Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၇ လ ၁၄ ရက်မြောက်နေ့ မြင်ကွင်း




မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၇ လ ၁၄ ရက်မြောက်နေ့ မြင်ကွင်း
(မိုးမခ) စက်တင်ဘာ ၁၄၊ ၂၀၂၁

​ကုလသမဂ္ဂရဲ့ ကိုယ်စားပြုမှုရဖို့ ကြိုးပမ်းမှု
နှစ်စဥ် စင်တင်ဘာလမှာကျင်းပတဲ့ ​ကုလသမဂ္ဂညီလာခံမှာ မြန်မာနိုင်ငံရဲ့ ကိုယ်စားပြုမှုအတွက် စစ်ကောင်စီကိုယ်စားလှယ်ကို ခွင့်ပြုမှာလား ဒါမှမဟုတ် NUG ကို ကိုယ်စားပြုတဲ့ သံအမတ် ဦးကျော်မိုးထွန်းကို ဆက်လက်ထားမလားဆိုတာက လွန်ခဲ့တဲ့လတွေကတည်းက စိတ်ဝင်စားမျှော်လင့်နေခဲ့ကြတာ အခု စက်တင်ဘာ ၁၄ ရက် စတင်တဲ့အခါ ဦးကျော်မိုးထွန်းကို လာမယ့်နိုဝင်ဘာလအထိ ကုလသမဂ္ဂမှာ ဆက်လက်ထားရှိပြီး ညီလာခံမှာ မိန့်ခွန်းတော့မပြောဖို့ဆိုတဲ့ ချွင်းချက်နဲ့ လက်ခံထားရှိမယ်လို့ သတင်းဌာနအချို့က ရေးသားထားကြပါတယ်။ 

​ကုလသမဂ္ဂမှာ ကိုယ်စားပြုမှုဆိုတဲ့အချက်ဟာ ဘာကြောင့်အရေးကြီးလည်းလို့မေးရင် ဒီမှာကိုယ်စားပြုမှုခံရတယ်ဆိုရင် စစ်ကောင်စီကို နိုင်ငံတကာမှာ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုတယ်ဆိုတဲ့ သဘောသက်ရောက်ပြီး ကိုယ်စားပြုမှုမရဘူးဆိုရင်တော့ သံတမန်ရေးအရ ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်သလို NUG ကို နိုင်ငံတကာက အစိုးရအဖြစ် ဆက်ဆံဖို့အတွက် အလေးသာစေမှာ ဖြစ်ပါတယ်။ 

ဒီလို ​ကုလသမဂ္ဂမှာ ကိုယ်စားပြုမှုရဖို့ရာ လနဲ့ချီတဲ့ စည်းရုံးပြောဆိုမှုတွေ ထောက်ခံမှုတွေ၊ ထောက်ခံ တောင်းဆိုစာတွေ ပေးပို့တာ၊ ဆန္ဒပြတာ စသဖြင့် ကြိုးစားခဲ့ကြပြီး အခုရက်မှာ ဖြစ်လာနိုင်ခြေတချို့ အရိပ်အယောင်တွေ့ရပြီး ကွဲကွဲပြားပြား ပြတ်ပြတ်သားသားတော့ မရှိသေးဘူးလို့ ဆိုရမယ် ထင်ပါတယ်။ 
နိုင်ငံတကာ သံတမန်ရေးအရ အသိအမှတ်ပြုမှုဟာ စိတ်ဓါတ်ရေးအရ အထောက်အကူဖြစ်စေနုိင်ပါတယ်။ နိုင်ငံတကာဆက်ဆံရေးက ပြည်တွင်းရေးကိုလည်း အတိုင်းအတာတခုထိလည်း အထောက်အကူဖြစ်စေတယ်ဆိုတာ ဝန်ခံပါတယ်။ သို့ပေမယ့် အဆုံးအဖြတ်တော့မဟုတ်ဘူးဆိုတာလည်း ရှင်းရှင်းလင်းလင်း ဖြစ်နေဖို့ လိုတယ်ထင်ပါတယ်။ 

နိုင်ငံတကာကသာစစ်ရေးအရ ဝင်ရောက်စွက်ဖက်မှု ဆိုတာမျိုးကတော့ အဆုံးအဖြတ်ဖြစ်နိုင်ပေမယ့် လက်ရှိ နိုင်ငံတကာအခင်းအကျင်း မြန်မာ့အခင်းအကျင်းဟာ အဲလိုအနေအထားမှာမဟုတ်သလို အဲလိုဝင်ရောက်စွက်ဖက်မှုမျိုးဟာလည်း အကျိုးချည်း မဟုတ်သလို အပြစ်ပါတွဲလျက်ပါတာမျိုး ဖြစ်ပါတယ်။ 

ဒီနေ့ အတွက် အခြားေသာ ပြည်တွင်းသတင်းတွေမှာတော့ စစ်ကိုင်းတိုင်းထဲက မြို့နယ်အချို့၊ မကွေးတိုင်းထဲက မြို့နယ်အချို့နဲ့ မန္တလေးတိုင်းထဲက မြို့နယ်အချို့မှာ မိုဘိုင်းအင်တာနက်တွေ ဖြတ်လိုက်တယ်ဆိုတဲ့ သတင်းတွေ ဖေါ်ပြထားကြတာဖြစ်ပါတယ်။ 

အင်တာနက် ဖြတ်တောက်လိုက်တာဟာ သတင်းစီးဆင်းမှု၊ အချင်းချင်း အချိတ်အဆက်၊ သတင်းရရှိမှုကို ဖြတ်တောက်လိုက်တာလို့ ေယဘုယျအားဖြင့် ယူဆရပါတယ်။ ရခိုင်ပြည်နယ်မှာ လက်နက်ကိုင်တိုက်ပွဲတွေ ပြင်းထန်နေခဲ့စဥ်က မြို့နယ် ၉ မြို့နယ်ကို ၁ နှစ်ကျော်ကြာ ဖြတ်တောက်ခဲ့တဲ့ သာဓကတွေလည်း ရှိခဲ့တာ ဖြစ်ပါတယ်။ 

အခု သီတင်းပတ်တွေမှာ မကွေးတိုင်း အထက်ပိုင်း ဂန့်ဂေါ၊ စစ်ကိုင်းတိုင်း ကလေးမြို့နယ်၊ ကနီ၊ မင်းကင်း၊ ယင်းမာပင်၊ တန့်ဆည် စတဲ့ ဒေသတွေမှာ လက်နက်ကိုင် ပီဒီအက်ဖ်တွေ က စစ်ကောင်စီယာဥ်တန်း၊ စခန်း၊ ရဲစခန်းစတာတွေကို တိုက်ခိုက်တာတွေ စစ်ကောင်စီက ရွာတွေကိုမီးရှို့တာတွေ ဒေသခံပီဒီအက်ဖ်လို့ သံသယရှိသူ စွပ်စွဲခံရသူတွေကို ပစ်သတ်တာတွေက နေ့စဥ်လိုလို ဓါတ်ပုံအထောက်အထားနဲ့တကွ သတင်းတွေတက်နေတာ ဖြစ်ပါတယ်။ ဒီလို သတင်းတွေ နေ့စဥ်ဖေါ်ပြနေတာကို စစ်ကောင်စီဘက်က ဖြတ်တောက်ဖို့ ရည်ရွယ်ပြီး အခုလို အင်တာနက်တွေ ဖြတ်တောက်လိုက်တာလို့ ယူဆရပါတယ်။
အခြားသတင်းတွေအနက် အပတ်စဥ် တရားရုံးချိန်းရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ ရုံးချိန်း ဒီနေ့ ဆက်လက်စစ်ဆေးတယ်ဆိုတဲ့ သတင်းဖြစ်ပါတယ်။ ယမန်နေ့က ဒေါ်အောင်ဆန်းစုကြည် ကားမူးတာကြောင့် တရားရုံးကို ခွင့်စာတင်ပြီး ဦးဝင်းမြင့်အမှုပဲ ဆက်လက်စစ်ဆေးခဲ့တာဖြစ်ပြီး ဒီနေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်ကိုစွဲဆိုထားတဲ့ အမှုကိုစစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။ နောက်တဆက်တည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီကို စာရင်းစစ်မယ့်ကိစ္စ ယူအီးစီက ပေးတဲ့စာကို ဒေါ်အောင်ဆန်းစုကြည်က လက်ခံမယူခဲ့ပဲ ပါတီအမှုဆောင်တွေကိုပဲ ပေးဖို့ ပြန်တုံ့ပြန်ခဲ့တယ်ဆိုတဲ့ သတင်းဖြစ်ပါတယ်။ စစ်ကောင်စီက အခြားသော အန်အယ်လ်ဒီခေါင်းဆောင်တွေကို ဖမ်းဆီးစွဲဆိုထားတဲ့အမှုတွေနဲ့ပတ်သက်လို့ ဘာမှ သတင်းထုတ်ပြန်ခြင်းမရှိပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ကိုစွဲဆိုတဲ့ အမှုကိုတော့ ရုံးတွေပြန်ဖွင့်တာနဲ့ ပုံမှန်အတိုင်း ပြန်လည်စစ်ဆေးတာဖြစ်ပါတယ်။

ဒီနေ့ စက်တင်ဘာ ၁၄ ရက်နေ့မှာ ရန်ကုန်မြို့၊ လှည်းကူး၊ မကွေးမြို့နဲ့ နေပြည်တော် လယ်ဝေးစစ်ဆေးရေးဂိတ်တို့မှာ ပစ်ခတ်မှု ပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပြီး မကွေးမြို့မှာတော့ လမ်းဘေးစျေးရောင်းသူရဲ့ ကလေးငယ်တဦးသေဆုံးပြီး လယ်ဝေးဂိတ်မှာတော့ ရဲတဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ရန်ကုန်မြို့မှာတော့ သေဆုံးမှု သတင်းမကြားရပဲ လှည်းကူးမှာတော့ အမျိုးသမီးတဦး သေနတ်နဲ့ လုပ်ကြံခံရပြီး သေဆုံးခဲ့တာ ဖြစ်ပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar