Breaking News

မိုးမခကဗျာ - အောင်ဝေး " ငါတို့နိုင်မှဖြစ်မယ် " ၊ မျိုးတေဇာမောင် " မြင်သား "

Image - Crd
မိုးမခကဗျာ
စက်တင်ဘာ ၁၅၊ ၂၀၂၁`

" ငါတို့နိုင်မှဖြစ်မယ် "
အောင်ဝေး

စိမ်းတဲ့ရိုးမပေါ်
မုတ်သုံလေ ဝင်ရောက်လာသလို
နွေဦးတော်လှန်ရေးထဲ
"ဒီနေ့" ဝင်ရောက်လာတယ်။
ငါတို့နိုင်မှဖြစ်မယ်။
ငါတို့နိုင်မှ
ပြန်ဆုံရမဲ့ 
မိသားစုထမင်းဝိုင်းတွေရှိတယ်။
ငါတို့နိင်မှ
ပြန်နီမြန်းရမဲ့
ကျောင်းရှေ့က စိန်ပန်းပင်တွေရှိတယ်။
ငါတို့နိုင်မှ
ပြန်ရေးရမဲ့
ခေတ်ရဲ့တေးအသစ်တွေရှိတယ်။
ငါတို့နိုင်မှ
ပြန်ဂုဏ်ပြုရမဲ့
ကျဆုံးသူရဲကောင်းတွေရှိတယ်။
ငါတို့နိုင်မှ
ပြန်ဖျက်သိမ်းရမဲ့
တောရိုင်းဥပဒေတွေရှိတယ်။
ငါတို့နိုင်မှ
ပြန်သတ်ပစ်ရမဲ့
ဖက်ဆစ်အလောင်းကောင်တွေလည်းရှိတယ်လေ။
ငါတို့နိုင်ကိုနိုင်မှဖြစ်မယ်။
အခု
ငါတို့နိုင်မှလွှင့်ထူရမဲ့
နွေဦးနိုင်ငံတော်သစ်အလံကို
(အမေ့အိမ်ရှေ့မှာ)
ရဲရဲဝံ့ဝံ့လွှင့်တင်နိုင်ဖို့
ငါတို့နိုင်ကိုနိုင်မှဖြစ်မယ်။   ။

September 8. 2021

.....

" မြင်သား "
မျိုးတေဇာမောင်


မြင်ရဲ့သားနဲ့
မမြင်သလို နေနေကြတဲ့လူတွေနဲ့
မမြင်ရက်လို့
မမြင်သလိုနေနေကြတဲ့လူတွေနဲ့
မြင်နေရတာတောင်
မမြင်ရသလို မခံစားတတ်ကြသူတွေနဲ့
မြင်ရဲ့လား ၊ တိုင်းပြည်ရဲ့ သားလေးတွေ
မြင်သားဟာ
အမြင်မှားစရာမဟုတ်ဘူး
မြင်သားဟာ
မြင်သာတဲ့ ရက်ရက်စက်စက် သမိုင်းပဲ
မြင်သားကိုမြင်ကြ
မြင်သားကိုမှတ်သားကြ
မြင်သားလိုခံစားကြ။

....


t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar