ကိုညို(အော်စလို) - "အောင်လံထူမယ့်စိတ်"
ကိုညို(အော်စလို)
(မိုးမခ) သြဂုတ် ၁၉၊ ၂၀၂၁
၁၉၂၀ ပထမကျောင်းသားသပိတ်နဲ့အတူ အမျိုးသားရေးစိတ်ဓာတ်နှိုးကြားလာတဲ့အခြေခံအကြောင်းတရားတွေထဲမှာ အဲဒီခေတ်ကပြည်ပအနောက်ဥရောပနိုင်ငံတွေမှာနေထိုင်သူ၊ ပညာသင်နေသူတွေရဲ့ အခန်းကဏ္ဍကလည်း အထူးတလည်အရေးပါခဲ့တာကိုဖတ်ဖူးမှတ်ဖူးပါတယ်။
အဲဒီတုန်းက ပြည်ပရောက်ပညာတတ်မြန်မာလူငယ်တွေက သူတို့နေထိုင်တဲ့နိုင်ငံတွေကလူနေမှုစနစ် အဆင့်အတန်းအပြင် နိုင်ငံရေး၊ စီးပွားရေးနဲ့ပညာရေးအခြေအနေတွေကိုအနီးကပ်ထိတွေ့လေ့လာသိရှိလေတော့ မိမိတို့နိုင်ငံနဲ့မိုးနဲ့မြေလို အဆင့်ကွာခြားနေတာကို သိရှိရတယ်။
ဒါနဲ့ ကိုလိုနီကျွှန်ဘဝရောက်ပြီး ကိုယ့်ဇာတိမြေရဲ့အဖက်ဖက်ကနိမ့်ကျနေတဲ့အခြေအနေတွေ၊ ကိုယ့်လူမျိုး ကိုယ့်ယဉ်ကျေးမှုနဲ့ လူနေမှုဘဝတွေက လွတ် လပ်တဲ့နိုင်ငံတွေရဲ့ပြည်သူတွေအဆင့်အတန်းနဲ့ ဘယ်လိုဘယ်ပုံကွာခြားလွန်းတယ်ဆိုတဲ့အသိအမြင်တွေကို ကိုယ့်နိုင်ငံပြန်ရောက်တဲ့အခါ နှိုင်းယှဉ်ပြောဟော၊ စာရေးသားထုတ်ဝေ အသိပေးတွေလုပ်ကြပါတယ်။ လွတ်လပ်ဖွံ့ဖြိုးတဲ့အနောက်နိုင်ငံတွေက လူတွေရဲ့ဘဝနဲ့မိမိတို့အခြေအနေကွာခြားပုံကို မျက်စိပွင့်နားပွင့်ဖြစ်တော့ သူတပါးလို လွတ်လပ်ရေးအရသာကို ဆာလောင်တပ်မက်လာကြတယ်။ ဒါနဲ့အမျိုးသားရေးစိတ်ဓာတ်နိုးကြားလာတဲ့အကြောင်း သိရတယ်။
၁၉၉၀ နောက်ပိုင်းကစလို့ ပြည်ပနိုင်ငံအသီးကိုရောက်တဲ့မြန်မာတွေ သိန်းသန်းချီလာပါပြီ။ ပြည်ပလူနေမှုဘဝနဲ့ ဇာတိမြန်မာပြည်အခြေအနေ မိုးနဲ့မြေလို ကွာခြားမှန်း သိကြပါတယ်။ ကိုယ့်အမိမြေကို သူတပါးနိုင်ငံလိုတိုးတက်ကြီးပွားလိုတဲ့စိတ်စေတနာမျိုး အားလုံးမှာရှိကြပါတယ်။ ဒါကြောင့်လည်း အမိမြေအတွက် တတ်နိုင်သလောက် ပါဝင်အားဖြည့်ပြီး ရံပုံငွေရှာထောက်ပံ့နေကြတာပါ။
အကြမ်းဖက်အာဏာသိမ်းမှုကို ပြည်တွင်းကပြည်သူတွေရဲ့ အသေခံတိုက်ပွဲဝင်နေတဲ့စိတ်ဓာတ်ခွန်အားတွေရောင်ပြန်ဟပ်ပြီး မိမိတို့ရောက်ရာနိုင်ငံတွေကနေတတ်နိုင်တဲ့ဘက်က ဆန့်ကျင်တာ၊ ဆန္ဒထုတ်ဖော်တာ၊ ပံ့ပိုးကူညီတာတွေဒီနေ့အထိအရှိန်မပျက်သေးပါဘူး။ စစ်ကောင်စီအာဏာသိမ်းသက်တမ်း ၆ လခွဲကျော်လာပေမယ့် ဒီကနေ့အထိ မအောင်မမြင်ဖြစ်နေဆဲပါ။ ၆လခွဲကြာ လူထုတော်လှန်ရေးမှာ ပြည်တွင်း/ပြည်ပမြန်မာတွေ ကိုယ့်ခြေတောက်ပေါ်ကိုယ်ရပ်ပြီး တိုက်ပွဲဝင်နေကြတာပါ။
တချိန်ကလို ဘယ်တိုင်းတပါး/ NGO's အဖွဲ့အစည်းတွေရဲ့အထောက်အပံ့ကိုမှအားမကိုးဘဲ မြန်မာပြည်အတွက် မြန်မာတွေစိတ်ခွန်အားနဲ့လမ်းကြောင်းမှန် ကန်စွာ တော်လှန်တိုက်ပွဲဝင်နေတာပါ။
ကိုလိုနီခေတ်လွတ်လပ်ရေးတိုက်ပွဲကာလကလည်း မြန်မာတွေ လွတ်လပ်ရေးရံပုံငွေအတွက် လက်ဝတ်လက်စားတွေချွတ်၊ ရှိတာအကုန်ထုတ် ပုံအောလှူခဲ့ကြတယ်။ တချိန်က အောင်လံထူစိတ်ဓာတ်ဟာ ဒီကနေ့အထိ သေမသွားပါဘူး။
၈၈ တော်လှန်ရေးကာလကလည်း ကျနော်တို့တတွေ အစားအသောက်တွေရောင်း၊ ပို့စ်ကပ်တွေ ပန်းချီကားတွေရောင်း၊ ပြပွဲတွေလုပ်ပြီး တော်လှန်ရေးရံပုံငွေရှာခဲ့ကြတာပါ။
ဒီအချိန်မှာ ပြည်ပရောက်မြန်မာတွေအနေနဲ့ ပြည်တွင်းထက် ပိုမို လုပ်နိုင်ကိုင်နိုင်လှူဒါန်းနိုင်တဲ့အခြေအနေရှိနေပါသေးတယ်ဆိုပေမယ့် နိုင်ငံတကာအစိုးရနဲ့ အဖွဲ့အစည်းတွေရဲ့အကူအထောက်အပါဘဲ ရေရှည် ခရီးမဆက်နိုင်ပါ။ တဘက်တလှမ်းက ပြည်ပအစိုးရအထောက်အပံ့တွေရဘို့လည်း အမြန်ဆုံးအား ထုတ်ရမှာဖြစ်ပါတယ်။
ကျန်တဖက်ကလည်း မိမိတို့နိုင်ငံတွေက အခွင့်အလန်းနဲ့လူနေမှုဘဝ၊ လွတ်လပ်မှုအခြေအနေတွေကိုပြည်သူတွေသိအောင် သတင်းမီဒီယာ၊ ဆိုရှယ်မီဒီယာတွေကနေဖော်ပြပြီး အာဏာရှင်စနစ်အောက်က ပြည်သူတွေကို စိတ်ဓာတ်ပြန်လည် မြှင့်တင်ပေးရမှာပါ။
ကိုညို(အော်စလို)
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar