ကိုကျော် (မြစ်ကြီးနား - မက်တာဗာ့စ် (metaverse) ဆိုတာ
(မိုးမခ) နို၀◌င်ဘာ ၁၊ ၂၀၂၁
ဖေ့ဘုတ်ကုမ္ပဏီရဲ့နာမည်ကို Meta လို့ ပြောင်းလိုက်တယ်။ ဇူကာဘတ်က သူ့ကိုသူ ဒစ်ဂျစ်တယ်ခေတ်ရှေ့ပြေးလို့ သတ်မှတ်ထားပြီး မက်တာဗာ့စ် (metaverse) လို့ခေါ်တဲ့ ပုံရိပ်ယောင်အွန်လိုင်းကမ္ဘာ (သို့) ပုံရိပ်ယောင်လူမှုကွန်ယက်ကို အဓိကအာရုံထားပြီး အကောင်အထည်ဖော်သွားမယ်လို့ ပြောခဲ့ပါတယ်။
မက်တာဗာ့စ်ဆိုတာက အလွယ်ပြောရင် သရီးဒီရုပ်လုံးကြွ ဗီဒီယိုဂိမ်းလိုပဲ ကိုယ်တိုင်ဂိမ်းထဲမှာ ပါဝင်ကစားနေရသလို တွေ့ကြုံခံစားရတာမျိုး ဖြစ်ပါတယ်။ ဖေ့ဘုတ်ကုမ္ပဏီကရောင်းတဲ့ oculus လိုမျိုး မျက်လုံးမှာ ကွန်ပြူတာမှန်မျက်နှာပြင်နဲ့ နားကြပ်ကိုတပ်ဆင်ပြီး သူငယ်ချင်းတွေနဲ့ ဂိမ်းကစား၊ အစည်းအဝေးလုပ်၊ ရုပ်ရှင်ကြည့်၊ ဂီတဖျော်ဖြေပွဲတက်၊ ဈေးဝယ်ထွက် စသဖြင့် အပြင်မှာတကယ်လိုမျိုး ခံစားရတာဖြစ်ပါတယ်။
ဥပမာ သားသမီးတွေနဲ့ ရုပ်ရှင်ကြည့်မယ်ဆိုရင် အားလုံးတစ်နေရာထဲမှာ အတူတူကြည့်နေသလိုမျိုး၊ အစည်းအဝေးတက်မယ်ဆိုရင်လည်း ပါဝင်သူအားလုံး နေရာတစ်ခုထဲမှာ တက်ရောက်နေသလိုမျိုး၊ နောက်ဆိုရင် အဝတ်အစားဝယ်တဲ့အခါ ကိုယ်တိုင်ဝတ်စမ်းကြည့်လို့ရတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။ ဇူကာဘတ်ပြောထားသလို ပုံရိပ်ယောင်ကမ္ဘာထဲမှာ နှစ်မြုပ်ပြီး ကြိုက်တာလုပ်လို့ရသွားမှာ ဖြစ်ပါတယ်။
အထက်မှာဖော်ပြထားတာက အများပြောနေကြတဲ့ မက်တာဗာ့စ်ရဲ အဓိပ္ပါယ်ဖြစ်ပါတယ်။ ဒါပေမဲ့ မှားပါတယ်၊ ဇူကာဘတ်လည်း မှားပါတယ်။
မက်တာဗာ့စ်ဆိုတာက ပုံရိပ်ယောင်ကမ္ဘာ အွန်လိုင်းနေရာတစ်ခု မဟုတ်ပါဘူး။ အချိန်တစ်ခုပါ။ မှန်ပါတယ် မက်တာဗာ့စ်ဆိုတာ အချိန်ကာလတစ်ခု ဖြစ်ပါတယ်။ ဥာဏ်ရည်တုနည်းပညာ (AI) နဲ့ပတ်သက်ပြီး singularity လို့ခေါ်တဲ့ အယူအဆတစ်ခု ရှိပါတယ်။ အဲဒါကတော့ နည်းပညာ အလွန်တိုးတက်လာပြီး မထိန်းချုပ်နိုင်တော့တဲ့အခါနဲ့ နောက်ပြန်လှည့်လို့မရတော့တဲ့အခါ လူသားမျိုးနွယ်အပေါ် မမျှော်မှန်းနိုင်တဲ့ အကျိုးသက်ရောက်မှု ဖြစ်ပါတယ်။
ဥာဏ်ရည်တုနည်းပညာက လူသားတွေထက် အသိဥာဏ်ပိုပြီး မြင့်မားလာတဲ့အချိန်မှာ မက်တာဗာ့စ်လို့ ပြောလို့ရပါတယ်။ ဆိုလိုတာက ကျနော်တို့ရဲ့ ဒစ်ဂျစ်တယ်ဘဝတွေကို ရုပ်ပိုင်းဆိုင်ရာဘဝ (အပြင်လက်တွေ့ဘဝ) တွေထက် ပိုပြီးတန်ဖိုးထားလာတဲ့ အချိန်ကာလဖြစ်ပါတယ်။ အဲဒီကာလက နေ့ချင်းညချင်း ဖြစ်လာမှာတော့ မဟုတ်ပါဘူး သို့မဟုတ်ရင်လည်း စတိဂျော့ (ပန်းသီးကွန်ပြူတာ တီထွင်သူ) လိုလူတချို့က တီထွင်ဖန်တီးမှုမျိုးလည်း မဟုတ်ပါဘူး။ အဲဒီကာလဆီကို တဖြည်းဖြည်းနဲ့ ပြောင်းလဲနေတာ နှစ်ပေါင်း ၂၀ လောက်ရှိနေပါပြီ။
ကျနော်တို့ဘဝရဲ့ အရေးကြီးတဲ့အစိတ်အပိုင်းအားလုံးက ဒစ်ဂျစ်တယ်နဲ့ သွားနေပါပြီ။ အလုပ်ခွင်ဆိုရင် စက်ရုံအလုပ်ရုံကနေ လက်တော့ကွန်ပြူတာ၊ အစည်းအဝေးခန်းမကနေ zoom ဖြစ်ကုန်ကြပါပြီ။ သူငယ်ချင်းတွေက အိမ်နီးနားချင်းတွေမဟုတ်တော့ဘဲ followers သို့မဟုတ် အွန်လိုင်းဖရန့် ဖြစ်ကုန်ပြီ။ စိတ်သဘောထားချင်း ကိုက်ညီတဲ့အပေါင်းအသင်းတွေကို ဖေ့ဘုတ်၊ တွီတာ၊ ရက်ဒစ်တို့မှာ ရှာကြကုန်ပြီ။ အခုခေတ်ကလေးတွေ အတော်များများ စိန်လိုက်ပြေးတမ်း၊ ဘောလုံး၊ ဘတ်စကက်ဘောတို့ မကစားတော့ဘဲ fortnite ဗီဒီယိုဂိမ်းတွေ ဆော့နေကြကုန်ပြီ။
ကျနော်တို့ရဲ့ ဖြစ်တည်မှုလက္ခဏာ (identity) ကလည်း filters (ဓာတ်ပုံတည်းဖြတ်ဆော့ဝဲ) တွေနဲ့ မိတ်ကပ်အသစ်တစ်မျိုးလို သုံးလာကြတယ်။ အပြင်လက်တွေ့နဲ့ ဖေ့ဘုတ်(သို့) အင်စတာဂရမ်က ကျနော်တို့ရဲ့ရုပ်ရည် ဘယ်ဟာကပိုအရေးကြီးသလဲ မေးလိုက်ပါအုံး။
သူငယ်ချင်း၊ အလုပ်အကိုင်၊ ဖြစ်တည်မှုလက္ခဏာ စသဖြင့် အရာရာတိုင်းက ဒစ်ဂျစ်တယ်ဆီ ပြောင်းကုန်ကြပါပြီ။ အခုဆိုရင် crypto ဒစ်ဂျစ်တယ်ပိုက်ဆံ ပေါ်လာပြန်တော့ ကျနော်တို့ရဲ့ ပိုင်ဆိုင်မှုငွေကြေးတွေကလည်း အွန်လိုင်းမှာဖြစ်နေပြီ။ ဒါကြောင့် ဒီပုံစံအတိုင်း နောက်ထပ် ၁၀ နှစ် ၂၀ နှစ် ဆက်သွားနေမယ်ဆိုရင် ကျနော်တို့က မက်တာဗာ့စ်ထဲကို ရောက်တော့မှာ ဖြစ်ပါတယ်။
အရင်တုန်းက အပြင်ပတ်ဝန်းကျင်အပေါ်မှာ ကျနော်တို့ရဲ့အာရုံထားမှုက ၉၉ ရာခိုင်နှုန်းလောက်အထိ ရှိခဲ့ကြပါတယ်။ ရုပ်မြင်သံကြား ပေါ်လာတဲ့အခါမှာ ၈၅ ရာခိုင်နှုန်းထိ ကျသွားတယ်၊ ကွန်ပြူတာခေတ်ရောက်တော့ ၇၀ ရာခိုင်နှုန်း၊ မိုဘိုင်းဖုန်းခေတ်မှာ ၅၀ ရာခိုင်နှုန်းထိ တဖြည်းဖြည်း ကျဆင်းသွားပါတယ်။ အာရုံစိုက်မှုသွားရာ စွမ်းအင်လိုက်ရပါတယ်။ အကယ်၍ ဒစ်ဂျစ်တယ်ဖန်သားပြင်ပေါ် အာရုံစိုက်မှု ၅၀ ရာခိုင်နှုန်းရောက်ခဲ့ရင် ကျနော်တို့ရဲ့စွမ်းအင် ၅၀ ရာခိုင်နှုန်းကို ဒစ်ဂျစ်တယ်ဘဝမှာ အသုံးပြုရပါတယ်။
ဒီနေ့အချိန်မှာ အိတ်ထဲကစမတ်ဖုန်း ထုတ်ကြည့်ဖို့အတွက် အားစိုက်ထုတ်မှု အနည်းငယ်လိုသေးပေမဲ့ မကြာခင်မှာပဲ ကုမ္ပဏီတချို့က စမတ်မျက်မှန်တွေ ဖန်တီးလာပြီး ကျနော်တို့ရဲ့မျက်လုံးရှေ့မှာ ၂၄ နာရီ တစ်နေကုန်ရှိအောင် ကြိုးစားလာတော့မှာ ဖြစ်ပါတယ်။ အဲဒီအခါမှာ ကျနော်တို့ရဲ့ အာရုံစိုက်မှုက ၅၀ ရာခိုင်နှုန်းကနေ ၉၀ ရာခိုင်နှုန်းအထိ ဖန်သားပြင်ပေါ် ရောက်သွားလိမ့်မှာဖြစ်ပြီး 'မက်တာဗာ့စ်' စတင်ချိန်ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီအချိန်မှာ ကျနော်တို့ရဲ့ ပုံရိပ်ယောင်ဘဝက လက်တွေ့ဘဝထက် ပိုပြီးအရေးကြီးလာလိမ့်မှာ ဖြစ်ပါတယ်။
ဒီတော့ကာ မက်တာဗာ့စ်က ကောင်းသလား ဆိုးသလား? အရာရာတိုင်းလိုပါပဲ။ ကောင်းတာမဟုတ်သလို ဆိုးတာလည်း မဟုတ်ပါဘူး။ လုံးဝကွဲပြားခြားနားတဲ့အရာတစ်ခုသာ ဖြစ်ပါတယ်။ လက်ရှိဖြစ်နေတာတွေကို လာမဲ့နှစ်အနည်းငယ်အထိ ဘယ်သူကမှ မက်တာဗာ့စ်လို့ ခေါ်အုံးမှာမဟုတ်သေးပါဘူး။ အင်တာနက်လိုပါပဲ ၁၉၉၇ ခုနှစ်တုန်းက သတင်းအချက်အလက် စူပါဟိုင်းဝေးလို့ခေါ်ခဲ့ကြသလိုပေါ့။ ဘာပဲဖြစ်ဖြစ်ပေါ့ ပုံရိပ်ယောင်ကမ္ဘာက အပြင်လက်တွေ့ကမ္ဘာကို အစားထိုးလို့ရမှာ မဟုတ်ပါဘူး။ ။
(Oct 29, 2021 - တွီတာအကောင့်ပိုင်ရှင် Shaan Puri - ဆန်ဖရန်စစ္စကို၊ ကယ်လီဖိုးနီးယားရဲ့ အတွေးအမြင်ကို ကိုးကားဖော်ပြခြင်း ဖြစ်ပါတယ်။)
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar