Breaking News

မောင်စွမ်းရည် - ရန်ကင်းတောင်သို့ တင်မိုးနဲ့အတူ

မောင်စွမ်းရည် - ရန်ကင်းတောင်သို့ တင်မိုးနဲ့အတူ
(မိုးမခ) အောက်တိုဘာ ၅၊ ၂၀၂၁

ကျွန်တော်က ၁၉၅၆ မှာ တက္ကသိုလ်ကို ရောက်တယ်။ တင်မိုးနဲ့ ကိုကိုနိုင် မြန်မာစာဂုဏ်ထူးရှင် နှစ်ယောက်က နောက်တနှစ်။ ၁၉၅၇ မှာ တက္ကသိုလ်ကို ရောက်တယ်။ မန်းတက္ကသိုလ်မှာ နေကြတဲ့ ကာလအတွင်း ကိုဘဂျမ်း (တင်မိုး)၊ ကိုသိန်းနိုင်၊ ဝင်းဖေ (မောင်စွမ်းရည်) တို့ သုံးဦးဟာ အမြဲတွဲပါတယ်။ စားအတူ၊ သွားအတူပေါ့။ ဒီသုံးယောက်ဟာ အိမ်ငှားပြီး အတူနေဖူးကြပါတယ်။ ကိုသိန်းနိုင် ကျောင်းရောက်စကတည်းက ကျူရှင်အောင်မြင်လို့ စာသင်နေရတာ များပါတယ်။ စာပေ ဖတ်ရှုလေ့လာချိန်လည်း မရတော့လို့ စာပေဆွေးနွေးတာမျိုးတွေလည်း မလုပ်နိုင်ရှာတော့ပါဘူး။ ဒါကြောင့် ကိုဘဂျမ်းနဲ့ ကျွန်တော်(မောင်စွမ်းရည်)တို့ အတွဲများပါတယ်။ သူတို့ ရောက်စနှစ်မှာ ကျွန်တော်နဲ့တင်မိုးက နန်းရှေ့ပွဲကုန်း လွတ်ပညာသင်ကျောင်းမှာ စာပြပါတယ်။ ကျောင်းဘော်ဒါမှာပဲ အိပ်၊ ဘော်ဒါမှာပဲ စားပါတယ်။ ကိုသိန်းနိုင်ပါ လာအိပ်ရင် ခုတင်တလုံး၊ လူသုံးယောက်တွဲ ဖြစ်သလို အိပ်ခဲ့ကြရဖူးပါတယ်။

တခါတော့ ကိုသိန်းနိုင် မပါဘဲ ကျွန်တော်နဲ့ ကိုဘဂျမ်း နှစ်ယောက်တည်းပဲ ရန်ကင်းတောင်ဘက်ကို လမ်း လျှောက်ထွက်ကြပါတယ်။ မိုးလေးတဖွဲဖွဲ ကျနေတယ် ထင်ပါတယ်။ ရာသီဥတုကောင်းလို့ လမ်းလျှောက်ထွက်တာပါ။ နေမပူဘဲ မိုးအုံ့နေရင် ရာသီဥတု ကောင်းတယ် ဆိုရမှာပေါ့။ လမ်းလျှောက်လို့ ကောင်းတာကိုး။ နန်းရှေ့ ပွဲကုန်းကျောင်းဆိုတာက မန္တလေးမြို့ရဲ့ အရှေ့ဘက်အစွန်ဆုံးမှာ တည်ရှိပါတယ်။ ပန်တျာကျော်နဲ့ နီးပါတယ်။ ရေနီမြောင်းနဲ့လည်း နီးပါတယ်။ လမ်းလျှောက်ရင်တော့ ရန်ကင်းတောင်ဘက်ကိုလျှောက်ရတာ အကောင်းဆုံးပါပဲ။ ဘော်ဒါဆောင်က ကျောင်းသားတွေကတော့ ရေနီမြောင်းဘောင်လောက်ပဲ လမ်းလျှောက်ကြပါတယ်။

ရန်ကင်းတောင်ခြေ ရောက်တော့ လှည့်ပြန်မလား၊ တောင်ပေါ်ကို တက်နိုင်ရင် တက်ရအောင်ဆိုတော့ ကိုဘဂျမ်းက တောင်တက်ချင်လို့ လာတာ၊ တောင်ပေါ်ကို တက်ရမှာပေါ့။ မြောက်ဘက်ကတက်ပြီး တောင်ဘက်က ဆင်းရအောင်ဆိုပြီး တက်ပါတယ်။ သူ နားချင်တယ်မပြောသမျှ ကျွန်တော်က နားရအောင်လို့မပြောဘဲ ဆက်တက်ပါတယ်။ သူက လမ်းရှည်ရှည်လျှောက်လေ့မရှိပါ။ တခုခု အကြောင်းရှိလို့ပဲလို့ တွေးရအောင်ကလည်း တောင်ပေါ်ထိအောင် လာစရာ မလိုပါ။ သူ လျှောက်ချင်လို့ကို လျှောက်တာပဲလို့ တွေးပြီး အသာမှေးလိုက်လာခဲ့ပါတယ်။

တောင်ဘက်လှေကားကို ဆင်းလို့ အလယ်ကောင်ရောက်တော့မှ ခဏနားရအောင်လို့ ပြောလို့ နားလိုက်ပါတယ်။ နားရင်း သူက ဆေးလိပ်ဖွာပါတယ်။ ကျွန်တော်က ဆေးလိပ်နံ့ မခံနိုင်လို့ သူနဲ့ ခပ်လှမ်းလှမ်း ရွှေ့ထိုင်ပါတယ်။ ခဏနေတော့ ဆေးလိပ်ချပြီး ကျွန်တော့်အနီးကို ရွှေ့ထိုင်ပါတယ်။ 

ကျွန်တော်တို့ရှေ့ကို ကလေးနှစ်ယောက် ရောက်လာပါတယ်။

ကလေးနှစ်ယောက်က အသက်အလိုက် ၉ နှစ်၊ ၁၀ နှစ်လောက် ရှိမှာပါ။ ရုပ်ချင်းကလည်း ဆင်ပါတယ်။ မောင်နှမနဲ့ တူပါတယ်။ အသားအရေကတော့ ညိုညိုညစ်ညစ်ပါပဲ။ နေလောင်ထားလို့နဲ့ တူပါရဲ့။ ဆံပင်လေးတွေကတော့ စုတ်ဖွားလေးတွေပါ။ ကျွန်တော်က ကျွန်တော့်အိတ်ကပ်ထဲမှာ အသင့်ပါလေ့ရှိတဲ့ သကြားလုံး (ချိုချဉ်) လေးတွေကို ထုတ်ပြီး ‘ဒါ ချိုချဉ်လေးတွေပါ၊ ရော့ စားကြည့်ပါ’ လို့ သူတို့ကိုပေးလိုက်တော့ စက္ကူလေးတွေ ခွာပြီး စားကြည့်ပါတယ်။ ချို့ရဲ့လားဆိုတော့ ခေါင်းညိတ်ပါတယ်။

ကိုတင်မိုးက သူတို့ကို ထိုင်ပါဦး ဆိုတော့ မျက်နှာချင်းဆိုင် ထိုင်စရာမရှိလို့နဲ့ တူပါရဲ့ မထိုင်ကြဘဲ သွားတော့မယ် ဆိုတော့ ကိုတင်မိုးက မောင်လေးနဲ့တူတဲ့ နွားကျောင်းသားလေးကို လက်ဆွဲပြီး သူနဲ့ ကျွန်တော့်ကြားမှာ ထိုင်ခိုင်းလိုက်ပါတယ်။ သမီးလေးကရယ်နေတော့ ကိုတင်မိုးက သမီးလေးက ဒီဘက်က ထိုင်ဆိုပြီး သူ့ဘေး ညာ ဘက်မှာ ထိုင်ခိုင်းလိုက်ပါတယ်။ ဆေးလိပ်သောက်မလားလို့ နွားကျောင်းသားလေးကိုမေးတော့ ဦးခေါင်းညိတ်ပါတယ်။

ကိုတင်မိုးက “မင်း ငယ်သေးတယ်၊ ဆေးလိပ်သောက်ရင် မျက်နှာရင့်တတ်တယ်၊ ကြီးမှသောက်နော်”လို့ ပြောတော့ ကလေးက ခေါင်းညိတ်ပါတယ်။

ကိုတင်မိုးက ကလေးကို မင့်နာမည်ဘယ်သူလဲဆိုတော့ ကလေးက ‘ဖိုးငါး’ လို့ ဖြေပါတယ်။

“ဟာ.. သိပ်ကောင်းတဲ့ နာမည်ပဲ။ ငါ့မှာ သားလေးမွေးရင် ဖိုးငါးလို့ နာမည်ပေးရမယ်။ ကဲ… သမီးလေးရဲ့ နာမည်ကရော ဘယ်လိုခေါ်သလဲ” သမီးလေးဘက်ကို လှည့်မေးတော့ သမီးလေးက သက်… ။

ကိုတင်မိုး (ကိုဘဂျမ်း) ရော ကျွန်တော်ပါ ဟာလို့ အသံထွက်သွားအောင် အံ့ဩသွားပါတယ်။ နွားကျောင်းသူလေးနာမည်က တကယ့်ကို မြို့ဆန်တဲ့ နာမည်နဲ့။ ကျွန်တော်တို့ကလည်း မိဗျိုင်းတို့၊ မိကျေးတို့ဆိုတဲ့နာမည်မျိုးပဲ ကြားရမယ် မျှော်လင့်ထားတာကိုး။ ကိုတင်မိုး (ကိုဘဂျမ်း) က တကယ့် ရုပ်ရှင်မင်းသမီးနာမည်ပဲလို့ ချီးကျူးတော့ သမီးလေးက ပြုံးပါတယ်။

ကဲ… သမီးလေး ရုပ်ရှင်ကြည့်ဖူးသလားလို့ ကိုဘဂျမ်းကမေးတော့ နှစ်ယောက်လုံးက ခေါင်းယမ်းပြပါတယ်။ ကျွန်တော်တို့လည်း အံ့အားသင့်သွားပါတယ်။ ပိတ်ကားကြီးပေါ်မှာ ဆလိုက်မီးထိုးပြတာလေ။ အစိုးရက လာပြီးမပြဘူးလားဆိုတော့ မပြဘူးတဲ့။ အမာစိန်တို့၊ နွဲ့နွဲ့စန်းတို့ အငြိမ့်ပွဲတွေ ကြည့်ဖူးလားဆိုတော့လည်း ခေါင်းယမ်းကြရှာပါတယ်။ ကျွန်တော်က နောက်ပြောင်တဲ့အနေနဲ့ မင်းတို့ မန္တလေးရောက်ဖူးသလားလို့ မေးလိုက်မိပါတယ်။ ကလေးနှစ်ယောက်လုံးက ဦးခေါင်းယမ်းကြရှာပါတယ်။ ကျွန်တော်တို့လည်း အံ့ဩသွားပါတယ်။ ရန်ကင်းတောင်နဲ့ မန္တလေးမြို့ဟာ ၂ မိုင်၊ ၃ မိုင်လောက်ပဲ ဝေးပါတယ်။ ရန်ကင်းတောင်ခြေမှာနေတဲ့ ကလေးနှစ်ယောက်က မန္တလေးကိုလည်း မရောက်ဖူးဘူးတဲ့။ ရုပ်ရှင်လည်း မကြည့်ဖူးဘူးတဲ့။ ကျွန်တော်တို့ အတော်စိတ်မကောင်းဖြစ်မိပါတယ်။

ကျွန်တော်တို့ရွာနဲ့ မြင်းခြံမြို့ဟာ ၅ မိုင်၊ ၆ မိုင်လောက် ဝေးပါတယ်။ ကျွန်တော် ပြန်စဉ်းစားကြည့်တော့ ကျွန်တော်တို့ရွာက ကလေးတွေလည်း မြင်းခြံကို မရောက်ဖူးကြတာ အများကြီးပါ။ ကျွန်တော်ဆိုရင် ရွာက သူကြီးသားပါ။ ကျွန်တော် ပဉ္စမတန်းတက်မှ မြင်းခြံကို သွားရတော့ အသက် ၁၃-၁၄ နှစ်အရွယ်ကျမှ မြင်းခြံကို ရောက်ဖူးပါတယ်။

အဲဒီအရွယ်ကျမှ ရေခဲပေါက်စီ စားဖူးပြီး ရုပ်ရှင်ကို တမတ်တန်းက ကြည့်ဖူးပါတယ်။ ကျွန်တော် သတ္တမတန်းထွက်လို့ အသက် ၁၅ နှစ်လောက်ရှိတော့ ကျောင်းမှာ ဦးနုရဲ့ လူထုအော်သံ ပြဇာတ်စာအုပ် သင်ရပါတယ်။ အဲဒါကို ရုပ်ရျင်ရိုက်ပြီး အစိုးရက မြို့တွေ၊ ရွာတွေ လိုက်ပြပါတယ်။ အဲဒီလောက်အခါကျမှ ရွာကလူတွေ ရုပ်ရှင်ကြည့်ဖူးပုံရပါတယ်။ အဲဒါကို ပြန်တွေးကြည့်တော့မှ ငါလည်း ဘာထူးလဲလို့ တွေးမိပါတယ်။

ဒါပေမဲ့ ကျွန်တော်က ကျောင်းနေရသေးပြီး ကောင်လေး ဖိုးငါးတို့က ဘုန်းကြီးကျောင်းတောင် မနေခဲ့ရရှာပါ။

ဪ… ငါတို့ ဗမာပြည် တော်တော်ဆင်းရဲတာပါကလားလို့ သူငယ်ချင်းနှစ်ယောက် ပြောဆိုရင် ရန်ကင်းတောင်ကအပြန်မှာ ခြေလှမ်းနှေးခဲ့ကြရပါကြောင်း။

မောင်စွမ်းရည်
၂၀၂၁၊ ဩဂုတ် ၂၄။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar