မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၆လ ၁၇ ရက် မြောက်နေ့ မြင်ကွင်း
မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၆လ ၁၇ ရက် မြောက်နေ့ မြင်ကွင်း
(မိုးမခ) ဩဂုတ် ၁၇၊ ၂၀၂၁အာဖဂန် သို့မဟုတ် နိုင်ငံရေးပဟေဠိ
သြဂုတ်လ ၁၅ ရက်နေ့ဟာ အာဖဂန်နစ်စတန် နိုင်ငံရဲ့ မြို့တော် ကဘူးလ်မြို့ကျဆုံးတဲ့နေ့၊ အမေရိကန် ဦးဆောင်တဲ့ အနောက်နိုင်ငံတွေက တာလီဘန်တွေကို အာဏာချုပ်ကိုင်ထားတဲ့ အစိုးရအဖြစ်ကနေ ဖယ်ရှားခဲ့ပြီးနောက် နှစ် ၂၀ ကြာတဲ့အခါမှာ အမေရိကန်တပ်တွေ ဆုတ်ခွာဖို့ လုပ်ဆောင်နေစဥ် တာလီဘန်တွေက အမေရိကန် ထောက်ခံအားပေးထားတဲ့ “အနောက်စံအလိုကျ”အစိုးရကို စစ်ရေးနဲ့ ဖိအားပေးလာရာက နောက်ဆုံး ကဘူးလ်မြို့တော်ထိ ရောက်လာတဲ့နေ့ပဲ ဖြစ်ပါတယ်။
ဆက်သွယ်ရေးနည်းပညာတွေ တိုးတက်နေတဲ့ခေတ်မှာ ကဘူးလ်မြို့တော်ကျဆုံးခန်းကို လိုက်ဗ်တွေ၊ ဗီဒီယိုတွေ သတင်းဓါတ်ပုံတွေ မိနစ်မဆိုင်း နာရီမဆိုင်း နေ့မခြားပဲ တကမ္ဘာလုံးက စောင့်ကြည့်နေကြတာလည်း ဖြစ်ပါတယ်။
ဒီနေရာမှာ မြန်မာနိုင်ငံက ဒီမိုကရေစီ ဘက်တော်သားတွေ၊ နွေဦး တော်လှန်ရေးထောက်ခံသူတွေအကြားမှာ အာဖဂန် ရဲ့ အပြောင်းအလဲနဲ့ပတ်သက်လို့ ဝိဝါဒကွဲစရာ ဘယ်လိုရှုထောင့်နဲ့ ချဥ်းကပ်ရမလဲလို့ ဇဝေဇဝါဖြစ်စရာတွေ ရှိနေကြတာလည်း ဖြစ်ပါတယ်။
တာလီဘန်တွေက အတိတ် သမိုင်းမှာ အမျိုးသမီးအခွင့်အရေး၊ လူ့အခွင့်အရေးတွေကို ပြင်းပြင်းထန်ထန် ချိုးဖောက်ခဲ့ကြတဲ့ သမိုင်းတွေရှိလို့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေ၊ အမျိုးသမီးအခွင့်အရေး တက်ကြွလှုပ်ရှားသူတွေကတော့ တာလီဘန်တွေ အောင်ပွဲရလာတာကို ကြိုဆိုကြမှာမဟုတ်ပဲ စိုးရိမ်မှုတွေ ရှိနေကြတာပါ။ တဖက်မှာလည်း အမေရိကန် ဦးဆောင်မှုနဲ့ ထောက်ခံမှုပေးပြီး “အနောက်စံအလိုကျ”နိုင်ငံတည်ဆောက်ရေးဆိုတာကို ဆယ်စုနှစ် နှစ်ခုနီးနီး လုပ်ပေးလာတဲ့ အာဖဂန် တရားဝင်အစိုးရကိုလည်း ခြစားမှုများသာ အဖတ်တင်တယ် ဆိုရပါမယ်။ အာဖဂန်လက်နက်ကိုင်တပ်တွေ ရဲတပ်ဖွဲ့တွေရဲ့ တပ်ဖွဲ့ အရေအတွက်တွေ ပိုပြီးတင်ပြထားကြပြီး လက်တွေ့မှာ တင်ပြတဲ့ အရေအတွက်မရှိပဲ သူတို့ရဲ့ လစာတွေကို အလွဲသုံးစားလုပ်ကြတဲ့ သတင်းဖေါ်ပြမှုတွေ ဝေဖန်မှုတွေရှိနေကြတာ ဖြစ်ခဲ့ပါတယ်။ တာလီဘန်က သူ့ရဲ့ လက်နက်ကိုင်တိုက်ပွဲကို သူ့ကိုထောက်ခံတဲ့သူတွေကို စည်းရုံးပြီး အခုလို လက်နက်နဲ့ နယ်မြေတွေ တခုပြီးတခု သိမ်းလာနိုင်ပါတယ်။ ဒီလို နယ်မြေတွေ အချိန်တိုတိုအတွင်း တပြည်လုံးဖြန့်ကျက် သိမ်းပိုက်နိုင်တာကို အားကျတဲ့သဘောနဲ့ မြန်မာတွေအချို့က ထောက်ခံကြတွေလည်း ရှိကြတာ ကြားသိနေရပါတယ်။
တာလီဘန်ကို အားကျထောက်ခံသူတွေအထဲ ဒီမိုကရေစီ အရေးတော်ပုံ ဘက်က သူတွေလည်း ပါဝင်နေကြတာကနားလည်မှုတွေ ရှုပ်ထွေးစေပါတယ်။ ခြစားတဲ့ စစ်တပ်၊ ခြစားတဲ့ အစိုးရတရပ်ကို လက်နက်နဲ့ တိုက်ထုတ်ဖယ်ရှားတာကို အားကျတာလို့ နားလည်ပေမယ့်လည်း ဖြုတ်ချခံရတဲ့ အစိုးရက လူ့အခွင့်အရေးဆိုင်ရာ စံနှုန်းတွေမှာ တာလီဘန်လက်နက်ကိုင် တွေထက် မနှိုင်းသာအောင် လေးစား လိုက်နာတဲ့ အစိုးရဖြစ်တယ်ဆိုတာကို သတိချပ်ရမယ် ထင်ပါတယ်။
လူထုကို စည်းရုံးလှုံ့ဆော်ကာ လက်နက်ကိုင်ပြီး အစိုးရတရပ်ကို တိုက်ခိုက်အနိုင်ရတဲ့ တာလီဘန်ရဲ့ ဖြစ်စဥ်ကို အားကျတာမှန်ပေမယ့် တာလီဘန်ရဲ့ အတိတ်က သမိုင်း၊ လုပ်ဆောင်ခဲ့မှုတွေကိုလည်း လုံးလုံးလျားလျား လျစ်လျူရှုဖို့ ခက်ခဲမှာဖြစ်ပါတယ်။
တာလီဘန်တွေ အခုတကြိမ်အာဏာရလာချိန်မှာ ဘယ်လို ဥပဒေတွေ အုပ်ချုပ်မှုတွေနဲ့ သွားမလဲဆိုတာကိုတော့ ခုချိန်မှာ ပြောဖို့စောသေးတယ်လို့ ထင်ပါတယ်။ တာလီဘန်တွေကတော့ အမျိုးသမီးအခွင့်အရေး ကလေးသူငယ်အခွင့်အရေးတွေကို ကာကွယ်ပေးမယ်၊ ယခင်က တာလီဘန်ဆန့်ကျင်သူတွေ မဟာမိတ်တွေဘက်သားတွေကို လွတ်ငြိမ်းချမ်းသာပေးမယ်၊ အကြမ်းဖက်သတ်ဖြတ်တာမလုပ်ဘူး လို့ ထုတ်ပြန်ထားပါတယ်။
အာဖဂန်နိုင်ငံကိစ္စဟာ စံနှုန်းတွေ က တဖက်၊ လက်တွေ့ အကျိုးစီးပွားတွေက တဖက် ရောယှက်နေပြီး တခါတရံမှာ အင်အားကြီးနိုင်ငံတွေ၊ အိမ်နီးချင်းနိုင်ငံတွေကလည်း စံနှုန်းထက် အကျိုးစီးပွားကို ဦးစားပေးပြီး မျက်စေ့မှိတ် ထောက်ခံ၊ စွက်ဖက်ကြ၊ လက်ဝင်ပါခဲ့ကြ၊ ပဋိပက္ခကို ဝင်ပြီးအားဖြည့်ခဲ့ကြတာ ကို ပြန်လေ့လာကြည့်ရင် ၁၉၇၉ ခုနစ်ကစလို့ တွေ့ရမှာ ဖြစ်ပါတယ်။
ပထမဆုံး စွက်ဖက်၊ လက်ဝင်ပါခဲ့တာ စစ်အင်အားနဲ့ အာဖဂန်နိုင်ငံရေးမှာ ပြောင်ပြောင်တင်းတင်း ဝင်စွက်ဖက်ခဲ့တာ ဆိုဗီယက်ရုရှားပြည်ထောင်စု ဖြစ်ပါတယ်။ ၁၀နှစ်ကြာ အာဖဂန်ခုခံစစ်ပွဲမှာ အနောက်နိုင်ငံတွေ၊ ပါကစ္စတန်၊ ဆော်ဒီနဲ့ နိုင်ငံအချို့က လက်နက်၊ ငွေကြေး၊ စစ်ရေး ကျွမ်းကျင်မှု အကြံဥာဏ်စတာတွေ ပေးပြီး ဆိုဗီယက်တပ်တွေ ဆုတ်ခွာရေး ဆိုဗီယက် တင်ထားတဲ့ အစိုးရပြုတ်ကျရေး ကို အားပေးခဲ့ကြတာဖြစ်ပါတယ်။
ဒုတိယကာလက ၁၉၈၀ ကနေ ၁၉၉၂ ခု မူဂျာဟီဒင်တွေအာဏာရလာတဲ့ကာလ အဲဒီနောက် ပါကစ္စတန်ထောက်ခံအားပေးမှုနဲ့ ကြီးထွားလာတဲ့ တာလီဘန်တွေက မူဂျာဟီဒင်တွေကနေ အာဏာကိုရယူဖို့ လက်ကနက်ကိုင် တိုက်ခိုက်ကြိုးစားခဲ့တဲ့ ၁၉၉၂ ကနေ ၁၉၉၆ ခုနှစ်အထိဖြစ်ပါတယ်။ နောက်တော့ တာလီဘန်အစိုးရ တက်လာပါတယ်။
တဖန် ၉/၁၁ စက်တင်ဘာ ၁၁ ရက်နေ့ နယူးယောက် မျှော်စင်ညီနောင်ကို အယ်ကိုင်ဒါအစွန်းရောက်တွေရဲ့ အကြမ်းဖက်တိုက်ခိုက်ခံရပြီးနောက်၊ အမေရိကန်ရဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေးစစ်ပွဲနဲ့ အယ်ကိုင်ဒါကိုအားပေးလက်ခံထားတဲ့ အာဖဂန်ကတာလီဘန်ကို ဖယ်ရှားပြီး အာဖဂန်မှာ အမေရိကန်စိတ်တိုင်းကျ အစိုးရသစ်ကို ဖွဲ့စည်းဖို့ ကမကထ ပြုလုပ်ခဲ့တဲ့ ကာလဖြစ်ပါတယ်။
ဒီနေရာမှာ အင်အားကြီးနိုင်ငံတခုကဦးဆောင်ပြီး စစ်အင်အားဝင်ရောက်ခဲ့ပြန်တာဖြစ်ပါတယ်။ အစွန်းရောက်ဘာသာရေးအကြမ်းဖက်တဲ့အဖွဲ့ကို လက်ရဖမ်းဆီး အပြစ်ပေးနိုင်ဖို့ ကြိုးစားရာမှာ စစ်အင်အားနဲ့ နိုင်ငံကို ဝင်ရောက်နေရာယူ လေတပ်အကူအညီတိုက်ခိုက်မှုပေါင်းများစွာနဲ့ တာလီဘန်တွေကို အာဏာမှ ဖယ်ရှားခဲ့တာဖြစ်ပါတယ်။
ဒီအကွေ့အချိုးတွေ လက်နက်ကိုင် တိုက်ပွဲတွေ အစိုးရဖြုတ်ချရေးတွေမှာ အင်အားကြီးနိုင်ငံတွေကနိုင်ငံတနိုင်ငံရဲ့ အချုပ်အချာ အာဏာဆိုတာကို မလေးစား မလိုက်နာပဲ မိမိတို့ သဘောနဲ့ အုပ်စုသဘောနဲ့ ဆုံးဖြတ်ခဲ့ကြတာမျိုးကို ကမ္ဘာက လက်ပိုက်ကြည့်တဲ့အခါလည်း လက်ပိုက်ကြည့် ၊ ဝင်စွက်တဲ့အခါလည်း ဝင်စွက်ဖက်ခဲ့ကြတာတွေက သင်ခန်းစာ ယူစရာလို့ထင်ပါတယ်။
နောက်တချက်ကတော့ အမေရိကန်နဲ့ မဟာမိတ်တွေက တာလီဘန်ကို လုံး၀ချေမှုန်းစစ်နဲ့ ဆင်နွှဲခဲ့တာ ဖြစ်ပါတယ်။ တာလီဘန်တွေဘက်က အပစ်အခတ်ရပ်စဲရေး ဆွေးနွေးရေးကို ကမ်းလှမ်းပေမယ့် အမေရိကန်တို့က လက်ခံခြင်း မရှိပါဘူး။ အယ်ကိုင်ဒါ အကြမ်းဖက်ခေါင်းဆောင်တွေနဲ့ တာလီဘန်ခေါင်းဆောင်တွေကို တတန်းတည်းထားပြီး လုပ်ကြံသတ်ဖြတ်ဖို့ အစွမ်းကုန် လုပ်ခဲ့တာ ဖြစ်ပါတယ်။ တာလီဘန်တွေက အမေရိကန်တွေတောင်းဆိုတဲ့ လုံး၀အညံ့ခံရေးကို လက်မခံဘဲ အာဖဂန်ရဲ့ တောင်တောင် လျိုမြောင်တွေကြားထဲ ဝင်ရောက် ဆုတ်ခွာသွားကြပါတယ်။ တွန်းလှန်စစ်ဆက် ဆင်နွှဲချိန်မှာ အဲသည် ပါဝါလေဟာနယ်ထဲမှာ ကျေးလက်ဒေသတွေက ဒေသဆိုင်ရာ (war lord) စင်ပြိုင်စစ်ခေါင်းဆောင် စစ်အုပ်စုတွေ သီးခြားထွက်ပေါ်လာပါတယ်။ ဒါတွေကို အမေရိကန်နဲ့ မဟာမိတ်တွေက လက်ခံပြီး သူတို့၏ မြို့ပေါ်က စိတ်တိုင်းကျအစိုးရစနစ်နဲ့ ပေါင်းစပ်ဖို့ ကြိုးစားခဲ့ကြတာဖြစ်ပါတယ်။ အဲသည်ရဲ့ သမိုင်းရလဒ်ကတော့ အကျင့်ပျက်ခြစားမှုများ၊ စင်ပြိုင်စစ်ခေါင်းဆောင်များ စစ်အုပ်စုများနောက်ကွယ်က တာလီဘန်အင်အား ပြန်လည် ကြီးထွားချဲ့ထွင်မှုများ ကျယ်ပြန့်လာခဲ့တာ ဖြစ်ပါတယ်။
နောက်ဆုံး ယခု အနှစ် ၂၀ ကျော် ကြာတဲ့အခါ တာလီဘန်တွေ ပြန်လည်ဝင်ရောက်လာပါတယ်။ အမေရိကန်တွေ ဆုတ်ခွာသွားပြီး သူတို့တင်ထားတဲ့ စိတ်တိုင်းကျအစိုးရက ချက်ခြင်း အာဏာကို လက်လွှတ်ထွက်ပြေးသွားပါတယ်။ အာဖဂန်ပြည်သူတွေဟာ ယခင်သူတို့ကို နှိပ်ကွပ် အုပ်ချုပ်သူ တာလီဘန်တွေ အာဏာပြန်ရလာတာကို မလိုလားကြတာကြောင့် စိုးရိမ်ကြောင့်ကြပြီး နိုင်ငံကနေ ထွက်ပြေးဖို့ ကြိုးစားနေကြတာ တွေ့ရပါတယ်။
ယခုအချိန်မှာ လူသားဆိုင်ရာ ဘေးဒုက္ခကပ်တခု ဆိုက်ရောက်နေတာ မြင်နေရပါပြီ။ ပြည်တွင်းမှာတင် အိုးအိမ်စွန့်ခွာ တိမ်းရှောင်နေသူ လူ ၁ သန်း ရှိနေပြီလို့ ဆိုကြပါတယ်။ ဆီးရီးယားပြည်က ပြည်ပြေးဒုက္ခသည်က ၂ သန်းရှိနေပါပြီ။ နှိုင်းယှဉ်စဉ်းစားလို့ ရပါတယ်။
သည်တေ့ာ ပြည်တွင်းစစ်၊ အမျိုးသားရေး အစွန်းရောက်ခြင်း၊ ဘာသာရေးအစွန်းရောက်ခြင်း၊ ပညာတတ်လူတန်းစား နည်းပါးခြင်း၊ လူတန်းစားကွာဟချက် ကြီးမားခြင်း၊ ဆင်းရဲနိမ့်ကျခြင်း၊ စင်ပြိုင် စစ်အုပ်စုများ စစ်ခေါင်းဆောင်များ အကွဲအပြားတည်ရှိနေခြင်း၊ အိမ်နီးချင်းနဲ့ နိုင်ငံကြီးများက ဝင်ရောက်စွက်ဖက်ခြင်း၊ ကိုယ်ပိုင်မဟုတ်သည့် နိုင်ငံရေးစနစ် အစိုးရစနစ်တရပ် ကို ပြင်ပအကူအညီဖြင့် တည်ဆောက်ခြင်း၊ ပြည်သူလူထုကိုယ်စားပြု နိုင်ငံရေး လူမှုရေး ခေါင်းဆောင်များ အုပ်စုများက လက်နက်ကိုင်အင်အားများကို မလွှမ်းမိုးနိုင်ခြင်း၊ ဩဇာ မရှိခြင်းတို့တွေက အာဖဂန်ရဲ့ ပဟေဠိတွေရဲ့ တစွန်းတစ အဖြေတွေ ဖြစ်ပါလိမ့်မယ်။ မြန်မာပြည်သူတွေကလည်း စဉ်းစားဆင်ခြင်သုံးသပ်မိကြလိမ့်မယ် မျော်လင့်ပါတယ်။
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar