Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၇ လ ၂၅ ရက် မြောက်နေ့ မြင်ကွင်း


မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၇ လ ၂၅ ရက် မြောက်နေ့ မြင်ကွင်း
(မိုးမခ) စက်တင်ဘာ ၂၅၊ ၂၀၂၁


မြို့ပြပျောက်ကျားမှာ ဗျူဟာရှိသလား 
မြို့ပြပျောက်ကျားဆိုတဲ့ နည်းနာက အရင့်အရင် လက်နက်ကိုင်တိုက်ခိုက်မှု တိုက်ပွဲဖေါ်ဆောင်ရာမှာ မြန်မာနိုင်ငံမှာအသုံးပြုခဲ့ဖူးတဲ့ နည်းလမ်းတရပ်တော့မဟုတ်ပါဘူး။ အင်္ဂလိပ် ကိုလိုနီခေတ် နယ်ချဲ့ကိုလိုနီကို ပုန်ကန်တိုက်ခိုက်ခဲ့ကြစဥ်က  ကျေးရွာတွေ နယ်တွေဒေသတွေမှာ ဓါးတွေ၊ လက်လုပ်သေနတ်တွေနဲ့ အင်္ဂလိပ်စစ်တပ်ကို တိုက်ခိုက်ခဲ့ကြပါတယ်။ အဲဒီခေတ်ကလည်း ရဲစခန်းတွေ ဝင်စီးတာမျိုးတွေ အလစ်အငိုက်တိုက်ခိုက်တာမျိုးတွေ လုပ်ဆောင်ကြပြီးနောက် တောနယ်ကို အခြေစိုက်ပြီး တိမ်းရှောင်ခဲ့ကြတာဖြစ်ပါတယ်။ 

၁၉၄၂ မှာဖြစ်တဲ့ ဒုတိယကမ္ဘာစစ်ကတော့ သိပြီးဖြစ်တဲ့အတိုင်း ကမ္ဘာစစ်ဖြစ်တာနဲ့အညီ အင်အားကြီးနိုင်ငံတွေရဲ့ မဟာဗျူဟာမှာ အစိတ်အပိုင်းတခုဖြစ်ခဲ့တဲ့သဘောဖြစ်ပါတယ်။ အရှေ့အာရှရဲ့ ဝင်ရိုးတန်းနိုင်ငံ တနည်းအားဖြင့် ဖက်ဆစ်ဂျပန်စစ်တပ်တွေက အရှေ့တောင်အာရှ၊ အရှေ့အာရှကို သိမ်းယူကြတဲ့ မဟာဗျူဟာရဲ့ အစိတ်အပိုင်းတခုဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံက ဂျပန်စစ်တပ်တွေ ဝင်လာချိန်မှာ ဗမာ့လွတ်လပ်ရေးတပ်မတော် (ဘီအိုင်အေ) က အတူဝင်ရောက်လာပြီး မြန်မာနိုင်ငံက အင်္ဂလိပ်ကိုလိုနီလက်အောက်က ယာယီလွတ်မြောက်ပြီး ဂျပန်လက်အောက်ကျရောက်ခဲ့ရတာဖြစ်ပါတယ်။ ဒီအကြောင်းအရာတွေက သိပြီးသား အချက်အလက်တွေဖြစ်ပါတယ်။ ဒီနေရာမှာ ဖေါ်ပြရခြင်းက အဲဒီကာလ စစ်ပွဲကလည်း နေရာယူ စစ်ပွဲ စစ်ယန္တရားအစုံနဲ့ အင်အားနဲ့တိုက် နေရာယူနယ်မြေသိမ်း အုပ်ချုပ်ရေးထူထောင်တဲ့ စစ်ပွဲဖြစ်ပါတယ်။ 

တဖန် လွတ်လပ်ရေးရပြီးမကြာခင် ၁၉၄၉ မှာ စတင်တဲ့ ပြည်တွင်းစစ်ကာလ စစ်ပွဲက နေရာယူစစ်ပွဲဖြစ်ပြီး အချို့နေရာတွေမှာတော့ ပျောက်ကျားတိုက်ခိုက်တာတွေလည်း ရှိခဲ့ပါတယ်။ မြို့တွေထဲက အချို့ကို သိမ်းယူနိုင်ခဲ့ပြီး ရန်ကုန်မန္တလေး ကားလမ်းလိုမျိုးကို ဖြတ်တောက်ခြိမ်းခြောက်နိုင်ခဲ့တာဖြစ်ပါတယ်။ 

အဲဒီနောက် ၁၉၅၀ နှောင်းပိုင်း၊ ၆၀၊ ၇၀ ခုနှစ်တွေကနေ သက္ကရာဇ် ၂၀၀၀ ကျော်ထိက ပျောက်ကျားစစ် အခြေပြုနယ်မြေထူထောင် နယ်မြေစိုးမိုးရေးတိုက်ခိုက်ကြတဲ့ စစ်ပွဲအမျိုးအစားတွေ ဖြစ်ပါတယ်။ ကျေးလက်တွေကို အခြေခံပြီး မြို့ငယ်အချို့ကို ယာယီအားဖြင့် သိမ်းနိုင်ခဲ့တာတွေရှိပေမယ့် နယ်စပ်တွေကို အခြေခံထားပြီး အိမ်နီးချင်းနိုင်ငံကို အရေးပေါ် ခိုလှုံရာ တိမ်းရှောင်ရာအဖြစ်နဲ့ ဗျူဟာချ တိုက်ခိုက်ခဲ့ကြတဲ့ စစ်ပွဲတွေဖြစ်ပါတယ်။ 

ဗကပ လို့အတိုကောက်ခေါ်ကြတဲ့ ကွန်မျူနစ်ပါတီဗမာပြည်က သူ့ရဲ့လက်နက်ကိုင်တပ်တွေကို ပဲခူးရိုးမကို ၁၉၇၀ အစောပိုင်းမှာ ဆုတ်ခွာခဲ့ရပြီး တရုတ်နယ်စပ်ကနေ ထိုင်းမြန်မာနယ်စပ် တွေမှာ အခြေစိုက်ခဲ့ပါတယ်။ 
တဖန် ၁၉၈၈ ခုနှစ် ရှစ်လေးလုံး အရေးအခင်းကို စစ်အာဏာသိမ်းလိုက်တဲ့နောက် နယ်စပ်တိုင်းရင်းသားလက်နက်ကိုင်ဧရိယာတွေကို သောင်းဂဏန်းနဲ့ချီ ခိုလှုံခဲ့ကြပြီး စစ်အာဏာရှင်ကို  လက်နက်ကိုင်တိုက်ခိုက်ဖို့ ဖွဲ့စည်းခဲ့ကြပါတယ်။ တောင်ပိုင်း မြောက်ပိုင်းနဲ့ အလယ်ပိုင်းဆိုပြီး ဒေသအလိုက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေရဲ့ ကူညီမှုကို ရယူပြီး လက်တွဲကာ ဆယ်စုနှစ်နဲ့ချီ တိုက်ခိုက်ခဲ့ကြပြန်ပါတယ်။ ABSDF လို့ခေါ်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး အနေနဲ့လည်း နယ်မြေအခြေပြု လက်နက်ကိုင်လမ်းစဥ်၊ ပျောက်ကျားစစ် စသဖြင့် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ 

ဒီနေ့ပြောချင်တဲ့အကြောင်းအရာက အခု ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး အရေးတော်ပုံဖြစ်လာတဲ့အခါ တိုင်းရင်းသားလက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ နယ်စပ်ဒေသတွေကို အခြေပြုပြီး လက်နက်ကိုင်တိုက်ခိုက်ဖို့နည်းလမ်းမျိုး ရွေးချယ်သူလည်း ရွေးချယ်ကြသလို မြို့ပြပျောက်ကျားသဘော လက်နက်ကိုင် သင်တန်းတက်၊ သေနတ်၊ ဖောက်ခွဲရေးပစ္စည်းတွေ လျှို့ဝှက်ယူဆောင်သွင်းယူလာပြီး မြို့ပေါ်မှာ အုပ်ချုပ်မရအောင်နဲ့ စစ်အာဏာရှင် စစ်တပ်ကို ဖဲ့ခြွေဖို့ ရည်ရွယ်ကြတဲ့သဘောနဲ့ တိုက်ခိုက်မှုတွေလုပ်ဆောင်ကြတာက အရင့်အရင် လက်နက်နဲ့ တိုက်ခိုက်ကြတဲ့ မဟာဗျူဟာ၊ နည်းဗျူဟာတွေနဲ့ ကွဲပြားပြီး ခုတကြိမ်မှာ မြန်မာနိုင်ငံအဖို့ အသစ်ထွက်ပေါ်လာတဲ့ နည်းနာဖြစ်တာကို အထူးပြု ပြောဆိုလိုခြင်း ဖြစ်ပါတယ်။ 

မြို့ပြပျောက်ကျားဖြစ်တာနဲ့အညီ လူတွေကြားထဲ လျှို့ဝှက်စွာ အသွင်ယူ ကိုယ်ဘာဆိုတာ မိမိအဖွဲ့ထဲကသူတွေကလွဲရင် မသိအောင်နေထိုင်ရတာဖြစ်သလို အဲဒီအခြေအနေကနေ ပစ်မှတ်တွေကို ရှာဖွေဖေါ်ထုတ် တိုက်ခိုက်ကြတာမျိုးဖြစ်ပါတယ်။ 

မတ်လလယ်နဲ့နှောင်းပိုင်းက စတင်လိုက်တဲ့ လမ်းပေါ် ခုခံပိတ်ဆို့မှုတွေကနေ လက်လုပ် ဓါတ်ငွေ့သေနတ်တွေ၊ ဓါတ်ဆီပုလင်းတွေ၊ တာယာမီးရှို့တာတွေကို လူငယ်တွေ လုပ်ဆောင်ခဲ့ကြပြီး မေလ၊ ဇွန်လနောက်ပိုင်းမှာတော့ ဖောက်ခွဲမှုတွေ၊ ချောင်းမြောင်းပစ်ခတ် လုပ်ကြံမှုတွေ၊ စစ်ကောင်စီကို သတင်းပေးတယ်၊ ဒလံလုပ်တယ်ဆိုသူတွေကို လုပ်ကြံပစ်ခတ်သတ်ဖြတ်မှုတွေ အသွင်ပြောင်းလဲလာခဲ့ ပါတယ်။ 

လုံခြုံရေးစည်း မကျိုးပေါက်ဖို့ အတွက် လျှို့ဝှက်ခြင်း၊ အစု အဖွဲ့ငယ်တွေအလိုက် လုပ်ဆောင်ရခြင်းတွေကြောင့် အားလုံးကို တပြိုင်နက်ထဲ  ထွက်ကြဖို့ တိုက်ကြဖို့ ခေါ်ဖို့ ခက်ခဲတာလည်း ကြုံကြမယ်လို့ထင်ပါတယ်။ ဒီလို မြို့ပြပျောက်ကျားက ရန်ကုန်၊ မန္တလေး လို မြို့ကြီးတွေမှာ မုံရွာ၊ ကလေး၊ ပုသိမ်၊ မော်လမြိုင်တို့လိုမြို့တွေမှာ လှုပ်ရှားကြမယ့် သဘောလည်း ဖြစ်ပါတယ်။ တဖက်မှာလည်း ရန်သူကို ဖြိုဖို့ ချိနဲ့အောင်လုပ်ဖို့ အသာစီးရအောင် တိုက်ခိုက်ဖို့ဆိုရင် တဖွဲ့နဲ့တဖွဲ့ ညှိနှိုင်းထားပြီး အချိန်ကိုက်တိုက်ခိုက်တာမျိုးတွေ လုပ်ဖို့ လိုအပ်မယ်လို့ ထင်ပါတယ်။ အဖွဲ့တွေ အချင်းချင်းအကြား ဆက်သွယ်ရေးက တိုက်ရိုက်ဆက်သွယ်ရေးလား သို့မဟုတ် အများသိတဲ့ ဆက်သွယ်ရေးလမ်းကြောင်းကနေ တိုက်ပွဲခေါ်သံလားဆိုတာမျိုးလည်း စဥ်းစားလုပ်ဆောင်ကြရမယ် ထင်ပါတယ်။ သို့မဟုတ်ပဲ သူ့အဖွဲ့အလိုက် သူတိုက်ပွဲခေါ်သံနဲ့ သူ့အဆင်သင့်ဖြစ်မှု သူ့ပြင်ဆင်မှုနဲ့ သူလုပ်ကြတာမျိုး၊ တဖွဲ့နဲ့တဖွဲ့အကြား လက်နက်၊ သတင်းအချက်အလက် ဖလှယ်တာ ကူညီတာတွေ လုပ်နိုင်ကြမလားဆိုတဲ့ လက်တွေ့ကျတဲ့ မေးခွန်းတွေ ရှိနိုင်ပါတယ်။ 

ဒီလို မေးခွန်းတွေ ဒီလိုဖြေရှင်းဆောင်ရွက်ရမယ့်ဟာတွေ အတွက် ဘယ်အဖွဲ့အစည်းက ကမကထ လုပ်ဆောင်ရွက်နေသလဲ ရှင်းရှင်းလင်းလင်းမရှိပါဘူး။ 
ဘာကြောင့်ဒီလိုမေးခွန်းတွေ ထွက်ပေါ်လာရတာလဲဆိုရင် ခုလပိုင်းတွေမှာ ရန်ကုန်မြို့ မန္တလေးမြို့တွေမှာ မြို့ပြပျောက်ကျားလို့ ခေါ်ဆိုရမယ့် အစုအဖွဲ့တွေ တစုပြီးတစု အဖမ်းခံနေကြရတာ သတင်းတွေထဲ တွေ့နေရပြီး အစုအဖွဲ့တစု အဖမ်းခံရရင် အနည်းဆုံး ၇ ယောက်လောက်ကနေ အများဆုံး ၁၈ ယောက် ၂၀ အထိ ဖမ်းခံရသလို လက်နက်တွေလည်း သိမ်းခံရတာမျိုး ဖြစ်ပါတယ်။ 

ဒီလိုအနေအထားက စစ်အာဏာရှင်တပ်တွေကို ဗျူဟာကျတဲ့ တိုက်ပွဲမျိုး မဖေါ်ဆောင်နိုင်ခင် မတိုက်နိုင်ခင်မှာ အင်အားတွေ လျော့ပါးသွားရတာမျိုးလို့ ယူဆမိပါတယ်။ မြို့ပြပျောက်ကျားတွေက လတိုင်း နှစ်တိုင်းမှာ အင်အားတွေထပ်ဖြည့် လက်နက်တွေ ထပ်ဝယ်ယူ သယ်ဆောင်သွင်းလာဖို့ လွယ်ကူတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ အသက်စွန့်ပြီး စုပြီးထောက်ပံ့ကြတဲ့ ငွေကြေးကလည်း အကန့်အသတ်ရှိမှာ ဖြစ်ပါတယ်။ 

မနေ့က စမ်းချောင်းမြို့နယ် ပြည်လမ်းမပေါ်က တိုက်ခန်းတခန်းကို ဝင်ရောက်စီးနင်းရာမှာ ဖြစ်ပျက်ခဲ့တာကိုကြည့်ရင် စစ်ကောင်စီတပ်သားတွေကို ပစ်ခတ်ပြီး ပျောက်ကျားတွေလည်း အသက်အသေခံ တိုက်ခိုက်သွားကြတာမျိုးကို နောက်နောင် ဘယ်လိုမဖြစ်အောင် လုပ်ဆောင်နိုင်မလဲ ဒီအခြေအနေက ဘာတွေသင်ခန်းစာယူရမလဲဆိုတာ လက်နက်ကိုင်တော်လှန်ရေးကို ဦးဆောင်အဖွဲ့အစည်းတွေ အနေနဲ့ လေးလေးနက်နက် သုံးသပ်ဖို့ လိုအပ်လိမ့်မယ်လို့ ထင်မြင်မိပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar