Breaking News

မောင်သာမည - သောကခေတ်တွင် ရှင်သန်ခြင်း၊ အပိုင်း ( ၁ )


သောကခေတ်တွင် ရှင်သန်ခြင်း၊ အပိုင်း ( ၁ ) 
မူရင်း - စဗက်လာနာ 
မြန်မာပြန် - မောင်သာမည
(မိုးမခ) အောက်တိုဘာ ၂၈၊ ၂၀၂၁

{၂၀၁၅ ခုနှစ်၏ စာပေဆိုင်ရာနိုဘယ်ဆုရ ဘဲလာရုစ်လူမျိုး စာရေးဆရာမကြီး စဗက်လာနာ ( Svetlana Alexandrovna Alexievich)ရေးသားသည့် " Chenobyl Prayer " စာအုပ်၏ အခန်းတစ်ခန်း “ A Lone Human Voice" ကို ပြန်ဆိုထားခြင်းဖြစ်ပါသည်။ 
ရုရှားဘာသာဖြင့် ရေးထားသော မူရင်းစာအုပ်ကို ၁၉၉၇ ခုနှစ်တွင် ထုတ်ဝေသည်။ အင်္ဂလိပ်ဘာသာပြန် ပထမမူ (Voices from Chernobyl ) ကို ၂၀၀၅ ခုနှစ်တွင် ထုတ်ဝေသည်။ အင်္ဂလိပ်ဘာသာပြန် ဒုတိယမူ (Chernobyl Prayer) ကို ၂၀၁၇ တွင် ထုတ်ဝေသည် } 
--------------------------------------------------

အပိုင်း ( ၁ ) 

ဘာအကြောင်း ပြောပြရမလဲဆိုတာတော့  ကျမလည်းမသိဘူးရှင်။ သေခြင်းတရားအကြောင်းလား။ အချစ်အကြောင်းလား။ ဒီနှစ်ခုက အတူတူပဲလား။ ကျွန်မ ဘာပြောပြရင် ကောင်းမလဲ။
သူနဲ့ကျွန်မက လက်ထပ်ပြီးကာစ။ လက်ချင်းတွဲပြီး လမ်းလျှောက်လို့ကောင်းနေတုန်း။ 
ဈေးဆိုင်တွေမှာ ဈေးဝယ်ထွက်ရင်တောင် လက်တွဲမဖြုတ်ဘူး။ တယောက်ကိုတယောက် အပျောက်မခံနိုင်တဲ့ကြင်စဦးမောင်နှံပေါ့။ " မောင့်ကိုကျွန်မချစ်တယ် " လို့ သူ့ကို ပြောနေတတ်ခဲ့ပေမဲ့ အဲဒီအချိန်တုန်းကတော့ သူ့အပေါ် ဘယ်လောက်အထိ ချစ်နေခဲ့မှန်းမတွေးမိခဲ့ဘူး။ ကျွန်မတကယ်မသိခဲ့ဘူး။
ကျွန်မတို့နေတာက သူအလုပ်လုပ်တဲ့မီးသတ်ဌာနဝန်ထမ်းဆောင်ရဲ့ပထမထပ်မှာ။ ကျွန်မတို့နဲ့အတူ လူငယ်စုံတွဲမိသားစုသုံးခုလည်း အဲဒီမှာပဲနေကြတယ်။ မီးဖိုချောင်တခုတည်းကို အတူတူမျှပြီး သုံးကြတယ်။ မြေညီထပ်မှာက မီးသတ်ကားတွေ။ အနီရောင်မီးသတ်ကားတွေပေါ့။
ဒါက သူ့အလုပ်လေ။ မီးသတ်သမားဆိုတော့  သူဘယ်နေရာရောက်နေသလဲ၊ သူ ဘာလုပ်နေသလဲဆိုတာကို ကျွန်မ အမြဲသိတာပေါ့။

အဲဒီညကသန်းခေါင်အချိန်လောက်မှာ ဆူဆူညံညံအသံတွေကို ကျွန်မကြားလိုက်ရတယ်။ အော်ဟစ်နေတဲ့အသံတွေပဲ။ ပြတင်းပေါက်ကနေ အပြင်ကိုလှမ်းကြည့်လိုက်တော့ သူက ကျွန်မကိုမြင်သွားပြီး လှမ်းပြောတယ်။ " ပြတင်းပေါက်တွေအကုန်ပိတ်ပြီး ပြန်အိပ်လိုက်၊ ဟိုမှာ ဓာတ်အားပေးစက်ရုံမီးလောင်နေတယ်။ သိပ်ကြာမှာ မဟုတ်ပါဘူး၊ ချက်ချင်းပြန်လာမယ်" တဲ့။ 
ဓာတ်အားပေးစက်ရုံပေါက်ကွဲတာကို ကျွန်မမမြင်ရဘူး။  ဒါပေမဲ့ မီးတောက်တွေကိုတော့ လှမ်းမြင်နေရတယ်။ မြင်ကွင်းထဲမှာတော့ အားလုံး လင်းထိန်နေတာပဲ။ ကောင်းကင်ကြီးတခုလုံးလည်း လင်းလို့။ မီးတောက်ကြီးတွေက အပေါ်ကိုထိုးတက်နေတာ အမြင့်ကြီးပဲ။ မီးခိုးမှိုင်းလုံးကြီးတွေဆိုတာ အလိပ်လိုက်အလိပ်လိုက်။ အပူရှိန်ကလည်းပြင်းလိုက်တာမှ တကယ်ကိုကြောက်စရာကြီး။ ကျွန်မကတော့ သူပြန်လာမှာကိုပဲ လည် တဆန့်ဆန့်နဲ့ မျှော်နေခဲ့ရတာပေ့ါ။
ကျွန်မမြင်နေရတဲ့ မီးခိုးမှိုင်းတွေက ကတ္တရာတွေ မီးလောင်တာနေ ထွက်လာတာ။။ ဓာတ်အားပေးစက်ရုံရဲ့ အမိုးကို ကတ္တရာနဲ့ အုပ်ထားတယ်လေ။ 
နောက်တော့မှ သူပြောပြတယ်။ ကတ္တရာစေးပူပူပေါ်မှာ လမ်းလျှောက်နေရသလိုပဲ တဲ့။ မီးငြှိမ်းဖို့သူတို့ကြိုးစားကြပေမဲ့ မရဘူး တဲ့။ မီးက တအိအိနဲ့တိုးတိုးလာပြီး အပေါ်ကို ပြန်တက်လာတာပဲတဲ့။ မီးလောင်နေတဲ့ ဂရတ်ဖိုက်ခဲတုံးတွေကို သူတို့ကန်ချကြတယ် တဲ့။

သူတို့က မီးသတ်ဝတ်စုံကို မဝတ်ထားခဲ့ကြဘူး။ မီးသတ်ဝတ်စုံက ကင်းဗတ်စနဲ့ ချုပ်ထားတာဆိုတော့ အပူဒဏ်ခံနိုင်တာပေါ့။အိမ်နေရင်း ဝတ်ထားတဲ့ သာမန် အဝတ်အစားနဲ့ပဲ ထွက်သွားခဲ့ကြတာ။ ဘယ်သူကမှ သူတို့ကို မီးသတ်ဝတ်စုံ ဝတ်ဖို့ သတိမပေးခဲ့ကြဘူး။ ရိုးရိုးမီးလောင်တာပဲ ဆိုပြီး လှမ်းခေါ်လို့ သွားခဲ့ကြတာလေ။
မနက်လေးနာရီ။ ငါးနာရီ။ ခြောက်နာရီ။ မနက်ခြောက်နာရီထိုးရင် သူ့မိဖတွေဆီ သွားလည်ကြမယ်လို့ ကျွန်မတို့ စီစဉ်ထားတာ။ အာလူးစိုက်ဖို့ သွားကြမှာလေ။ ကျွန်မတို့ နေတဲ့ ပရီယတ် (Pripyat ) မြို့နဲ့သူ့မိဖတွေနေတဲ့ စပါရီဇီးမြို့က (Sperizhye) က ကီလိုမီတာ လေးဆယ်ဝေး တယ်။ သူက စိုက်ရပျိုးရတာကို သဘောကျတယ်။ တူးရဆွရ တာကို သဘောကျတယ်။ သူ့မိဖတွေက သူ့ကို မြို့မှာ မနေစေချင်ဘူး။ ဒါကို မကြာခနလည်း ပြောတတ်တယ်။ သူ့အတွက်ဆိုပြီး အိမ်အသစ်တစ်လုံးတောင် ဆောက်ပေးထားတယ်။ သူကို စစ်မှုထမ်းဖို့ ခေါ်တော့ မော်စကို က မီးသတ်တပ်ဖွဲ့မှာ တာဝန်သွားထမ်းတယ်။ ပြန်လာတော့လည်း မီးသတ်ဌာနပဲ။ သူလုပ်ချင် တာက မီးသတ်အလုပ်ပဲလေ။ မီးသတ်အလုပ်ကလွဲပြီး တခြားအလုပ်ကို သူ မလုပ်ချင်ခဲ့ဘူး။( ဆက်မပြောဘဲ ငြိမ်ကျ သွားသည်)
တခါတလေတော့ သူ့အသံကိုကြားနေရသလိုမျိုး ကျွန်မခံစားရတယ်။ သူ အသက်ရှင်နေသလိုမျိုးပေါ့။ ကျွန်မမှာ သူ့ဓာတ်ပုံတွေ ရှိပါတယ်။  ဒါပေမဲ့သူ့ဓာတ်ပုံတွေက သူ့အသံလောက် ကျွန်မရင်ထဲမှာ မထိခိုက်ဘူး။ အခုတော့ သူက ကျွန်မကို မခေါ်တော့ပါဘူး။ အိပ်မက်တွေထဲမှာ တောင် မခေါ်တော့ပါဘူး။ ကျွန်မကသာ သူ့ကို ခေါ်နေခဲ့တာ။

မနက် ခုနစ်နာရီ ထိုးပြီ။ 
ခုနစ်နာရီထိုးတော့ သူဆေးရုံရောက်နေပြီလို့ ကျွန်မကိုပြောတယ်။ ကျွန်မလည်း ဆေးရုံကိုအပြေးအလွှားသွားလိုက်တယ်။ ဒါပေမဲ့ ကျွန်မရောက်တဲ့အချိန်မှာ ဆေးရုံကို ရဲတွေကဝိုင်းထားပြီ။ ဘယ်သူမှဆေးရုံထဲကိုဝင်လို့မရတော့ဘူး။ လူနာတင်ယာဉ်တွေပဲ ဝင်ခွင့်ပေးတယ်။ လူနာတင်ယာဉ်တွေနားကိုမကပ်ဖို့ ရဲတွေက သတိပေးနေတယ်။ ရေဒီယိုသတ္တိကြွတာကိုတိုင်းတာတဲ့ ဂိုင်ဂါကိရိယာရဲ့လက်တံက အရမ်းမြင့်တဲ့အမှတ်ကို ပြနေတယ်။
အဲဒီအချိန်မှာ ဆေးရုံကိုရောက်လာတာ ကျွန်မတစ်ယောက်တည်းမဟုတ်ဘူး။ အဲဒီညက ဓာတ်အားပေးစက်ရုံမှာရှိခဲ့ကြတဲ့ယောက်ျားတွေရဲ့ဇနီးသည်အားလုံးရောက်နေကြတာ။ 
အားလုံးအပြေးအလွှားပဲ။ အဲဒီဆေးရုံမှာ ကျွန်မရဲ့သူငယ်ချင်းဆရာဝန်တစ်ယောက်ရှိတယ်။ အဲဒီသူငယ်ချင်းကို အပူတပြင်းလိုက်ရှာရတာပေါ့။ သူ ငယ်ချင်းဆရာဝန်က လူနာတင်ယာဉ်တစ်စီးပေါ်က ဆင်းလာတယ်။ ကျွန်မလည်း သူ့ကုတ်အကျီအဖြူကိုလက်နဲ့လှမ်းဆွဲထားပြီး “ငါ့ကို ဝင်ခွင့်ပေးပါသူ ငယ်ချင်းရယ်" လို့ ပြောလိုက်တယ်။ 

“ ဝင်ခွင့်ပေးလို့မရဘူး၊ သူ့အခြေအနေက တော်တော်ဆိုးနေတယ်၊ သူတို့အားလုံးပဲ ” လို့ သူငယ်ချင်းက ပြန်ပြောတယ်။ ကျွန်မက သူ့အကျီကိုမလွှတ် ပေးဘူး။
“ သူ့ကိုကြည့်ရုံလေး ကြည့်မှာပါသူငယ်ချင်းရယ်၊ ဒါလောက်ကလေးတော့ ကူညီပေးပါနော်"
“ ကောင်းပြီ - ဒါဆိုရင် မြန်မြန်လုပ်ရမယ်- ဆယ်ငါးမိနစ် မိနစ်နှစ်ဆယ်လောက်ပဲ အချိန်ရမယ် ” တဲ့။
ဒီလိုနဲ့ သူ့ကို ကျွန်မမြင်ခွင့်ရခဲ့ပါတယ်။ သူ့တကိုယ်လုံးက ဖူးရောင်နေတယ်။ သူ့မျက်လုံးတွေကိုတောင်မမြင်ရအောင် မျက်နှာကြီးက ရောင်ကိုင်းလို့။ 
“ နွားနို့သောက်ရမယ်၊ နွားနို့အများကြီး သောက်ရမယ် ” 
“ သူက နွားနို့မသောက်တတ်ဘူး”
“ အခုတော့ သောက်ကိုသောက်ရမယ် "
နောက်ပိုင်းမှာ အဲဒီ ဆေးရုံက ဆရာဝန်တွေနဲ့သူနာပြုတွေအားလုံး၊ ဆေးရုံအကူလုပ်သားတွေအားလုံး ကျန်းမာရေးချို့ယွင်းပြီး သေဆုံးသွားကြတယ်။ အဲဒီတုန်းကတော့ ဒီလိုဖြစ်လာလိမ့်မယ်လို့ ဘယ်သူမှ မသိခဲ့ကြဘူးလေ။

မနက် ဆယ်နာရီအချိန်မှာပဲ ဓာတ်အားပေးစက်ရုံက အော်ပရေတာတစ်ယောက်ဖြစ်တဲ့ချီချန်နော့ (Shishenok) သေဆုံးသွားတယ်။ သေတဲ့အထဲမှာ သူက ပထမဆုံးပဲ။ သူ့နောက်မှာ ထပ်သေတဲ့သူကတော့ အပျက်အစီးပုံတွေအောက်မှာ ပိနေတဲ့သူလို့ပြောတယ်။ နာမည်က ဗဲလာရီခိုဒမ်ချုပ်( Valery Khodemchuk )တဲ့။ သူ့ကို အပေါ်ရောက်အောင် ဆွဲမထုတ်နိုင်ခဲ့ဘူး။
ကွန်ကရစ်တွေအောက်မှာပဲ မြှုပ်လိုက်ရတယ်။ အဲဒီအချိန်တုန်းကတော့ ဒီနှစ်ယောက်ဟာ ပထမအသုတ်အနေနဲ့သေတဲ့သူတွေပဲလို့ ကျွန်မတို့မသိခဲ့ကြဘူး။
 " ဗက်စယာ ၊ ကျွန်မ ဘာလုပ်ပေးရမလဲဟင်" လို့ ကျွန်မက သူ့ကိုမေးလိုက်တော့ သူက ပြန်ပြောတယ်။ “ ဒီနေရာက ချက်ချင်းထွက်သွားပါ - မင်း ထွက်သွားလိုက်ပါ - မင်းက ကလေးမွေးရတော့မှာကွ ” တဲ့။ ဟုတ်တယ်။  ကျွန်မမှာ ကိုယ်ဝန်ရှိနေပါတယ်။ ရေဒီယိုဓာတ်အဆိပ်သင့်နေတဲ့ သူ့အနားမှာကြာကြာနေရင် ကျွန်မဗိုက်ထဲက ကလေး တခုခုဖြစ်သွားမှာ သူစိုးရိမ်နေတယ်။
ဒါပေမဲ့ သူ့ကိုဒီအတိုင်းကြီးထားခဲ့ပြီး ကျွန်မ ဘယ်လိုထွက်သွားနိုင်မှာလဲရှင်။

-ဆက်ရန် 

-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar