Breaking News

ထိန်လင်း - ငါတို့မှာ ငါတို့ရှိတယ် (၃)

ထိန်လင်း - ငါတို့မှာ ငါတို့ရှိတယ် (၃)
(မိုးမခ) နို၀င်ဘာ ၃၀၊ ၂၀၂၁

အမျိုးသားတွေနဲ့ တန်းတူအခွင့်အရေးမရခဲ့ကြတဲ့ အမေရိကန်အမျိုးသမီးတွေဟာ ကျွန်စနစ်တိုက်ဖျက်ရေးမှာ လှုပ်ရှားမှုအဖြစ် စတင်ဆောင်ရွက်ခဲ့ကြပါတယ်။ အထူးသဖြင့် လူမှုအသိုင်းအဝိုင်းကပေးထားတဲ့ သူတို့ရဲ့ရပိုင်ခွင့်များကိုအသုံးချပြီး လူဖြူ လူမည်း အမျိုးသမီးများစွာက ကျေးကျွန်စနစ်တိုက်ဖျက်ရေးအတွက် သူတို့ရဲ့သဘောထားတွေကို ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။ မြို့အတော်များများမှာ အမျိုးသမီးတွေက လှုပ်ရှားမှုပေါ်ပေါက်အောင်စည်းရုံးတာ၊ လက်ကမ်းစာစောင်တွေ ဖြန့်ဝေတာ၊ ဆန္ဒသဘောထား ကောက်ခံတာ၊ ဟောပြောတာတွေ ဆောင်ရွက်ကြပါတယ်။ 


လူခရီးရှား မော့တ် (Lucretia Mott)

ဦးဆောင်သူအမျိုးသမီးတွေဖြစ်ကြတဲ့ လူခရီးရှား မော့တ် (Lucretia Mott) နဲ့ အဲလစ်ဇဘက် ကက်ဒီ စတန်တန် (Elizabeth Cady Stanton) တို့ လန်ဒန်မြို့ ကျွန်စနစ်တိုက်ဖျက်ရေးညီလာခံမှာ ခွဲခြားဆက်ဆံခံလိုက်ရတဲ့အခါမှာတော့ အမျိုးသမီးများရဲ့အခွင့်အရေးအတွက် တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ချက်ချခဲ့ကြပါတယ်။ သူတို့ ၂ ဦးနဲ့ တခြားအမျိုးသမီးတွေ ဦးဆောင်ပြီး ၁၈၄၈ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့မှာ စီနီကာဖောလ််စ ညီလာခံ (The Seneca Falls Convention) ကို ကျင်းပခဲ့ပါတယ်။ ညီလာခံကို အမျိုးသားအယောက် ၄၀ အပါအဝင် လူ ၃၀၀ လောက် တက်ရောက်ခဲ့ပါတယ်။ 

အဲလစ်ဇဘက် ကက်ဒီ စတန်တန် (Elizabeth Cady Stanton)

ဒီညီလာခံဟာ အမျိုးသမီးများရဲ့အခွင့်အရေးအတွက် ကျင်းပတာဖြစ်တာကြောင့် ကျွန်စနစ်တိုက်ဖျက်ရေးအတွက် လှုပ်ရှားဆောင်ရွက်နေသူတွေကိုယ်တိုင်က အရေးတယူမရှိတာတွေ ကြုံခဲ့ရပါတယ်။ သတင်းစာတွေကလည်း အဲဒီညီလာခံကို ဟာသတစ်ခုလိုသဘောထားခဲ့ကြပါတယ်။ အမျိုးသားတွေက အဲဒီလို ပြက်ရယ်ပြုနေကြပေမယ့် ညီလာခံမှာ မဲပေးခွင့်ဆုံးဖြတ်ချက်ကလွဲလို့ ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့်၊ ပညာသင်ယူခွင့်၊ တရားရင်ဆိုင်ခွင့်စတဲ့ အချက် ၁၁ ချက်ကို အတည်ပြုနိုင်ခဲ့ပါတယ်။ 

ပြည်တွင်းစစ် စတင်ဖြစ်ပွားလာတဲ့အခါမှာလည်း အမျိုးသမီးတွေက ကျွန်စနစ်ပပျောက်ရေးနဲ့ အရက်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို ဆက်လက်ဆောင်ရွက်ခဲ့ကြပါတယ်။ အရက်ဆန့်ကျင်ရေးကို လုပ်ဆောင်ရခြင်းက အရက်အလွန်အကျွံသောက်တဲ့ ခင်ပွန်းသည်တွေကြောင့် ခက်ခဲစွာရင်ဆိုင်ဖြတ်သန်းခဲ့ရတဲ့ အမျိုးသမီးများရဲ့ဘဝတွေကို အခြေခံပြီးပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။ ၁၉ ရာစုအတွင်းပေါ်ပေါက်ခဲ့တဲ့ အဲဒီလှုပ်ရှားမှုက အရက်ရောင်းချမှု ပိတ်ပင်ရေးအထိ ကြိုးပမ်းခဲ့ကြပါတယ်။ 

အရက်ဆန့်ကျင်ရေးလှုပ်ရှားမှုနဲ့ မဲပေးခွင့်ရရှိရေး လှုပ်ရှားမှုတွေကို တွဲဖက်ဆောင်ရွက်လို့ ကြုံရတဲ့ဆိုးကျိုးတချို့လည်းရှိပါတယ်။ အထူးသဖြင့် အရက်လုပ်ငန်းရှင်တွေက အမျိုးသမီးတွေသာ မဲပေးခွင့်ရခဲ့ရင် အရက်သောက်သုံးခွင့်ကို ဆန့်ကျင်တဲ့ဥပဒေတွေ ပြဋ္ဌာန်းလာနိုင်တဲ့အတွက် အမျိုးသမီးတွေရဲ့ မဲပေးခွင့်ကိုပါ ဆန့်ကျင်ခဲ့ကြပါတယ်။ 
ဆူစန် ဘီ အန်တိုနီ (Susan B. Anthony)

ပြည်တွင်းစစ်ပြီးတဲ့အခါ လူမည်းအမျိုးသားတွေ မဲပေးခွင့်ရရှိခဲ့ပေမယ့် အမျိုးသမီးတွေ မဲပေးခွင့်မရခဲ့ပါဘူး။ ဒါကြောင့် အမျိုးသမီးများ မဲပေးခွင့်ရရှိရေးကြိုးပမ်းသူများနဲ့ တန်းတူအခွင့်အရေးအတွက် ကြိုးပမ်းသူများအဖြစ် အုပ်စု ၂ စု ခွဲပြီး ဆောင်ရွက်ခဲ့ကြပါတယ်။ ကြိုးပမ်းမှုတွေရဲ့ရလဒ်အဖြစ် ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့်၊ စာချုပ်စာတမ်းများမှာ လက်မှတ်ထိုးခွင့်တွေ ရရှိလာပေမယ့် မဲပေးခွင့်မရသေးတဲ့အတွက် ၁၈၉၀ ပြည့်နှစ်မှာ အဖွဲ့တွေ ပြန်လည်ပေါင်းစည်းပြီး အမျိုးသမီးများ မဲပေးခွင့်ရရှိရေးအတွက် ထပ်မံ ကြိုးပမ်းခဲ့ကြပါတယ်။ 
မဲပေးခွင့်ရရှိရေး လှုပ်ရှားမှုတွေထဲမှာ နည်းလမ်းပေါင်းမျိုးစုံ ကြိုးပမ်းကြတဲ့အပြင် ရွေးကောက်ပွဲတွေမှာ ဝင်ရောက်မဲပေးဖို့ ကြိုးစားတဲ့လှုပ်ရှားမှုတွေလည်း ရှိခဲ့ပါတယ်။ ၁၈၇၂ ခုနှစ်မှာ ဆူစန် ဘီ အန်တိုနီ (Susan B. Anthony) ဦးဆောင်တဲ့အမျိုးသမီးအုပ်စုက နယူးယောက်ပြည်နယ် ရော့ချက်စတာမြို့မှာ မဲပေးခွင့်မှတ်ပုံတင်ပြီး မဲပေးခဲ့ကြပါတယ်။ ၃ ပတ်လောက် ကြာတဲ့အခါ တရားမဝင် မဲပေးတဲ့ပြစ်မှုနဲ့ သူမကို ဖမ်းဆီးခဲ့ပါတယ်။ တရားခွင်ကိုရောက်တဲ့အခါ တရားသူကြီးက သူမကို ပြောဆိုချေပခွင့်မပေးတဲ့အပြင် သူမ အပြစ်ရှိကြောင်း ဂျူရီလူကြီးတွေဆုံးဖြတ်အောင်လည်း ညွှန်ကြားခဲ့ပါတယ်။
 
၁၉၀၀ ပြည့် အစောပိုင်းနှစ်တွေမှာတော့ မဲပေးခွင့်လှုပ်ရှားသူတွေ လမ်းပေါ်ထွက်လာခဲ့ပါတယ်။ အမေရိကန် မြို့ကြီးတော်တော်များများမှာ လူများစွာပါဝင်တဲ့ လမ်းလျှောက်ချီတက်ပွဲတွေ ပေါ်ပေါက်လာခဲ့ပါတယ်။ ဆန္ဒပြအမျိုးသမီးအများစုက အဖြူရောင်ဝတ်စုံတွေ ဝတ်ဆင်လေ့ရှိပြီး တောင်းဆိုချက်ပိုစတာတွေကိုင်စွဲခြင်း၊ မြင်းများစီးခြင်း၊ တေးဂီတဖျော်ဖြေခြင်းတို့နဲ့ လူထုစိတ်ဝင်စားအောင် လုပ်ဆောင်လာခဲ့ကြပါတယ်။ 

ဆန္ဒပြပွဲတွေဟာ လူပေါင်း ထောင်သောင်းချီတဲ့အထိ ကြီးမားလာခဲ့သလို ရာနဲ့ချီတဲ့သူတွေလည်း အဖမ်းခံခဲ့၊ တရားစွဲခံခဲ့ကြရပါတယ်။ ဖမ်းဆီးပြီး ပြစ်ဒဏ်ချမှတ်ခံရတဲ့အခါ အမျိုးသမီးအရေးလှုပ်ရှားသူများက ဒဏ်ကြေးပေးဆောင်ခြင်းအစား ထောင်ဒဏ်ကိုသာရွေးချယ်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ အဲဒီလိုကြိုးပမ်းမှုတွေကြောင့် တဖြည်းဖြည်း ပြည်နယ်တချို့မှာ အမျိုးသမီးများ ဆန္ဒမဲပေးခွင့်ရလာခဲ့ပါတယ်။ 
အခြားတစ်ဖက်မှာတော့ အမျိုးသမီးတွေဟာ အမျိုးသားတွေလိုပဲ လူမှုပတ်ဝန်းကျင်ကို အထောက်အပံ့ပေးနိုင်သူတွေဖြစ်ကြောင်း ဖော်ပြဖို့ကြိုးပမ်းခဲ့ကြပါတယ်။ ဥပမာအားဖြင့် ၁၉၁၇ ခုနှစ် ဧပြီလအတွင်း အမေရိကန်က ပထမကမ္ဘာစစ်ထဲ ဝင်ရောက်တဲ့အခါ အမျိုးသမီး တစ်သန်းခန့် စစ်တွင်းအလုပ်စခန်းတွေမှာ ဝင်ရောက်လုပ်အားပေးခဲ့ကြပါတယ်။ 


၁၉၁၈ ခုနှစ် ဇန်နဝါရီလမှာ သမ္မတ ဝုဒရိုး ဝီလ်ဆင်က အမျိုးသမီးများမဲပေးခွင့် ဥပဒေမူကြမ်း လွှတ်တော်ကိုတင်သွင်းခဲ့တဲ့အခါ အောက်လွှတ်တော်က အတည်ပြုခဲ့ပေမယ့် အထက်လွှတ်တော်မှာ ကန့်ကွက်မဲက အနိုင်ရခဲ့လို့ အတည်မပြုနိုင်ဖြစ်ရပါတယ်။ ဒါကြောင့် အဲဒီနှစ်ပြုလုပ်မယ့်ရွေးကောက်ပွဲမှာ ဥပဒေကိုထောက်ခံမယ့်ကိုယ်စားလှယ်တွေ အရွေးခံရရေးအတွက် အမျိုးသမီးအဖွဲ့တွေက ကြိုးပမ်းကြရပြန်ပါတယ်။ အဲဒီလို အားထုတ်မှုတွေကြောင့် ၁၉၂၀ ပြည့်နှစ်မှာ အမေရိကန်ပြည်ထောင်စုက ပြည်နယ်အားလုံး အမျိုးသမီးများ မဲပေးခွင့်ရရှိခဲ့ပါတယ်။ 

အမေရိကန်အမျိုးသမီးများက နိုင်ငံရေးမှာပါဝင်ခွင့်၊ လုပ်ငန်းခွင်တွင်း တန်းတူရရှိခွင့်၊ စစ်မှုထမ်းခွင့်အစရှိတဲ့ အခွင့်အရေးတွေရရှိဖို့ ဆက်လက်တိုက်ပွဲဝင်ခဲ့ကြပါတယ်။ ကိုယ်လိုချင်တဲ့ပန်းတိုင်ကို မဆုတ်မနစ် အရောက်သွားမယ်ဆိုရင် တချိန်မှာ အောင်မြင်မှု မလွဲမသွေရရှိတယ်ဆိုတာကို အမေရိကန်အမျိုးသမီးများရဲ့ ကြိုးပမ်းမှုမှတ်တမ်းများက သက်သေပြနေပါတယ်။ ယုံကြည်ချက်နဲ့ ဇွဲသတ္တိကို ဉာဏ်ပညာ၊ စုစည်းညီညွတ်မှုတွေနဲ့ ပေါင်းစပ်ရင် အရာရာကို ကျော်လွှားနိုင်ပါလိမ့်မယ်။ 

မစိုးရိမ်ပါနဲ့။ ငါတို့မှာ ငါတို့ရှိပါတယ်။ ။ 

ထိန်လင်း
၂၀၊ ၁၁၊ ၂၀၂၁

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar