ရဲမြင့်ကျော် - ဆရာဦးအောင်ရှင်
(မိုးမခ) နို၀င်ဘာ ၃၀၊ ၂၀၂၁
ဆရာဦးအောင်ရှင်ကို ရုတ်တရက်ကြည့်ရင်တော့ အထင်ကြီးစရာမရှိပါ။ ဆရာနဲ့ ပြည်နယ်တွေ သုံးခေါက် အတူသွားဖူးတယ်။ လမ်းတလျှောက်လုံး ဘယ်စာအုပ်တွေ ဖတ်ဖူးလဲ၊ ဘယ်စာအုပ်ကတော့ ဘယ်လိုကောင်းတာဗျာ ဆိုပြီးပြောတာ တဝကြီးနားထောင်ရပါတယ်။ ဆရာတို့ဖြတ်သန်းခဲ့တဲ့ မိုးဝေခေတ် ကဗျာတွေအကြောင်း ထောင်အတွေ့အကြုံအကြောင်း အစုံပါပဲ။ ဆရာဟာ သူတို့လူငယ်လူရွယ်ဘဝမှာ ဩဇာလွှမ်းခဲ့တဲ့ စာအုပ်အတော်များများ ဖတ်ဖူးထားတယ်လို့ တွေးမိတယ်။
ကျနော်တို့ရုံးကို မြန်မာစာလေ့လာတဲ့ ယူနန်က တရုတ်ကျောင်းသားတွေ လာရင် ဆရာဦးအေးမောင်ကျော်က ဦးအောင်ရှင်ကို ဖိတ်တတ်တယ်။ တရုတ်ကျောင်းသားတွေ ဦးအောင်ရှင်ကို အတော်သဘောကျတယ်။ ဆရာက တရုတ်နဲ့ပတ်သက်တဲ့ မြန်မာဘာသာပြန်စာအုပ် အားလုံးနီးပါးကို သိနေတယ်။ မော်စီတုန်းရဲ့ ကဗျာတွေ ရွတ်ပြတယ်။ မှတ်ဉာဏ်လည်း ကောင်းတယ်။ ဘယ်စာအုပ်တွေတော့ ပြန်ရိုက်သင့်တယ် ဆိုပြီး အကြံပေးတယ်။ တရုတ်လူငယ်တွေက သူတို့မမီလိုက်တဲ့ တရုတ်ပြည်အကြောင်းကို တရုတ်လူကြီးတဦးက ပြောပြနေသလိုမျိုး ငေးမောလို့..။ အင်္ဂလိပ်လို ကောင်းကောင်းပြောဆို ဆက်ဆံတတ်တာလည်း တွေ့ဖူးပါတယ်။
တခါပြောဖူးတာ ဆရာက မုံရွာသား ဆရာဘဝင်းရဲ့တပည့်ဖြစ်တယ်ဆိုတာပါ။ အရင်ခေတ်က နိုင်ငံရေးစာအုပ်ဖတ်သူတိုင်း လက်ဝဲစာပေနဲ့ မကင်းတော့၊ ဆရာဘဝင်းဘာသာပြန်တဲ့ လီနင်၊ စတာလင် အတ္ထုပ္ပတ္တိတွေ၊ ကွန်မြူနစ်မိတ်ဆက်စာအုပ်တွေကို သိကြပါတယ်။ ဖတ်ရင်း ဘယ်လိုမှရှေ့တိုးမပေါက် အတော်လေးလံတဲ့ အရေးအသား။ အဲဒီစာအုပ်တွေပြန်တဲ့ ဦးဘဝင်းက ဘုန်းကြီးလူထွက်၊ ဒီပနီဆန်ဆန်ရေးတာ။ ဦးဘဝင်းက စာခေါ်ပေးတာတွေကို ဆရာမုံရွာကလိုက်ရေးရင်း စာပေနယ်ထဲ နိုင်ငံရေးနယ်ထဲရောက်လာတာလို့ ပြောဖူးတယ်။ ဖတ်ရခက်လိုက်တာ ဆရာရယ်လို့ပြောတာ့ အဲဒါတောင် သူစာချောပေးထားတာလို့ပြောရင်း ရယ်ပါတယ်။
ဆရာကိုခါးနဲ့ ဆရာအေးမောင်ကျော်တို့ ပြောတာက ၁၉၇၅-၇၆ လောက်က နိုင်ငံရေးနဲ့ စာပေတက်ကြွနေတဲ့ သူတို့တက္ကသိုလ်ကျောင်းသားတသိုက် ကုန်ဈေးတန်းလမ်း ဦးအောင်ရှင်ရှိရာ သွားတတ်ကြတယ်။ ဆရာက သူ့ဦးလေးရဲ့ ပရဆေးဆိုင် ထိုင်ရောင်းတဲ့အချိန်၊ ပြေပြေလည်လည်မို့ မိတ်ဆွေတွေကို ကျွေးမွေးတတ်တယ်။ ဗကပပါတီဝင်တော့ မဟုတ်ဘူး၊ လိုလားသူမျှသာတဲ့။ ဒါပေမဲ့ လက်ရှိပါတီက လက်ဝဲနွယ်သူလို့ ယူဆဟန်ရှိလို့ စီအီးစီအထိမဖြစ်တာလို့လည်း သုံးသပ်ကြပါတယ်။
ဆရာက သူတို့ပါတီထဲတော့ မီဒီယာတွေနဲ့အဆင်ပြေဆုံးသူလို့ ပြောနိုင်ပါတယ်။ သတင်းသမားတွေ ခင်မင်ကြတယ်။ သတင်းမေးရခက်နေရင် သူ့ပဲလှမ်းမေးကြပြီး ဖြေနိုင်သလောက် အမြဲဖြေပေးတာပဲ။ တချို့ဆွေးနွေးပွဲတွေကို ဆရာဘာလို့သွားမလဲ ဆရာတို့ကိုချဖို့ စီစဉ်ထားတာလေလို့ပြောမိတော့၊ လုပ်စမ်းပါစေဗျာဆိုပြီး ခပ်ပြုံးပြုံးနဲ့ သွားတာပါပဲ။ အခမ်းအနားတွေမှာ စကားပြောရင်လည်း လေသံအေးအေး တည်တည်ငြိမ်ငြိမ် ပြောတတ်တာ အားကျမိပါတယ်။
မကြာခင်က လွတ်မယ့်အထဲပါမယ်လို့ သတင်းတွေပြေးနေချိန်မှာ၊ အခက်အခဲဖြစ်ခဲ့တာလည်း ကြားရတယ်။ လွှတ်မယ့်သူတွေက ဆရာ့ကို ခင်ဗျားအိမ်လိပ်စာပေးဆိုတော့ ကိုယ်ပိုင်အိမ်ခန်းမရှိလို့ အခက်တွေ့ရတယ်။ ဒီလှိုင်းရုံးကို ပြန်မယ်ဆိုတော့ ပြန်ခွင့်မပေးဘူး။ အဲဒီကိုပြန်ရင် ရုံးချိတ်ပိတ်ပစ်မယ်လို့ ပြောတယ်တဲ့။ နောက်ဆုံး အရင်အိမ်ရှင်ကကူညီလို့ အဲဒီအခန်းမှာနေခွင့်ရပြီး ဆရာလွတ်လာခဲ့တယ်လို့ သိရတယ်။
ဆေးရုံတက်တာတော့ မသိလိုက်ပါဘူး။ သူ့မိတ်ဆွေတဦးပြန်ပြောတာကတော့ ဆရာ့နှလုံးရောဂါက stent ထည့်ရမှာ၊ အပြင်အထူးကုဆေးခန်းတွေမှာဆိုရင် သိန်း ၈၀/၉၀ ကုန်မယ်။ ဆေးရုံကြီးမှာလုပ်ပေးရင်တော့ ၈ သိန်း၊ ၉ သိန်းလောက်နဲ့ ရနိုင်တယ်။ ဒါပေမဲ့ ငွေကြေးကြောင့်ရယ်၊ နယ်မြေထောက်လှမ်းရေးတို့ အက်စ်ဘီတို့ နေ့တိုင်းလာနေတာရယ်ကြောင့် စိတ်ရှုပ်လာဟန်တူပါရဲ့ ဆေးရုံက ပြန်ဆင်းလာတာတဲ့။
ဆရာဟာ သူ့ကိုခင်မင်သူတွေရော သူ့ပါတီအတွက်ပါ အမှတ်ရစရာ အများကြီးချန်ထားခဲ့တဲ့ လူကြီးလူကောင်းပါ။ ကျနော့်အတွက် တသက်မမေ့နိုင်စရာကတော့ မြဝတီဟိုဘက်ကမ်းအထိလိုက်ပြီး မိန်းမတောင်းပေးခဲ့တာပါ။
ပုံစာ - မိတ်ဆွေတွေနဲ့အတူ ဆရာနဲ့အမှတ်တရ ဓာတ်ပုံလေး
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar