Breaking News

(အောင်ဝေး - ကမ္ဘာစစ်ကြီးတစ်ခု ငါ့အနားက ဖြတ်သွားတယ် (၃)

(အောင်ဝေး - ကမ္ဘာစစ်ကြီးတစ်ခု ငါ့အနားက ဖြတ်သွားတယ် (၃)
(မိုးမခ) အောက်တိုဘာ ၁၆၊ ၂၀၂၁

• ကာရန်ဘာသာစကား
နိုင်ငံရေးစကားလုံးများ၊ တစ်နည်း လက်ဝဲဝေါဟာရများသည် လူထုဘဝနှင့် အသားကျဟပ်မိသွားသောအခါ၊ လူထုသုံး၊ အရပ်သုံးစကားလုံးများ၊ ဝေါဟာရများအဖြစ် တွင်ကျယ်လာတတ်ပါသည်။

အရေးကြီးသည့်အချက်တစ်ရပ်။ မြန်မာဘာသာစကား၏သဘောသဘာဝ။ မြန်မာဘာသာစကားကို "ကာရန်ဘာသာစကား" အဖြစ်လည်း အညွှန်းပြုသတ်မှတ်ကြပါသည်။ ဥပမာ ...
"စာကောင်းလျှင် မအေပေးတွေက
စလေ ရေးတယ်ပဲထင်ကြ" (အချုပ်တန်းဆရာဖေ)
မအေပေး- စလေရေး (စလေက စလေဦးပုညကိုဆိုလိုတာ)
နေနဲ့လ- ရွှေနဲ့မြ
ကံကောင်းလို့မသေ- သံချောင်းတို့အဖေ
ရေနံချောင်းက- ဖေကံကောင်း
အသည်းနှလုံးက- ကျွဲပခုံးထ (ဦးအောင်သင်း)
ရုံးမတက်နဲ့- ရုန်းထွက်
အရမ်းညီတဲ့- ချမ်း/စည် (မန္တလေး၊ ချမ်းမြသာစည်သပိတ်)
သားရေကြိုးတင်းအောင်ကိုင်- ............ (အဖြည့်ခံ)

စသည်၊ စသည်။ ကဗျာဆရာမှ မဟုတ်ပါ။ လူထုကပင်၊ ရပ်ထဲရွာထဲမှာပင်၊ စကားပြောလျှင် ကာရန်တွေ၊ နဘေတွေနှင့် ပြောသည့်အလေ့ရှိကြသည်။ ဒါ မြန်မာဘာသာစကား၏ အစဉ်အလာလိုဖြစ်နေပါပြီ။ ဒီတော့ (သွေးကြွေး- ဆွေးနွေး) ဆိုသည့် ကာရန်ကိုက်၊ နဘေကိုက် အခြေခံစကားလုံးစုကို မူတည်၍ ...
သွေးကြွေးသာဆပ်
ဆွေးနွေးတာရပ်။
သွေးကြွေးပဲတောင်း
ဆွေးနွေးပွဲညောင်း။
ဆွေးနွေးနေသရွေ့
သွေးကြွေးတွေမေ့။
သွေးကြွေးမသိတော့
ဆွေးနွေးမိသပေါ့။
ဆွေးနွေးပွဲရှေ့ ရောက်တော့
သွေးကြွေးလည်း မေ့ပျောက်ပေါ့။

စသည်၊ စသည်ဖြင့်၊ ကဗျာဆရာတစ်ယောက်ချင်းစီက သူ၏အနုပညာ ဈာန်လူးလွန့်နိုင်သမျှ၊ စကားလုံးစိတ်ကူးဥာဏ်မြူးကွန့်နိုင်သည် မဟုတ်ပါသလော။ ဟုတ်သည်။ အခြေခံတာက (သွေးကြွေး- ဆွေးနွေး) ဆိုသည့် ကာရန်ဝင်၊ နဘေဝင်နေသည့် စကားလုံးပဲ မဟုတ်ပါသလော။ ဟုတ်သည်။

မြန်မာဘာသာစကားသည် ကာရန်ဘာသာစကား၊ တစ်နည်း ကာရန် နဘေ ဘာသာစကားဖြစ်သည်ဆိုသည့်အချက်ကို မမေ့ပါနှင့်။

ရွှေဝါရောင်တော်လှန်ရေးတွင် ကျနော်တို့ဘက်က ရန်/ငါ မပြတ်ခဲ့သဖြင့် (ဂမ်ဘာရီကို မျှော်ကိုးမိတာ အစရှိသဖြင့်) အသက်စတေးရသည့်အထဲတွင် လူတွေသာမက၊ သံဃာတွေပါ အသတ်ခံခဲ့ရသည်။ ဒီတော့ ရပ်ထဲရွာထဲ၊ လူထုထဲမှာပင်၊ မဲဆောက်၊ ကျောင်းသားတပ်မတော်က မင်းတိတ်ခသံဃာအရေးအခင်းဖြစ်စက (သံဃာအရေးအခင်းဖြစ်စက) တဲခါးပန်းမှာမြေဖြူခဲနှင့်ရေးခဲ့သလို ...

"ရန်/ငါ မပြတ်လို့၊ သံဃာ အသတ်ခံရ" လို့ မပြောကြ၊ မဆိုကြရင်တောင်၊ "ငါတို့ဘက်က မပြတ်သားလို့၊ သံဃာတော်တွေ သွေးမြေကျရတယ်၊အသတ်ခံကြရတယ်" လို့၊ အဲဒီလောက်တော့ ပြောကြ၊ ဆိုကြမှာပဲဖြစ်သည်။ (မှတ်ချက်။    ။ ပခုက္ကူမှာ သံဃာကို ဓာတ်တိုင်မှာ ကြိုးတုပ်ပြီး၊ စစ်သားတွေက ရိုက်တဲ့ ၂၀၀၇၊ စက်တင်ဘာ-၅၊ သံဃအရေးအခင်းအစမှာ၊ သံဃာတွေ တစ်ပါးမှ အသတ်မခံရသေးပါ)

လူထုသည် ကွန်မြူနစ် (လက်ဝဲသမား) တွေမဟုတ်သဖြင့်တော့ (ရန်/ငါ- ရန်/ငါ ပြတ်- ရန်/ငါ မပြတ်) ဆိုသည့် အသုံးအနှုန်းကို ပြောကျင့် ဆိုကျင့်တော့ နည်းပေမည်။ သို့သော်၊ လင်မယားချင်းစကားများအချင်းပွားရာမှာပင် "အေး။ ဒီတစ်ခါတော့၊ မင်းနဲ့ငါ ရန်/ငါ အပြတ်ပဲ" ဆိုပြီး ပြောဆိုကြိမ်းမောင်းကြတာ ကြားဖူးနားဝရှိကြတာပဲ မဟုတ်လား။

ရှစ်လေးလုံးအရေးတော်ပုံကြီးအလွန်တွင် မြန်မာပြည်သူလူထုသည် နိုင်ငံရေး၊ တော်လှန်ရေးတို့နှင့် ယခင်ကထက်စာလျှင် ပို၍ယဉ်ပါးအသားကျလာပါသည်။ လူထုဘဝနှင့် ကိုက်ညီထင်ဟပ်သော လက်ဝဲဝေါဟာရ၊ ကွန်မြူနစ်စကားလုံးများ လူထုကြား ရောက်လာ တွင်ကျယ်တတ်ပါသည်။

ကောင်းပြီ။ မင်းတိတ်ခ၏ တဲခါးပန်းစာကို နှစ်ပိုင်းခွဲကြည့်ရအောင်။ ပထမစာကြောင်း (ရန်/ငါ မပြတ်လို့) ဆိုတာဟာ၊ မင်းတိတ်ခကမှ စပြီးသုံးနှုန်းလိုက်တဲ့စကားလုံးများ မဟုတ်ကြပါ။ သူ့အရင်ကတည်းက တွင်ကျယ်ပြီးသားတွေဖြစ်သည် မဟုတ်သလော။

ရွှေဝါရောင်တော်လှန်ရေးမှာ အသတ်ခံရတဲ့အထဲ သံဃာတွေလည်းပါတယ်။ သံဃာအသတ်ခံရတယ်။ "သံဃာ အသတ်ခံရ"

မြန်မာဘာသာစကားသည် ကာရန် (ချိတ်) ဘာသာစကားဖြစ်တယ်ဆိုတာကို ဘယ်တော့မှ မမေ့နဲ့။ ကဗျာဆရာတွေကမှ မဟုတ်၊ ရပ်ထဲရွာထဲက လူငယ်လူကြီးတွေပင်လျှင် ... "ရန်/ငါ မပြတ်လို့ သံဃာ အသတ်ခံရ" ဆိုပြီး မပြောနိုင်ဘူးလို့၊ ယတိပြတ်ငြင်းနိုင်မလား။ ငြင်းဖို့ခက်ပါလိမ့်မည်။ ကဗျာဂုရုအကျော်အမော်တွမှ မဟုတ်၊  သာမန်အရပ်ထဲက လူတွေကလည်း၊ ဘာသာစကားကို လှအောင်ထုဆစ်နိုင်ကြပါသည်။ လူထုမှာလည်း စကားလုံးပဉ္စလက်ရှိတာပဲ။

ကျနော်က ထိုအသုံးအနှုန်း(ရန်/ငါ- သံဃာ)စကားလုံးစုကို၊ မဲဆောက်ရောက်ပြီးမှ ရေးပြီး၊ ဒေါက်တာလွဏ်းဆွေက သူ့ Blog မှာ (ဒီဇင်ဘာ ၁၅၊ ၂၀၀၇) ရက်စွဲဖြင့် တင်ပေးခဲ့သည့် "မဲဆောက်ကွန်မြွန်း" အမည်ရှိကဗျာတွင် ...
"ရန်/ငါ မပြတ်လို့
သံဃာ အသတ်ခံရတာ
အို- မဲဆောက်ရဲ့
ဒီတစ်ခါ
ရန်/ငါပြတ်မှဖြစ်မယ်" ဟူ၍ဖော်ပြခဲ့ပါသည်။ (ခရမ်းပြာမြင်းရိုင်း၊ စာ ၆၇- ၆၈)

ကျနော် မဲဆောက်တွင် တစ်လကျော်ခိုနားခဲ့သော ဒေါက်တာလွဏ်းဆွေ၏အခန်းမှ လုံခြုံရေးအရ၊ ကဗျာဆရာမောင်လွမ်းဏီအိမ်တော်ဘေးမှ၊ ကျောင်းသားတပ်မတော် ABSDF ဥက္ကဋ္ဌ ရဲဘော်သံခဲ၏ဒေါင်းရင်ပြင်တဲသို့ ပြောင်းရွှေ့ခိုလှုံရပါသည်။ ထိုတဲတွင် နေထိုင်ခဲ့သည့် သုံးလကျော်ကျော်လုံးလုံး၊ မင်းတိတ်ခ၏ ခါးပန်းစာ (တဲခါးပန်းစာ) ကိုမမြင်ခဲ့၊ မတွေ့ခဲ့ဖူးပါ။

ကျနော် ကိုးတန်းကျောင်းသားဘဝကတည်းက မတ်ဝါဒကို သက်ဝင်ယုံကြည်လေ့လာခဲ့ပါသည်။ ဗကပ (ဗမာပြည်ကွန်မြူနစ်ပါတီ) ၏ မြေအောက်အလုပ်တွေကိုလည်း လုပ်ခဲ့ဖူးပါသည်။ ရန်/ငါ စည်းတို့၊ မိတ်/ရန် စည်းတို့ ဆိုတဲ့စကားလုံးတွေက ကျနော် (တို့) ဘဝတစ်လျှာက်လုံး သုံးစွဲခဲ့သည့် ထမင်းစားရေသောက် ဝေါဟာရများသာဖြစ်ပါသည်။

ကျနော် ပြန်ချုပ်ပါမည်။ ယခုကိစ္စသည် (သွေးကြွေး- ဆွေးနွေး၊ ရန်/ငါ- သံဃာ) စကားလုံးပြဿနာ မဟုတ်ပါ။ တော်လှန်ရေးပြဿနာဖြစ်သည်။ ဒီစကားလုံးတွေကို ငါကအရင်ရေးတာ၊ သူက နောက်မှရေးတာဟူ၍ ကိုယ်ပိုင်/မူပိုင်လုပ်နေခြင်းသည်၊ တစ်နည်း စကားလုံးလုနေခြင်းသည်၊ တော်လှန်ရေးကို ကိုယ်ပိုင်/မူပိုင်လုပ်နေခြင်းသာ၊ တစ်နည်း တော်လှန်ရေးကိုလုနေခြင်းသာ ဖြစ်နေပါတော့သည်။ 

လက်ခံပေးနိုင်စရာတော့ ခြွင်းချက်အနေနှင့်ရှိပါသည်။ အနှီစကားလုံးတွေကို ကဗျာမှာ ငါအရင်ဆုံးသုံးတာဟုဆိုလျှင်တော့ လက်ခံပေးရပါမည်။ ငါ့ကိုယ်ပိုင်စကားလုံး၊ ငါ့မူပိုင်လို့ တံဆိပ်ကပ်လျှင်တော့ ဆောရီးပါ။ ရာဇဝင်နှင့်ဆိုင်သွားပါပြီ။ သမိုင်းက အဆုံးအဖြတ်ပေးပါလိမ့်မည်။
   
ယခုကိစ္စ (သစ်ကောင်းအိမ်- မင်းတိတ်ခ- အောင်ဝေး) ယခုအမှုတွင်၊ ပြည်တွင်း- ပြည်ပက ကဗျာဆရာတချို့က ကျနော့်ကို မရိုးသားသူ၊ စကားလုံးသူခိုးဆိုပြီး စွပ်စွဲတိုက်ခိုက်လာကြပါသည်။ ကျနော်အမှတ်မထားပါ။ အောင်ဝေးက အရေထူပါသည်။ ကျနော့်ဘဝမှာ ခိုးဖူးတာဆိုလို့၊ ခင်ဆွေရီကို ခိုးယူခဲ့တာတစ်ခုပဲရှိပါတယ်။

ကဗျာထဲမှာတော့ ကျနော် သည်လိုရေးခဲ့ဖူးသည်။
"ခိုးယူခြင်းအရာမှာ ငါ့ထက်သာသူ        
ဟဲလို- ပရိုမီးသီးယပ်စ်
သင်နဲ့ပေါင်းပြီး
ဒေါင်းတစ်ကောင်နဲ့ပျားရည်တစ်အိုး
ပြန်ခိုးယူရမဲ့အခန်း
ကြမ်းချင်ကြမ်းမယ်
လွမ်းချင်လွမ်းမယ်" (ညိုမီဂုမ္ဘာန်ညများ၊ ၁၉၉၅)

ယခု (သစ်ကောင်းအိမ်- မင်းတိတ်ခ- အောင်ဝေး) ပြဿနာဖြစ်နေသောစကားလုံးများသည် သမိုင်း၏စကားလုံးများဖြစ်သည်။ တော်လှန်ရေး၏ စကားလုံးများဖြစ်သည်။ တိုက်ပွဲ၏ စကားလုံးများဖြစ်သည်။ ကျနော် စိတ်မှာ ယုံသည်။ ကျနော် လိပ်ပြာလုံသည်။ 

စိတ်မှာယုံကြည်၊ လိပ်ပြာလုံသည်ဖြစ်၍၊ ၂၀၁၅- ဗကသ (ဗကသများအဖွဲ့ချုပ်) ၏ ဒီမိုကရေစီပညာရေးသပိတ်ခရီးရှည်ချီတက်ပွဲ လမ်းခုလတ်တွင်၊ ခေါင်းဆောင်များဖြစ်ကြသည့် ကိုအောင်မှိုင်းဆန်းနှင့် ကိုနန္ဒာစစ်အောင်တို့၊ သိန်းစိန်အစိုးရ ပညာရေးဝန်ကြီးက ဆွေးနွေးပွဲခေါ်လို့၊ နေပြည်တော်သွားကြစဉ်က ကျနော် "ရန်ကုန်ချီ ကျောင်းသားသပိတ်တပ်ကြီးဘွဲ့ မော်ဒန်လေးချိုးကြီး" ကဗျာတွင် ဟောသည်လိုရေးခဲ့ပါသည်။

"သြော်- အောင်မှိုင်းဆန်းတို့
နန္ဒာစစ်အောင်တို့ရေ ...
နေပြည်တော်မှာ ဆွေးနွေးတာလည်း
ဆွေးနွေးပေါ့ကွာ
သွေးတော့အေးမသွားကြနဲ့
ဆွေးနွေးရုံနဲ့တော့     
သွေးကြွေး မကုန်နိုင်ဘူးကွ
အရေးတော်ပုံ
ယုံကြည်ရင် ရဲရဲဖြတ်
ရန်/ငါ မပြတ်လို့
သံဃာလည်း အသတ်ခံရပြီးပြီ
(ရဲဘော်ကြီးမင်းသွေးသစ်တို့
ရဲဘော်လေးမပိုပိုတို့ရေ ...)
အပစ်ရပ်လို့လည်း
အပြတ်ရစ်ခံကြရပြီ" (ခရီးရှည်ချီတက်ပွဲစာအုပ်၊ စာ ၃၃- ၃၄)

ယခု ၂၀၂၁ နွေဦးတော်လှန်ရေးတွင် ကျနော်ထပ်ရေးသည်။
"ရန်/ငါ မပြတ်လို့
သံဃာ အသတ်ခံရ။
သွေးကြွေးမှာ
ဆွေးနွေးစရာ အကြောင်းမရှိ" (ဒေဝဒတ်ရဲ့ပစ္စတို၊ စာမျက်နှာ ၁၀)

ကျနော်က ခေတ်ကို ကဗျာထဲထည့်ခြင်းဖြစ်သည်။ တော်လှန်ရေးနှင့်သမိုင်းကို ကဗျာထဲဖွဲ့ခြင်းဖြစ်သည်။ ကျနော် စိတ်မှာယုံကြည်သဖြင့် လိပ်ပြာလုံသည်။

ကျနော် အမေရိကသို့ ထွက်ခွာမလာခင်၊ မဲဆောက်မှာ "ခရမ်းပြာမြင်းရိုင်း" အမည်ဖြင့် ကဗျာစာအုပ်တစ်အုပ်စီစဉ်သည်။ ကိုရဲရင့်သက်ဇွဲ (ဂျပန်)၊ ကိုရန်နိုင်ထွန်း (တောင်ကိုရီးယား) တို့ပါဝင်သော ဂျပန်နိုင်ငံအခြေစိုက် "အာဟာရ" စာစောင်အဖွဲ့က ထုတ်ပေးတာဖြစ်သည်။ စာစီစာရိုက်ကအစ Book making အားလုံး လုပ်ကိုင်ပေးသူမှာ ကဗျာဆရာမောင်လွမ်းဏီဖြစ်သည်။ မျက်နှာဖုံးပန်းချီနှင့်ဒီဇိုင်း- မင်းကျော်ခိုင်နှင့် သီဟမောင်မောင်ဖြစ်သည်။ ဒေါက်တာလွဏ်းဆွေ၊ မောင်လွမ်းဏီတို့က အမှာစာ ချီးမြှင့်ခဲ့ကြသည်။ အာဟာရစာစောင်အယ်ဒီတာအဖွဲ့၏ အမှာစာလည်းပါသည်။ ၂၀၀၈၊ မတ်လအတွင်းမှာ စာအုပ်ထွက်သည်။ 

'ခရမ်းပြာမြင်းရိုင်း" စာအုပ်ထဲတွင်၊ ကျနော် အထက်တွင် ညွှန်းဆိုဖော်ပြခဲ့သည့် ကျနော်၏ 'ထောင်ဝင်စာ" ကဗျာနှင့် "မဲတောက်ကွန်မြွန်း" ကဗျာ နှစ်ပုဒ်စလုံး ထည့်သွင်းပါရှိခဲ့ပါသည်။ ၂၀၀၈၊ မတ်လအတွင်းမှ ာစာအုပ်ဖြန့်ချိခဲ့ပါသည်။ မဲဆောက်မှသည် ဂျပန်၊ တောင်ကိုရီးယား၊ အမေရိကန်၊ ကမ္ဘာနှံ့ပါသည်။

ကျနော်အဝေးရောက်နေလည်း (ဘေးရောက်နေလည်း) သွေးမပျောက်ပါ။ တွေးမကြောက်ပါ။ ယခု နွေဦးတော်လှန်ရေးမှာ ကျနော်ပါဝင်နေသည်။ ကျနော်တာဝန်ကျေချင်သည်။ ကျနော်တတ်နိုင်တာကဗျာပဲရှိသည်။ ကျနော် ကဗျာရေးပြီး စစ်ခွေးတွေကိုတိုက်သည်။ တော်လှန်ရေးကို ကဗျာထဲထည့်၊ ခေတ်ကို ကဗျာထဲထည့်၊ ကျနော့်ရာဇဝင်မဟုတ်၊ ပြည်သူ့ရာဇဝင်ကို ကျနော်ကဗျာဖွဲ့သည်။ ကျနော်က နွေဦးကို အမြဲကြည့်ငေးနေသည်။

တစ်နေ့၊ ရုပ်မြင်သံကြားသတင်းတစ်ခုတွင်၊ Generation- Z လူငယ်ကလေးများ ကိုင်ဆောင်ချီတက်နေသော၊ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးပိုစတာတစ်ခုကို ကျနော်မြင်သည်။ ကျနော် ရင်ခုန်သွားပါသည်။ ရင်ခုန်ရင် ခေတ်ပဲ။ ခေတ်ကို ကျနော် ကဗျာထဲထည့်ရေးချလိုက်သည်။ ရင်ခုန်ခြင်းသည် ယုံကြည်ခြင်းပဲ မဟုတ်လား။ ကျနော်၏ ယုံကြည်သံကို ယခုလို ဖွဲ့သည်။

"တို့တွေလမ်းပေါ်ထွက်ရင်
တို့အမေ နန်းတော်တက်မယ်"
ကလေးတွေက ရဲရင့်တယ်။
...    ...    ...    ...    ...
"တို့တွေလမ်းပေါ်ထွက်ရင်
တို့အမေ နန်းတော်တက်မယ်"
ကလေးတွေက ပြတ်သားတယ်။ (လမ်းတိုင်းက နန်းတော်ကို ဦးတည်နေတယ် ကဗျာ၊ ဒေဝဒတ်ရဲ့ပစ္စတိုစာအုပ်၊ စာမျက်နှာ ၅၂- ၅၅)

ဒါနောက်ဆုံးဖြစ်သည်။ ကမ္ဘာစစ်ကြီးတစ်ခု ကျနော့်အနားက ဖြတ်သွားသည်။ ကျနော်နှလုံးသားကို ကျုံ့ထားလိုက်မိပါသည်။ ကျနော့်အပေါ် မကြေလည်သူအားလုံးကို တောင်းပန်ခဲ့ပါသည်။ နှုတ်ဆက်ခဲ့ပါသည်။ ကျနော်ဘာကောင်မှ မဟုတ်ပါ။

စစ်နှင့်တော်လှန်ရေးရှိနေသမျှ၊ အောင်ဝေးကတော့ ရှိနေပါဦးမည်။ ကျနော့်ကို ပြည်တွင်းစစ်ကြီးထဲက စစ်တန်းလျားတစ်ခုမှာ မွေးဖွားခဲ့ပါသည်။သြော် ... အသက်ကြီးမှ ဆူးစူးခံရခြင်းပါလား။

တော်လှန်ရေး
ဆူးစူး၍လျှင်
အပ်နှင့်ထွင်သည်
အသင် ဘာပြောချင်သနည်း။    ။

မောင်သာရ
+++

အောင်ဝေး
(အောက်တိုဘာ ၁၃၊ ၂၀၂၁)

၁။ အောင်ဝေး- ခရမ်းပြာ မြင်းရိုင်း၊ ၂၀၀၈ မတ်၊ မဲဆောက်၊ ထိုင်းနိုင်ငံ။
၂။ အောင်ဝေး- ခရီးရှည်ချီတက်ပွဲ၊ ၂၀၁၅ ဇူလိုင်၊ ရန်ကုန်။
၃။ အောင်ဝေး- ဒေဝဒတ်ရဲ့ပစ္စတို၊ ၂၀၂၁ သြဂုတ်၊ ဆန်ဖရန်စ္စကို၊ အမေရိကန်ပြည်ထောင်စု။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar