Breaking News

မောင်မောင်စိုး - မြန်မာ-တရုတ်ဆက်ဆံရေးနှင့် မြန်မာ့အရေး ၁၅



မောင်မောင်စိုး - မြန်မာ-တရုတ်ဆက်ဆံရေးနှင့် မြန်မာ့အရေး ၁၅

(မိုးမခ) အောက်တိုဘာ ၂၁၊ ၂၀၂၁  

မြန်မာ့အရေးနှင့်တရုတ်

၂၀၂၁ ဖေဖော်၀ါရီ ၁ ရက်နေ့ကစတင်သည့် မြန်မာ့နိုင်ငံရေးအပြောင်းအလဲတွင် အစော
ပိုင်းကာလ၌ တရုတ်တို့၏ သီးခြားသဘောထားကို မတွေ့ရပါ။ သို့သော် ကမ္ဘာ့ကုလသမဂ္ဂ ၌ မြန်မာ့အရေးနှင့်ပတ်သက်၍ ပြင်းထန်စွာကန့်ကွက်ရှုံ့ချခြင်းကိုမူ တရုတ်တို့သဘောမတူခဲ့သည်ကိုတွေ့ရသည်။ ‌တရုတ်တို့က မြန်မာ့အရေးကို ပြည်ပစွက်ဖက်မှုမပါဘဲ ငြိမ်း ချမ်းစွာဖြေရှင်းရေးကို ရပ်ခံသည်။ တရုတ်တို့၏ ကမကထပြုမှုနှင့် အာစိယံက မြန်မာ့အရေးကို ဝင်ရောက်ညှိနှိုင်းပေးရန် အသင့်တော်ဆုံးအဖွဲ့အစည်းအဖြစ် နိုင်ငံတကာက အသ်ိမှတ်ပြုလာသည်။ နစက နှင့် အာစီယံကြားချိတ်ဆက်ရာတွင် တရုတ်တို့က အဓိကအခန်းက ပါဝင်လာသည်။

လူထုလှုပ်ရှားမှုအတွင်း တရုတ်ဆန့်ကျင်ရေးမြင့်တက်လာစဉ် တရုတ်ကွန်မြူနစ်ပါတီမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထံပေးစာတစောင်ထွက်လာသည်။ ထို့နောက်၂၀၂၁ ခုနှစ် ဩဂုတ်လ ၂၁ ရက်မှစတင်သည့် တရုတ်သံတမန် ဆွန်ကော့ရှန်၏ မြန်မာပြည်ခရီးစဉ်သတင်းထွက်လာသည်။ ထူးခြားသည်မှာ တရုတ်သံတမန်၏ ခရိီးစဉ်အား နစက မှ ထုတ်ပြန်ခြင်းမတွေ့ရဘဲ တရုတ်တို့ဖက်က ထုတ်ပြန်မှ သိရခြင်းဖြစ်သည်။ တရုတ်သံတမန်ခရီးစဉ်အတွင် မြန်မာ့အရေးဖြေရှင်းရန်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါ မြန်မာပြည်ရှိအရေးပါသော အဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးရန်အဆိုပြုသည်ဟု၎င်း၊ တရုတ်သံတမန်က ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံခွင့်တောင်းသည်ဟု၎င်း သတင်းများထွက်ပေါ်လာသည်။ လက်ရှိ နစက ကပြန်လည်ဖွဲ့စည်းထားသည့် ရွေးကောက်ပွဲကော်မရှင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား ဖျက်သိမ်းနိုင်သည်ဟု လေသံထွက်နေသည့်အချိန်တွင် ထွက်ပေါ်လာသည့် တရုတ်သဘောထားသည် အများအာရုံစိုက်ဖွယ်ဖြစ်ခဲ့သည်။ တဆက်တည်းလိုလိုပင် ကမ္ဘာ့ကုလသမဂ္ဂရှိ မြန်မာကိုယ်စားလည်နေရာနှင့်ပတ်သက်၍ စက် တင်ဘာလအတွင်း ဆုံးဖြတ်ရန်ရှိသည့်ကိစ္စအား တရုတ်နှင့်အမေရိကန်တို့အဓိကညှိနှိုင်းမှုပြုလုပ်ပြီး အပြီးသတ် ဆုံးဖြတ်ချက်မချသေးဘဲ လက်ရှိကိုယ်စားလည်အား ဆက်လက်ခန့်ထားရန်ဆုံးဖြတ်ခဲ့သည်ကို တွေ့ရသည်။ 

လက်ရှိကုလသမဂ္ဂဆိုင်ရာ မြန်မာကိုယ်စားလှယ်မှာ NUG ဖက်မှ ရပ်ခံသူဖြစ်ရာ တရုတ်သဘောထားမှာ နစက အတွက် စိတ်ပျက်ဖွယ်ရာဖြစ်‌ခဲ့သည်။ ၂၀၂၁ အောက်တိုဘာ ၁ ရက်နေ့ တရုတ်သမတနိုင်ငံထူထောင်သည့်နေ့တွင် NUGက တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးသဝဏ်လွှာတစောင်ပို့သည်ကို တွေ့ရသည်။ သို့ဖြစ်ရာ အစောပိုင်းမြင့်တက်နေသော တရုတ်ဆန့်ကျင်ရေးလေထုနှင့်တရုတ်ရင်းနှီးမြှုပ်နှံများအားတိုက်ခိုက်ရန် လှုံ့ဆော်မှုများ သိသိသာသာလျော့ကျ ပျောက်ကွယ်သွားသည်ကို တွေ့ရသည်။
သို့ဖြစ်ရာ မြန်မာ့အရေးနှင့်ပတ်သက်၍ တရုတ်တို့ မည်သို့သဘောထားမည်နည်း၊ မည် သို့ကိုင်တွယ်မည်နည်းဆိုသည်မှာ စိတ်ဝင်စားဖွယ်ရာဖြစ်သည်။ ပထမအချက်အနေနှင့် တရုတ်တို့သည် မြန်မာပြည်အပြောင်းလဲစပြိးမကြာခင် ဖေဖဝါရီ ၁၀ ခန့်မှစ၍ တရုတ်နယ်စပ်တလျောက် တရုတ်စစ်တပ်အင်အားများဖြည့်တင်းမှုများပြုလုပ်ခြင်း၊ တပ်အသင့်ပြင်ခြင်းများတွေ့ရသည်ဟု နယ်စပ်ဒေသသတင်းအရင်းအမြစ်များအရသိရသည်။ တ ရုတ်တို့အနေနှင့်မြန်မာအရေးနှင့်ပတ်သက်၍ အလေးအနက်ထားသည်၊ ဖြစ်နိုင်ချေအား လုံးကိုထည့်သွင်းတွက်ချက်ထားသည်ဆိုသည်ကို ထိုအချက်က ပြနေသည်ဟုဆိုရမည်။
 
ဒုတိယအချက်အနေနှင့် အမေရိကန်အနောက်နိုင်ငံများနှင့် တရုတ်တို့မတူသည့် အ ချက်မှာ တရုတ်တို့သည် မြန်မာပြည်မြောက်ဖက်နယ်စပ်တလျောက်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား ထဲထဲဝင်ဝင် ထိစပ်မှုရှိသည်။ ၁၉၈၉ ခုနှစ် ဗမာပြည်ကွန်မြူ နစ်ပါတီပြိုကွဲပြီးနောက်ထွက်ပေါ်လာသော ဝ/မိုင်းလား/ကိုးကန့်နှင့်ပန်ဝါ အခြေစိုက်အဖွဲ့များသည်၎င်း၊ KIA အဖွဲ့သည်၎င်း တရုတ်နယ်စပ်တလျောက်တွင်တည်ရှိသည်။ ထိုအဖွဲ့များနှင့်သူတို့ထိမ်းချုပ်‌သည့်ဒေသများသည် ပြည်မအစိုးရအာဏာမသက်ရောက်သည့်အတွက် တရုတ်နယ်စပ်ရှိ ဒေသန္တရအစိုးရများသည် ထိုအဖွဲ့များနှင့်တိုက်ရိုက်ဆက်ဆံ၍ နယ်စပ်ဖြတ်ကျော်မှုခင်းပြသနာ၊ မူးယစ်ဆေးဝါးပြသနာများကိုနှင့်နိစ္စဓူဝပြသနာများကို ဖြေရှင်းကြသည်။ ထိုလက်နက်ကိုင်အဖွဲ့များနှင့်ထိမ်းချုပ်နယ်မြေရှိလူထုကလည်း တရုတ်ပြည်နှင့် ကုန်စည်ကူးသန်းရောင်းဝယ်မှုများရှိကြသည်။ အစောပိုင်းကာလက ထိုအဖွဲ့များ သည် ငြိမ်းချမ်းရေးယူထားသဖြင့် ပြသနာမရှိလှပေ။ သို့သော် ၂၀၀၉ နောက်ပိုင်းမှစ၍ ထိုအဖွဲ့များနှင့် မြန်မာအစိုးရ ဆက်ဆံရေးပျက်ပြားပြီးနောက် နယ်စပ်ဒေသတလျောက်မတည်မငြိမ်ဖြစ်လာသည်။

၂၀၁၁ နောက်ပိုင်း တရုတ်နယ်စပ်ဒေသတလျောက် တစတစ တိုက်ပွဲများပြင်းထန် လာခဲ့သည်။ ထိုအချိန်ကာလက မြန်မာအစိုးရသည် အမေရိကန်အပါ အနောက်နိုင်ငံများ နှင့် နိုင်ငံရေး၊စီးပွါးရေး၊စစ်ရေးဆက်ဆံရေးထူထောင်ရန် လမ်းဖွင့်နေသည့်ကာလဖြစ် သည်။ ထိုအချိန်ကာလ၌ ထိုင်းနယ်စပ်တလျောက် တိုင်းရင်းသားအဖွဲ့များနှင့်အပစ်ရပ်ထားနိုင်ခဲ့သော်လည်း တရုတ်နယ်စပ်တလျောက် အဖွဲ့များနှင့် တိုက်ပွဲများဖြစ်ပွါးခြင်းသည် အနောက်နှင့်မြန်မာနိီးစပ်သည်ကို မလိုလား၍ တရုတ်တို့က တဖက်လှည့်နှင့် ဖိ အားပေးခြင်းဖြစ်နိုင်သည်ဟု ထိုစဉ်ကာလ မြန်မာအစိုးရတာဝန်ရှိသူတို့အချို့ စဉ်းစားသုံးသပ်ကြသည်။ 

၂၀၁၁ မြန်မာအစိုးရ၏ ငြိမ်းချမ်းရေးလုပ်ငန်းစတင်သောအခါ အ နောက်နိုင်ငံများတက်ကြွစွာပါဝင်ကူညီလာသည်။ ကုလသမဂ္ဂအတွင်းရေးမှူး၏ကိုယ်စားလည်လည်း စေလွှတ်ခဲ့သည်။ တရုတ်တို့ကလည်း အာရှရေးရာအထူးသံတမန်အမည်ဖြင့် သံတမန်တဦးစေလွှတ်ခဲ့သည်။ ထိုသံတမန်သည်အစောပိုင်းကာလက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် လေ့လာသူအဖြစ်သာပါဝင်ခဲ့ပြိး တက်ကြွသည့် လှုပ်ရှားမှုများမတွေ့ရပေ။

၂၀၁၅ နှစ် NCA ထိုးရာတွင် တရုတ်နယ်စပ်ရှိအဖွဲ့များပါဝင်ခြင်းမရှိသည့်အပြင် ၂၀၁၅/ ၂၀၁၆ ခုနှစ်များတွင် တရုတ်နယ်စပ်၌ တိုက်ပွဲများပြင်းထန်စွာဖြစ်ပွါးပြီး မြန်မာတရုတ်နယ်စပ်ကုန်သွယ်မှုပါ ခေတ္တပြတ်တောက်သွားခဲ့သည်။ ၂၀၁၀ ခုနှစ်မှစ၍ UWSA ၊ NDAA တို့နှင့် နအဖ အဆင်မပြေဖြစ်လာပြီးနောက် နှစ်ဖွဲ့လုံး၏ စစ်အင်အားတည် ဆောက်မှု သိသ်ိသာသာမြင့်တက်လာသည်။ ထိုတည်ဆောက်မှု၏နောက်ကွယ်တွင် တ ရုတ်၏လက်တံခြေတံပါသည်ဟု ယူဆမှုများရှိနေသည်။ မြန်မာနှင့်တရုတ်ကြား အငြင်းပွါးမှု အဖြစ်ဆုံးပြသနာမှာ ၂၀၁၅ ခုနှစ်ကိုးကန့်တကျော့ပြန်စစ်ပွဲဖြစ်သည်။ 

ကိုးကန့်အဖွဲ့အား တရုတ်တို့ဖက်က ကူညီသည်။ ကြေးစားတရုတ်စစ်သားများ ဝင်ရောက်တိုက်ခိုက်ပေးသည်ဆိုသည့် စွပ်စွဲချက်များတွေ့ရသည်။ တရုတ်တို့ဖက်ကငြင်းဆိုသော်လည်း ထိုစဉ် မြန်မာနယ်စပ်နှင့်ပတ်သက်၍ တာဝန်ရှိသည့် စစ်ချွမ်းစစ်ဒေသမှ တရုတ်စစ်ဖက်အရာရှိကြီး ၄ ဦးခန့် ကိုးကန့်စစ်ပွဲနှင့်ပတ်သက်၍ အရေးယူခံရသည်ဟု ဟောင်ကောင်သတင်းများတွင်တွေ့ရသည်။ ကိုးကန့်စစ်ပွဲအတွင်း မြန်မာတပ်ဖွဲ့ဝင်များ တရုတ်ပိုင်နယ်မြေတွင်းသို့ ရောက်ရှိခြင်း၊ မြန်မာဖက်မှ လေယဉ်ဗုံးကြဲ၍ တရုတ်နယ်ထဲကျပြိး တရုတ်အရပ်သားများသေဆုံးမှုများဖြစ်ပွါးသည်။ နောက်ဆုံး ၂၀၁၅ ခုနှစ် ဇွန်လ ၁ ရက်နေ့မှစ၍ တရုတ်နယ်စပ်တလျောက်တွင် တရုတ်က ရက်အကန့်သတ်မရှိ စစ်လေ့ကျင့်မည်ဟု ကြေညာပြိး လေယဉ်ပျံသန်းခွင့်များပါ ပိတ်လိုက်သည့်နောက်မှ ကိုးကန့်စစ်ပွဲ အရှိန်လျော့ကျသွားခဲ့သည်။ မြန်မာအစိုးရဖက်ကတော့ သိပ်အစာမကြေလှဟုဆိုရမည်။

၂၀၁၆ တွင် တရုတ်နယ်စပ်တလျောက် မြောက်ပိုင်းသုံးဖွဲ့နှင့် မြန်မာအစိုးရကြား တိုက်ပွဲများပြင်းထန်စွာဖြစ်ပွါးပြီး နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပိတ်ဆို့သည်မှစ၍ ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်စကထဲက ငြိမ်သက်နေသည့် တရုတ်သံတမန် ဆွန်ကော့ရှန်၏ လှုပ် ရှားမှုကို စတင်လာသည်ကို တွေ့ရသည်။

ဆက်လက်ဖေါ်ပြပါမည်
မောင်မောင်စိုး

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar