Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၈ လ ၂၀ ရက်မြောက်နေ့ မြင်ကွင်း



မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၈ လ ၂၀ ရက်မြောက်နေ့ မြင်ကွင်း

(မိုးမခ) အောက်တိုဘာ ၂၀၊ ၂၀၂၁
လပြည့်နေ့ နဲ့ နွေဦးတော်လှန်ရေး

ဒီနေ့ ကျရောက်တဲ့ သီတင်းကျွတ်လပြည့်နေ့မှာ လူအများ ဘုရားသွားကြတာတွေ ဆိုရှယ်မီဒီ​ယာမှာ ဓါတ်ပုံတွေ တက်လာတဲ့အခါ ဆိုရှယ်မီဒီယာရဲ့ သဘာဝအတိုင်း အမျိုးမျိုးသောရှုထောင့်တွေကနေ ဝေဖန်ပြောဆိုမှု စွပ်စွဲမှု အပြစ်တင်မှုတွေ ပေါ်ထွက်လာခဲ့တာပါ။

လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကတည်းက ကိုဗစ်ကူးစက်ကပ်ဘေးကြောင့် လူအများနဲ့ဆိုင်တဲ့နေရာတွေ ဝင်ရောက်ခွင့် ပိတ်ထားခဲ့ပြီး တဖန် ဖေဖေါ်ဝါရီ ၁ ရက်နေ့နောက်ပိုင်း နိုင်ငံရေး လှုပ်ရှားမှုတွေကြောင့် အများနဲ့သက်ဆိုင်တဲ့ နေရာတွေတင်မက သင်္ကြန်လို ရာသီပွဲတော်တွေကိုတောင် မကျင်းပဖို့ နှိုးဆော်ခဲ့တာကြောင့် မကျင်းပခဲ့ကြပါဘူး။ ခုအခါမှာ စစ်အာဏာသိမ်းပြီး ၉လ နီးပါးရောက်ရှိလာပြီး နိုင်ငံရေးတိုက်ပွဲက မြို့ပေါ်မှာ ပျောက်ကြားသဘောမျိုး ဖောက်ခွဲတာ လုပ်ကြံသတ်ဖြတ်တာတွေ ရှိနေပေမယ့် လူထုစုဝေးမှုတွေ မရှိကြတော့ပဲ တိုင်းရင်းသားလက်နက်ကိုင် ဒေသတွေမှာ လက်နက်ကိုင်တပ်ဖွဲ့ဖို့ သွားရောက်ကြတဲ့ အခင်းအကျင်းမျိုး ပြောင်းလဲသွားခဲ့တာဖြစ်ပါတယ်။

အခုလိုကာလမှာ မိုးရာသီအကုန် ပွင့်လင်းရာသီအစ သီတင်းကျွတ်လပြည့်မှာ အလုပ်ပိတ်ရက်နဲ့ ဘုရားတွေ ဖွင့်ပေးလိုက်ကြချိန် ၊ ကမ်းခြေက ဟိုတယ်တွေ ပြန်ဖွင့်ခွင့်ပြုချိန်မှာ ဘုရားဖူးသွားတာ ခရီးသွားတာတွေ လုပ်ကြတဲ့ သဘောဖြစ်ပါတယ်။

ဒီလို ကမ်းခြေသွားသူ၊ ဘုရားဖူးသွားသူတွေကို ဆိုရှယ်မီဒီယာမှာ တွေ့ကြတဲ့အခါ နိုင်ငံရေးရေချိန်ကျသွားပြီလား ဆိုတဲ့ စိုးရိမ်မှု ပူပန်မှု၊ အားမလိုအားမရ ဖြစ်မှုတွေနဲ့ ဝေဖန်ပြစ်တင်ကြတာတွေ ဖြစ်လာတာပါ။ ဆိုရှယ်မီဒီယာခေတ်မှာ နှပ်ကြောင်းပေးမှုတွေ လှုံ့ဆော်မှုတွေကို နာမည်ရင်း ဖေါ်စရာမလိုပဲ ရေးသားနိုင်တာကြောင့် တာဝန်ယူစွာနဲ့ ရေးသားတာမျိုး ပြောဆိုတာမျိုးထက် လွန်လွန်ကဲကဲ ပြောဆိုတာတွေ ပြစ်တင်တာတွေဖြစ်တတ်တာဟာ ဆိုရှယ်မီဒီယာခေတ်ရဲ့ သဘာဝလို ဖြစ်နေတာလည်း ဖြစ်ပါတယ်။

ဒီနေ့ ရွှေတိဂုံကို ဘုရားဖူးသွားကြတဲ့ သူတွေကိုလည်း တောထဲမှာ ဆင်းဆင်းရဲရဲ နဲ့ နေထိုင်နေကြရတဲ့ ပီဒီအက်ဖ်လူငယ်တွေ၊ ထောင်ထဲ ဖမ်းဆီးထိန်းသိမ်းခံနေရသူတွေ၊ အသက်ဆုံးရှုံးသွားတဲ့ သူတွေကို အားမနာပဲ ဘုရားသွားကြသလားဆိုတာမျိုး ဝေဖန်ပြောဆိုကြသလို ဒီနေ့မှာ ဝတ်ဆင်ကြတဲ့ အချို့မိန်းကလေးတွေရဲ့ နေကြာပန်းအဆင် ထမီနဲ့ အင်္ကျီ ဝမ်းဆက်ဝတ်ဆင်တာတွေကိုလည်း စစ်တပ်ထောက်ခံသူတွေဘက်က လှုံ့ဆော်ဝတ်ဆင်ခိုင်းတယ်ဆိုတဲ့ သံသယ ၊ တချို့ကလည်း တခြားအဓိပ္ပါယ်တမျိုးနဲ့ သရော်ရေးသားမှုတွေက ဆိုရှယ်မီဒီယာကွန်းမင့် ပို့စ်တွေ ခေတ်စားနေခဲ့တာပါ။

သာမန်လူထုကို စည်းရုံးဖို့၊ နားလည်အောင် ရှင်းပြဖို့အစား အပြစ်တင်တာ၊ စွပ်စွဲတာ၊ ဖယ်ကျဥ်တာတွေလုပ်တာဟာ မှန်ကန်တဲ့ စည်းရုံးရေးမျိုးမဟုတ်ပါဘူး။ ဘုရားသွားခြင်း ခရီးသွားခြင်းဟာ စစ်အုပ်စုကို ထောက်ခံတာလို့ စွပ်စွဲ သတ်မှတ်တာမျိုးမလုပ်ပဲ သာမန်လူထုအနေနဲ့ အခုလိုကာလမှာ သူတို့အတွက် စိတ်ထွက်ပေါက် အဖြစ်သွားလာချင်ကြမှာ ဆိုတဲ့ သဘောမျိုး ထားနိုင်ဖို့ လိုမယ်ထင်ပါတယ်။

ဖေဖေါ်ဝါရီလ ၁ ရက်နေ့နောက်ပိုင်း မြို့ပေါ်က လူထုဆန္ဒပြပွဲတွေ လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ကြတာလဲ ဒီလူထုတွေထဲကပဲ ဖြစ်ပါတယ်။ ခုနေချိန်ခါမှာ ဘုရားသွားလို့ လူအများသွားလာကြတဲ့ နေရာသွားကြလို့ဆိုပြီး အားလုံးကို စစ်တပ်ထောက်ခံသူအဖြစ် သတ်မှတ်အပြစ်တင်တာလည်း စည်းရုံးရေးဆန်တဲ့ နိုင်ငံရေးလုပ်ဆောင်မှုမဟုတ်ပဲ ရန်သူများလာအောင် လုပ်ဆောင်သလို ဖြစ်သွားနိုင်ပါတယ်။ စစ်အုပ်စုအစိုးရ ဘဏ္ဍာငွေမရအောင် အခွန်အခ၊ မီတာခ မဆောင်ရေး၊ စစ်တပ်ထုတ်ကုန် မသုံးစွဲရေး စတဲ့ လုပ်ဆောင်မှုမျိုးကို လှုံ့ဆော်စည်းရုံးတာ မှန်ကန်နည်းလမ်းကျပါတယ်။ သို့ပေမယ့် ဘုရားသွားတာလို ကမ်းခြေသွားတာလိုမျိုးကို အားလုံးစွပ်စွဲပြစ်တင်တာမျိုးက ကိုယ့်ဘက်က ထောက်ခံသူအချို့ကိုပါ ဖယ်ကျဥ်တွန်းထုတ်တဲ့ သဘောသက်ရောက်တာလည်း ဖြစ်ပါတယ်။

လူထုကို နွေဦးတော်လှန်ရေးရဲ့ နိင်ငံရေး အခင်းအကျင်း၊ မဟာဗျူဟာ နည်းဗျူဟာ လှုပ်ရှားမှုတွေထဲ ပါဝင်နိုင်တဲ့နေရာမှာ ပါဝင်နိုင်ဖို့ စည်းရုံးနိုင်ဖို့ စည်းရုံးတတ်ဖို့ အရေးကြီးပါတယ်။
အဲလိုမဟုတ်ခဲ့ရင် မိမိတို့ကို ထောက်ခံသူကို ကြားလူဖြစ်အောင် ကြားလူကို တဖက်ရောက်သွားအောင် ဖယ်ကျဥ်သလို စည်းရုံးရေးမျိုးကိုသတိပြု ရှောင်ရှားသင့်တယ်လို့ တိုက်တွန်းရေးသားချင်ပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar