Breaking News

မောင်မောင်စိုး - မြန်မာပြည်၏လက်ရှိ စစ်ရေး၊ စီးပွားရေး ၊ နိုင်ငံရေး



မောင်မောင်စိုး - မြန်မာပြည်၏လက်ရှိ စစ်ရေး၊ စီးပွားရေး ၊ နိုင်ငံရေး

(မိုးမခ) စက်တင်ဘာ ၂၈၊ ၂၀၂၁

စစ်ရေး


၂၀၁၁ မှစ၍ မြန်မာပြည်ငြိမ်းချမ်းရေးလုပ်ငန်းစဥ်အစပြုခဲ့သည်။ လုပ်ငန်းစဉ်၏ ရည် ရွယ်ချက် ကောင်းမွန်သည်ဟုဆိုနိုင်သော်လည်း လက်တွေ့ညှိနှိုင်းရာတွင် အခက်အခဲ များစွာရှိသည်။ အပစ်ခတ်ရပ်စဲရေးလက်မှတ်ထိုးသည့်အဆင့်တွင် တိုင်းရင်းသားလက်နက် ကိုင် အများစုနှင့်လက်မှတ်ရေးထိုးခြင်းအား တနှစ်အတွင်းပြီးမြောက်ခဲ့သော်လည်း နိုင်ငံ ရေး ဆွေးနွေးပွဲအဆင့်တက်လှမ်းရန် NCA သဘောတူညီချက်ရရှိရေး ၅ နှစ်ခန့်ကြာခဲ့သည်။

NCA ထိုးကာတွင်လည်း အဖွဲ့အစည်းအရေအတွက်များသော်လည်း လက်နက်ကိုင်အင်အားအများစုရှိသော အဖွဲ့များ NCA လက်မှတ်ထိုးရာတွင် မပါဝင်ခဲ့။ NCA လက်မှတ်ရေးထိုးပြီး နိုင်ငံရေးဆွေးနွေးပွဲများ ခြိမ့်ခြိမ့်သဲကျင်းပခဲ့ကြသည်။ သဘောတူညီချက်အချို့ရခဲ့သည်ဆိုသော်လည်း အရေးကြီးသောအချက်များကို ညှိနှိုင်မရခဲ့။ အဓိက ဖက်ဒရယ်အခွင့်အရေးနှင့်ပတ်သက်၍၎င်း၊ လက်နက်ကိုင်တပ်နှင့်ပတ်သက်၍၎င်း ညှိနှိုင်း၍မရခဲ့ပေ။ ထို့ပြင် အပစ်ခတ်ရပ်စဲရေးလက်မှတ်ရေးထိုးရာတွင်ပါဝင်သည့် တပ်နေရာချ ထားရေးအားမထိမ်းနိုင်ဘဲ အထူးသဖြင့် KNU နှင့် RCSS တို့နှင့် အချို့နေရာ တိုက်ပွဲပြန်ဖြစ်သဖြင့် နိုင်ငံရေးဆွေးနွေးပွဲများ ဆိုင်းငံ့ပြီး ဖြေရှင်းရန် ကြိုးစားနေရသည်။

တဖက်မှာလည်း အပစ်ရပ်လက်မှတ်ရေးထိုးမထားသည့်အဖွဲ့များနှင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်းတွင် တိုက်ပွဲများပြင်းထန်စွာဖြစ်ပွါးခဲ့သည်။ နောက်ပိုင်းတွင် ရခိုင်ပြည်နယ်တွင်ပါ ပြင်းထန်စွာဖြစ်ပွါးသည်။ ထို့ပြင် NCA လက်မှတ်ထိုးခွင့်ပြုရန် ငြင်းဆန်ခံရသည့် AA/TNLA/MNDAA အဖွဲ့ ၃ ဖွဲ့က အင်အား ၄၀,၀၀၀ ခန့်အထိ ကြီးထွားလာသည်။ ကျန်အဖွဲ့များသည်လည်း အင်အားအနည်းငယ်စီတိုးလာကြရာ ၂၀၁၁ မှ ၂၀၂၀ ထိ ၁၀ နှစ်တာ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်အတွင်း တိုင်းရင်းသားလက်နက်က်ိုင် အင်အား ၅၀,၀၀၀ ခန့်အထိ တိုးလာသည်ကိုတွေ့ရသည်။ တိုက်ပွဲများလည်း ရပ်တန့်နိုင်ခြင်းမရှိခဲ့ပေ။

၂၀၂၁ တွင် စစ်ရေးအရ ပို၍ကြီးမားသော အပြောင်းအလဲများကိုတွေ့ရသည်။ ပြိးခဲ့သည့် ၁၀ နှစ်အတွင်း တိုက်ပွဲ မရှိသလောက်ဟုဆိုရမည့် ကယား(ကရင်နီ ) ပြည်နယ်တခုလုံး လက်နက်ကိုင် အုံကြွမှုဖြစ်သည်။ ပြီးခဲ့သည့် အနှစ် ၃၀ကျော်အတွင်း လက်နက်ကိုင်

တိုက်ပွဲမရှိသည့် ချင်းပြည်နယ်တခုလုံးတွင် ပုန်ကန်ထကြွမှုများဖြစ်ပွါးသည်။ ပြိးခဲ့သည် အနှစ် ၄၀ ကျော် ၅၀ အတွင်း ပုန်ကန်ထကြွမှု မရှိသလောက်ဖြစ်သည့် စစ်ကိုင်းတိုင်းတခုလုံး နှင့် မကွေးတိုင်း ခရိုင်အချို့တွင် ပုန်ကန်ထကြွမှုများဖြစ်ပွါးသည်။ မန္တလေးတိုင်း မြို့ နယ်အချို့တွင် ပုန်ကန်ထကြွမှုများဖြစ်သည်။ ရန်ကုန်နှင့် မန္တလေးမြို့ကြိးများတွင် ဗုံးခွဲခြင်း၊ ပစ်မှတ်ထားတိုက်ခိုက်ပစ်ခတ်ခြင်းများ အဆက်မပြတ်ဖြစ်ပွါးလာသည်။

တနင်္သာရီ တိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်တို့တွင် တိုက်ခိုက်မှုအချို့တွေ့ရသည်။ ဧရာဝတီတိုင်းတွင်တော့ လှုပ်ရှားမှုများတွေ့နေရသည်။ ယခင်ရှိပြီးဖြစ်သည် ကချင်ပြည်နယ်၊ ကရင် ပြည်နယ် နှင့်ရှမ်းပြည်မြောက်ပိုင်းတို့တွင် တိုက်ပွဲများပြန်မြင့်လာသည်။ ရှမ်းပြည်တောင်ပိုင်း ၊ ရှမ်းပြည်အရှေ့ပိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် တိုက်ပွဲမရှိ ငြိမ်သက်နေသည်။ သို့သော် ထိုအဖွဲ့များသည် ပြည်တွင်းအခြေအနေကို မပြတ်အကဲခတ်နေကြပြီး သူတို့အင်အားကို တည်ဆောက်နေကြသည်။ သို့ဖြစ်ရာ မည်သည့်အချိန်တွင် တိုက်ပွဲပြန်ဖြစ်မည်ဆိုသည်ကို သတိချပ်နေရသည်။

လောလောဆယ် တည်ငြိမ်သည်ဟု ဆိုနိုင်သည့် ကျေး လက်ဒေသအများစုမှာ ဧရာဝတီမြစ်အရှေ့ခြမ်းနှင့်စစ်တောင်းမြစ်အနောက်ဖက်ခြမ်းရှိ မန္တလေး၊ မကွေး၊ နေပြည်တော်၊ ပဲခူး၊ရန်ကုန်နှင့် ဧရာဝတီတိုင်းတို့ ဟုဆိုနိုင်သည်။ မန္တလေး၏ မြောက်ဖက်၊ ဧရာဝတီမြစ်၏ အနောက်ဖက်နှင့် စစ်တောင်းမြစ်အရှေ့ဖက်တို့သည် မြေအ‌နေအထားအရ စိတ်ချလက်ချ ထား၍မရတော့။

၂၀၂၁ ခုနှစ်အတွင်း နေရာအများအပြားတွင် ပေါ်ပေါက်လာသော လက်နက်ကိုင်အင်အား မည်မျှရှိသည်ကို ယခုအချိန်တွင်ခန့်မှန်းရန်ခက်ခဲပါသည်။ ဒေသအလိုက် ထုတ်ပြန်ထားသည့် လက်နက်ကိုင်အဖွဲ့အစည်းအရေအတွက်မှာ ၁၅၀ ခန့်ရှိသည်ဟု ဆိုပါသည်။

ထိုအဖွဲ့များ၏ ဆက်စပ်မှုအခြေအနေများအား ကောင်းစွာမသိနိုင်သေးပါ။ လူမှုကွန်ယက်တွင် တွေ့ရသော ဓါတ်ပုံများ၊ ဗီဒီယိုဖိုင်များအရ အစောပိုင်းက အရပ်ဝတ်ဖြင့်တူမီးကိုင်သော ပုန်ကန်သူများသည် စစ်ယူနီဖေါင်းအပြည့်အစုံဝတ်၍ ချေမှုန်းရေးရိုင်ဖယ်များ တစတစကိုင်ဆောင်လာသည်ကို တွေ့နေရသည်။ တိုက်ပွဲများ၊ စစ်ဆင်ရေးများအတွင်း နှစ်ဖက်ထိခိုက်၊ ကျဆုံး၊ဒဏ်ရာရ၊ ဖမ်းမိ သည့် စာရင်းများနှင့်ပတ်သက်၍ အပြန်အလှန်ဖေါ်ပြနေသည်ကိုတွေ့ရသည်။ အရေအတွက်မနည်းလှပေ။ ပုန်ကန်မှုများသည် အလျင်အမြန်ပျံ့နှံ့နေသကဲ့သို့ တဖက်ကလည်း ပြင်းထန်သောစစ်ဆင်ရေးများကို ရင်ဆိုင်နေရသည်။

မည်သို့ပင်ဖြစ်စေ ငြင်းပယ်၍မရသည့် မျက်မှောက်စစ်‌ရေးအခြေအနေများမှာ ၂၀၂၁ ခုနှစ်တွင် မြန်မာပြည်တွင်း၌ စစ်ရှိန်မြင့်လာသည်။ စစ်မျက်နှာသစ်များပေါ်လာသည်။ စစ်ပွဲသည်ကျယ်ပြန့်လာသည်။ နေ့စဉ်တိုက်ပွဲများဖြစ်ပွါးနေသည်။ ထို့ပြင်စစ်ရှိန် တဖြေးဖြေးမြင့်ရန် တာစူနေသောအခြေအနေတွင်လည်းရှိနေသည်။ ၂၀၂၁ ခုနှစ်တွင် မြန်မာပြည်၏ စစ်ရေးအခြေအနေသည် ရုတ်ချည်းပြောင်းလဲသွားခဲ့ပြီဖြစ်သည်။

၂၀၂၁ ခုနှစ် စက်တင်ဘာ ၂၇ ရက်နေ့တွင် နစက က ၅ လတာ အပစ်ရပ်ကြေညာ သည်ကိုတွေ့ရသည်။ အပစ်ရပ်ကြေညာချက်ကရည်စူးသည်မှာ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များကိုသာဖြစ်သည်ကိုတွေ့ရသည်။ PDF များအား အကြမ်းဖက်အဖြစ် ဆက် လက် ဖေါ်ပြထားရာ အပစ်ရပ်ရေးတွင် အကြုံးဝင်ခြင်းမရှိပေ။ ယခင်အပစ်ရပ်ရေးပြုလုပ်ရာတွင် AA/TNLA/MNDAA အဖွဲ့များချန်ထားသကဲ့သို့၎င်း၊ အပစ်ရပ်နယ်မြေများ ကြေညာရာတွင် ရခိုင်ပြည်နယ် ချန်ထားသကဲ့သို့၎င်း အလားတူသည်။

တပ်မတော်မှ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့မှစ၍ လပိုင်းလိုက် အပစ်ရပ်ကြေညာ၍ သက်တမ်းတိုးလာသည်မှာလည်း အကြိမ် ၂၀ မြောက်ဖြစ်သည်ကိုတွေ့ရသည်။ သို့သော် တကယ်တမ်း မြေပြင်တွင် တိုက်ပွဲများရပ်တန့်သွားသည်ကတော့ မတွေ့ရသေးပေ။ သို့ဖြစ်ရာ တပြည်လုံး အပစ်အခတ်ရပ်စဲရေးဖြစ်နိုင်ရန် ခက်ခဲနေပေအုံးမည်။

ဆက်လက်ဖေါ်ပြပါမည်
မောင်မောင်စိုး


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar