Breaking News

မိုးမခအက်ဆေး- လင်းသက်ငြိမ် - "ချောက်ကမ်းပါးထဲက မှတ်စု"

မိုးမခအက်ဆေး
သြဂုတ် ၂၃၊ ၂၀၂၁

ချောက်ကမ်းပါးထဲက မှတ်စု
လင်းသက်ငြိမ်

မှောင်လွန်းတဲ့ နေ့ရက်တွေထဲမှာ ကြယ်တွေ တစ်စင်းပြီးတစ်စင်းကြွေတယ်။
ကျွန်တော်တို့ ခပ်ယူရေတဲ့ ရေတွင်းကလေးဟာ ဟိုးအောက်အဆုံးထိ တိမ်ဝင်နက်ရှိုင်းနေခဲ့ပြီလား။ ကျွန်တော်တို့ရဲ့ ရေတွင်းကလေးထဲမှာ
ရေဆိုတာကော ရှိမှရှိပါသေးရဲ့လား။ မျှော်လင့်ခြင်းဟာ တဖြုတ်ဖြုတ်သစ်ရွက်ကြွေ။ ယုံကြည်ခြင်းက ကွင်း ပြင်ထဲက ဖယောင်းတိုင်။ ကိုယ့်ကိုယ်ကိုယ် လူပိုတစ်ယောက်လိုခံစားရတဲ့နာရီတွေ။ ထမင်းကိုစား၊ ရေသောက်ရတာကို ရှက်ရွှံ့မိ။ ကျွန်တော်ဟာ ဘယ်လိုလေနဲ့ လွင့်လာခဲ့ရတဲ့ ကြွပ်ကြွပ်အိတ်တစ်လုံးလဲ။ ညရေးပျက်တဲ့ညတွေ။ မလွတ်လပ်တဲ့နေ့လည်ခင်းတွေ။

မြစ်ရေကိုချိုးရင်း အကြာကြီးငေးမိ။ ရွာလယ်ဘုရားပေါ်က ကယောက်ကယက်စိတ်ကူးစိတ်သန်းများ။ ကျွန်တော်ဟာ ကဗျာရေးသူတစ်ယောက်ပါ။ ကျွန်တော်ဟာ မြို့ပေါ်မှာ နေထိုင်မရတော့တဲ့ လူတစ်ယောက်ပါ။ ကျွန်တော်ဟာ အလုပ်လက်မဲ့ ဝင်ငွေမရှိသူပါ။
ကျွန်တော်ဟာ သူများပေးစာကမ်းစာနဲ့ အသက်မွေးမြူနေရသူပါ။ ကျွန်တော်ဟာ မိတ်ဆွေတွေရဲ့ အလံကိုမျှော်ကြည့်နေတဲ့သူပါ။ ကျွန်တော်ဟာ ကိုင်းတောကြီးထဲဝင်ပုန်းခဲ့ရတဲ့ သူပါ။
ကျွန်တော်ဟာ ကိုယ့်အိမ်သူကို ဘာမှဝယ်မကျွေးနိုင်တော့တဲ့သူပါ။ ကျွန်တော်ဟာ ဘာအရေးအသားမှ ကြိုး စားလို့မရတော့တဲ့ သူပါ။
ငါးညှီနံ့သင်းသင်း မနက်ခင်းများ။ လက်ဖက်ရည်ရောင်ပေါက်နေတဲ့ မြစ်ကမ်းနံဘေးက ဝါးရုံရိပ်နေ့လယ်များ။ သက်ပြင်းတွေ အဆုပ်လိုက်
ခြွေချဖြစ်တဲ့ညများ။ ကိုယ့်ဘဝကိုယ်လှော်ခတ်ရင်း နေရင်းထိုင်ရင်း လူးလွန့်တိမ်းမှောက်ရ။
နိုင်ငံသားတစ်ယောက်ဖြစ်ရတာနဲ့ ငရဲကျတာအတူတူပဲလား။ အမှန်တရားကို ချစ်တာပြစ်မှုကျူးလွန်တာလား။

ဘယ်သူ့ဆီမှ မခေါ်ဖြစ်တဲ့ ဖုန်းဟာ အားအပြည့်။ ဘယ်အနုပညာမှ မတွေးခေါ်ဖြစ်တဲ့ ဦးခေါင်းဟာ အခွံအတိ ခြောက်ကပ်လို့။
ဒီလိုနေ့ရက်တွေကို ဘယ်သူ ဖောက်ချပစ်ခဲ့တာလဲ။ သူငယ်ချင်းတစ်ယောက်ကျသွားပြီ။
သူငယ်ချင်းတစ်ယောက်ပါသွားပြီ။ သူငယ်ချင်းတစ်ယောက်ပြေးနေရပြီ။ သူငယ်ချင်းတစ်ယောက် ရှာမရတော့ဘူး။ သူငယ်ချင်းတစ်ယောက်။ သူငယ်ချင်းတွေ တစ်ယောက်ပြီး တစ်​ယောက်။ ပျံသန်းလွတ်မြောက်သွားတဲ့လိပ်ပြာတွေ လှပသလောက်။ လှောင်အိမ်ထဲက လိပ်ပြာဟာ ညစ်ထေးစွန်းပေလို့ ။ ကိုယ်ရှိနေတဲ့အကြောင်းဟာ ကိုယ့်သမိုင်းကြောင်းရဲ့ မှင်နီတွေများဖြစ်နေမလား။ ကျန်ရစ်သူဟာ ကျဆုံးသူတွေထက် နာကျင်ခံစားရမလား။ ဖြေစရာတရားလည်း မေ့ရ။ပြေးစရာမြေလည်း မဲ့ရ။

ကဗျာမရေးဖြစ်တဲ့နေ့တွေမှာ ကိုယ်ဟာ ကဗျာဆရာအဖြစ်က လျှောကျသွားတာပဲ။
အမှားအယွင်းကို ပြတ်ပြတ်သားသားဆန့်ကျင်ခဲ့တာနဲ့တင် လူ့အဖြစ်ကို ဆက်လက်ချစ်ခင်ရမယ်။ တမြို့ကယမ်းနံ့ဟာ တမြို့မှာလာနံတယ်။ တမြို့ရဲ့ နာကျင်မှုက တမြို့ကိုသွေးထွက်စေတယ်။ တမြို့ရဲ့အလံဟာ တမြို့မှာ လာလွှင့်ထူတယ်။ တမြို့ပြီး တမြို့ တနေရာပြီး တနေရာ မငြိမ်သက်ဘူး။
မငြိမ်းချမ်းဘူး။ တောရိုင်းဥပဒေတွေနဲ့ မြို့ပြတွေဟာ တစပြင်ဆန်ဆန် ။ အမှန်တရားကို ဘယ်အချိန်ထိ ငံ့လင့်နေရဦးမှာလဲ။ အဓမ္မဝါဒက ဘယ်အချိန်ထိ ထွားကျိုင်းယုတ်ကန်းနေဦးမှာလဲ။

မနက်ခင်းဟာ ဘယ်သူမှ မဖွင့်လဲသူ့အလိုလို ပွင့်ကျလာတယ်။ သတင်းတွေဟာလည်း မနက်ခင်းလို ပွင့်ကျလာတယ်။
ထမင်းဝိုင်းတွေမှာ လူမစုံတော့ဘူး။ လူတချို့ဘယ်တော့မှ အိမ်ကို ပြန်မလာနိုင်ကြတော့ဘူး။
မိခင်တွေဟာ မျက်ရည်နဲ့မျက်ခွက်။ ချစ်သူခင်သူတွေလည်း ရင်ကွဲပက်လက်။ ဒီဇာတ်လမ်းမှာ အားလုံး ဇာတ်ကောင်တွေဖြစ်ခဲ့တယ်။ အရာရာဟာ အလွမ်းဇာတ်ဖြစ်ခဲ့တယ်။ လက်သီးကိုတင်းတင်းဆုပ်။ အံကို တကျိကျိမြည်အောင်ကြိတ်။ သီချင်းတွေမဆိုဖြစ်တော့ဘူး။
နာကျည်းမှုဟာ ဂါထာမန္တရားဖြစ်ခဲ့ပြီ။ အမုန်းတရားဟာ လေနဲ့အတူပျံ့လွှင့်လို့ မနိုင်လို့သီးခံရခြင်းများ၊ အားမတန်မာန်လျော့ရတဲ့မျက်နှာများ၊ ယုံကြည်ရာရဲရင့် စွန့်ဝံ့သူများ။
ပီကာဆိုထပ်ရေးမယ့် ပန်းချီကားတွေ။ ဗင်းဆင့်ဗန်ဂိုး မမြင်ဖူးတဲ့ မျက်နှာတွေ။
သခင်ကိုယ်တော်မှိုင်း မလိုချင်ခဲ့တဲ့အဖြစ်အပျက်တွေ။ ဟင်္သာကိုးသောင်းဇာတ်ထက် ဆိုးရွားယုတ်ကန်းတဲ့ ပြည်တွင်းဖြစ်ရူးသွပ်မှုပြယုဂ်တွေ။

အဓမ္မဝါဒနဲ့နင်းချေရတာတောင် အားရသေးပုံမရတဲ့ ကံတရားက ရောဂါပိုးမွှားကိုအဆစ်တင်သွင်းပေးတယ်။ နာရေးသတင်းများထပ်တိုးလား။ ကိုယ့်အသိထဲကလူတွေ ဟောတယောက် ဟောတယောက် ပျောက်ရှသွားကြ။ ရက်မလည်နိုင်တဲ့ အသုဘများ။ သတင်းသွားမေးလို့မရတဲ့ လူမမာများ။
တော်ပါတော့။ ရပ်ပါတော့။ နားပါတော့။ မျက်ရည်တွေခမ်းကုန်ပါပြီ။ နှလုံးသားတွေနာကျင်ကြေမွကုန်ပါပြီ။ ရှင်သန်ခြင်းကို အယုံအကြည်မဲ့နေပါပြီ။ ဝမ်းနည်းပါတယ်ဆိုတဲ့စကားလုံးကို ကြက်တူရွေးလိုတတွတ်တွတ်ရွတ်ဆိုနေရတာကို မုန်းတီးစက်ဆုက်လှပါပြီ။
ကောင်းမွန်ရာဘုံဘဝမှာ ငြိမ်းချမ်းပါစေဆိုတဲ့ဆုတောင်းကိုလည်း ရှက်ရွှံ့နေရပါပြီ။

ဒန်တီရဲ့ငရဲခန်းပျို့က ဒီလိုလား။
ရှင်အဂ္ဂသမာဓိရဲ့ နေမိဘုံခန်းပျို့ထဲက ငရဲခန်းဟာ ဒီလိုလား။ သူရဲကောင်းတွေ အများကြီးကို ကျွန်တော်တို့ရပြီးပါပြီ ။ နောက်ထပ်သူရဲကောင်းတွေ ထပ်မပေးပါနဲ့တော့ လူယုတ်မာတွေကိုပဲကမ္ဘာကြီးထဲက ဆွဲထုတ်သွားရင် ကျွန်တော်တို့နေသာပါပြီ။ အမှောင်ထုထဲက အားယူနေတဲ့အလင်းအိမ်ငယ်ငယ်ကလေးများ၊တွင်းနက်ထဲက ကုတ်ခြစ်တွယ်တက်နေတဲ့ ယုံကြည်ချက်များ။ လူဟာ မသေမချင်း မျှော်လင့်ခွင့်ရှိတယ်။
လူဟာ အမှန်တရားကို ချစ်ခွင့်ရှိတယ်။ လူဟာမတရားမှုကို မုန်းကိုမုန်းတီးရမယ့် တာဝန်ဝတ္တရားလည်း ရှိပါတယ်။ မုန်းရမယ့်အရာတွေကို ကျွန်တော်မုန်းပါတယ်။ ချစ်ရမယ့်အရာတွေကို ကျွန်တော်ချစ်ပါတယ်။ ကျွန်တော်တို့အားလုံး အလင်းရောင်ကို ယုံတယ်။ အလင်းရောင်နဲ့ ဓာတ်မတည့်တဲ့ အရာအားလုံးကို အလင်း ရောင်က တိုက်ဖျက်ပစ်လိမ့်မယ်လို့လည်း အခုထိ ကျွန်တော်ယုံကြည်ပါတယ်။

လင်းသက်ငြိမ်


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar