်သလို ပြောက်ကျားရဲဘော်တွေဘက်ကလည်း ပြည်သူတွေအတွက် ခုခံစစ်တွေ မလိုအပ်သေးရင် ခေတ္တ ရပ်နားပြီး ကိုဗစ်ကို ပြည်သူနဲ့အတူ ခုခံစစ် ဆင်နွှဲလို့ ရနိုင်ပါတယ်။ ကိုဗစ်ရောဂါဘေးကို ထိပ်တန်းဥိးစားပေးအဖြစ် ကာကွယ်နိုင် နှိမ်နင်းထားနိုင်မှ မိမိတို့အတွက် ဆက်လက်တိုက်ပွဲဝင်စရာ ပြည်သူတွေနဲ့ နိုင်ငံတော် ကျန်ရစ်မှာ ဖြစ်ပါတယ်။ နို့မို့ဆို ကိုဗစ်တိုက်စားသွားလို့ ကျရှုံးနိုင်ငံအဖြစ်ကနေ ပျောက်ဆုံးနိုင်ငံ ပျောက်ဆုံးမျိူးဆက်တွေ ဖြစ်ကုန်ပါလိမ့်မယ်။

(ဓာတ်ပုံက ဖေ့စ်ဘွတ်ပေါ်ကနေ ယူပါတယ်)

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar