Breaking News

လှကျော်ဇော - မော်စီတုန်းရဲ့ဆက်ဆံမှုကြီး (၁၀) ချက် (ပဉ္စမအချက်)

လှကျော်ဇော - မော်စီတုန်းရဲ့ဆက်ဆံမှုကြီး (၁၀) ချက် (ပဉ္စမအချက်)
(မိုးမခ) ဒီဇင်ဘာ ၂၂၊ ၂၀၂၁

◾️ ဗဟိုနဲ့ ဒေသဆိုင်ရာအာဏာပိုင်များအကြား ဆက်ဆံရေး
ဗဟိုနဲ့ ဒေသဆိုင်ရာအာဏာပိုင်များအကြား ဆက်ဆံရေးဟာ နောက်ပဋိပက္ခတခုလို့ဆိုရမှာပါ။ ဒီပဋိပက္ခကိုဖြေရှင်းဖို့အတွက်ဆိုရင်၊ ကျွန် တော်တို့အနေနဲ့ ဒေသအာဏာပိုင်များရဲ့အာဏာကို တစုံတရာအဆင့်အထိ ဘယ်လိုတိုးမြှင့်ပေးနိုင်မလဲဆိုတာ ကိုကောင်းကောင်းစဉ်းစားပေးပြီး၊ ဗဟိုအာဏာပိုင်များရဲ့တစုတစည်းတည်းသောခေါင်းဆောင်မှုကို ခိုင်မာအားကောင်းနိုင်ရေးအခြေခံပေါ်ကနေ၊ သူတို့ကိုလွတ်လွတ်လပ်လပ်လုပ်ပိုင်ခွင့်တွေပေးရပါလိမ့်မယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ အင်အားတောင့်တင်းတဲ့ ဆိုရှယ်လစ်နိုင်ငံတည်ဆောက်ရေးတာဝန်အတွက် အကျိုးပြုပါလိမ့်မယ်။

ကျွန်တော်တို့ရဲ့နယ်မြေဟာ အလွန်ကျယ်ပြောတယ်။ လူဦးရေကလည်း အလွန်များတယ်။ အခြေအနေတွေကလည်း အလွန်ရှုပ်ထွေးပါတယ်။ ဒါကြောင့် အရည်အချင်းအစွမ်းအစတွေဟာ တဖက်တည်းက ထွက်လာတာထက် ဗဟိုရော ဒေသတွေကပါ (၂) ဖက်စလုံးကထွက်လာတာကောင်းပါတယ်။ ကျွန်တော်တို့တတွေဟာ ဒေသအာဏာပိုင်တွေကို ခြေထိတ်လက်ထိတ်တွေခတ်၊ လွတ်လွတ်လပ်လပ်ဘာမှလုပ်ခွင့်မပေးဘဲ၊အာဏာဟူသမျှ ဗဟိုမှာပဲစုစည်းထားတဲ့ ဆိုဗီယက်ယူနီယံရဲ့ဥပမာကို မလိုက်ဖို့လိုပါတယ်။

ဗဟိုအာဏာပိုင်များအနေနဲ့ စက်မှုလက်မှုလုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်စေချင်ပါတယ်။ ထို့အတူ ဒေသအာဏာပိုင်များကလည်း လိုလားပါတယ်။ ဗဟိုရဲ့လက်အောက်မှာ တိုက်ရိုက်ရှိတဲ့ စက်မှုလုပ်ငန်းများတောင် ဒေသအာဏာပိုင်များရဲ့အကူအညီလိုအပ်တာပါ။ စိုက်ပျိုးရေးတို့၊ ကုန်သွယ်ရေးတို့မှာ ပိုလို့တောင်လိုပါသေးတယ်။ အတိုချုပ်ပြောရရင် ကျွန်တော်တို့ဟာ ဆိုရှယ်လစ်တည်ဆောက်ရေးကို အရှိန်မြှင့်ချင်ရင် ဒေသအာဏာပိုင်များရဲ့လက်ဦးမှုရှိရှိ ဦးဆောင်ပါဝင်မှုတွေကို အားပေးရမယ်။ ဗဟိုအာဏာပိုင်များကို ခိုင်မာအားကောင်းစေချင်ရင်၊ဒေသအသီးသီးရဲ့အကျိုးစီးပွားကိုဂရုစိုက်ရမယ်။

အခုအခါ ဒေသအသီးသီးကလူတွေ လုပ်ရကိုင်ရခက်စေတဲ့ လက်တံတွေ အတော်များများပေါ်ပေါက်နေတယ်။ ဝန်ကြီးဌာနတခုပေါ်လာပြီဆိုရင် သူတို့က တော်လှန်ရေးတွေလုပ်ချင်လာပြီး အမိန့်အမျိုးမျိုးထုတ်တော့တာပါပဲ။ ဝန်ကြီးဌာနများအနေနဲ့ ပြည်နယ်အဆင့် ပါတီကော်မတီတွေ၊ ပြည်သူ့ကောင်စီတွေဆီ အမိန့်တွေထုတ်ဖို့ မသင့်တော်လေတော့၊ သူတို့ကပြည်နယ်နဲ့ မြူနီစီပယ်အသီးသီးမှာရှိတဲ့သက်ဆိုင် ရာဌာနတွေ၊ ဗျူရိုတွေဆီ တိုက်ရိုက်ဆက်သွယ်ပြီး နေ့စဉ်အမိန့်တွေပေးနေပါတော့တယ်။ ဒီအမိန့်တွေနဲ့ပတ်သက်ပီး ဗဟိုကော်မတီပဲဖြစ်ဖြစ်၊ နိုင်ငံတော်ကောင်စီပဲဖြစ်ဖြစ် ဘာမှမသိပေမယ့် အဲဒီကလာတာလို့ ထင်မှတ်ကြတဲ့အတွက် ဒေသခံတာဝန်ခံများအတွက်တော့ အတော့်ကိုဖိအားကြီးပါတယ်။ ဒီလိုမျိုး စာရင်းဇယား ကိန်းဂဏန်းပုံစံတွေဟာ ဝန်ထုပ်ဝန်ပိုးတခုဖြစ်လာပါတယ်။ ဒါတွေ မုချပြင်ရမယ်။

ကျွန်တော်တို့တတွေ ပြဿနာတွေကိုကိုင်တွယ်ရာမှာ ဒေသခံတာဝန်ခံများနဲ့ တိုင်ပင်ဆွေးနွေးတဲ့လုပ်ဟန်ကို အားပေးရမယ်။ ဒေသခံများနဲ့တိုင်ပင်ဆွေးနွေးတာဟာ ပါတီဗဟိုကော်မတီရဲ့လုပ်ဟန်ဖြစ်တယ်။ အရင်တိုင်ပင်ဆွေးနွေးခြင်းမရှိဘဲ၊ ဘယ်တုန်းကမှ အလျင်စလို အမိန့်ထုတ်တာမျိုးမလုပ်ခဲ့ဘူး။

ဗဟိုလက်အောက်ရှိဝန်ကြီးဌာနများနဲ့ တခြားဌာနများအနေနဲ့ ဒီကိစ္စကို သတိထားကိုင်တွယ်ရမှာဖြစ်ပြီး၊ သက်ဆိုင်ရာဒေသကပြဿနာတွေ နဲ့ပတ်သက်ပြီး ဒေသဆိုင်ရာတာဝန်ခံများနဲ့ အရင်ကျေကျေလည်လည် ဆွေးနွေးတိုင်ပင်ခြင်းမရှိဘဲ ဘာအမိန့်မှမထုတ်သင့်ဘူး။

ဗဟိုဌာနများမှာ အမျိုးအစား (၂) မျိုး ရှိပါတယ်။ ပထမအမျိုးအစားကတော့ ခေါင်းဆောင်မှုဟာ တိုက်ရိုက်စီမံကိန်းလုပ်ငန်းများအထိရောက်ရှိသွားတာဖြစ်ပေမယ့် ဒေသများရှိ အုပ်ချုပ်ရေးရုံးများနဲ့လုပ်ငန်းများကတော့ ဒေသဆိုင်ရာအာဏာပိုင်များရဲ့စီမံကွပ်ကဲမှုအောက်မှာပဲရှိပါတယ်။ ဒုတိယအမျိုးအစားကတော့ မူဝါဒများကိုလမ်းညွှန်ချက်ပေးပြီး လုပ်ငန်းစီမံကိန်းများကိုဆွဲပေးတဲ့ တာဝန်ပဲရှိပြီး ဒေသခံတာဝန်ခံများက ဒီလုပ်ငန်းတွေအကောင်အထည်ပေါ်လာရေးအတွက် တာဝန်ယူရပါတယ်။

ကျွန်တော်တို့လို အလွန်ကြီးမားတဲ့တိုင်းပြည်ကြီးမှာရော၊ အလွန်ကြီးမားတဲ့ပါတီကြီးအတွက်ရော၊ ဗဟိုနဲ့ ဒေသဆိုင်ရာအာဏာပိုင်များအကြား ဆက်ဆံရေးကို မှန်မှန်ကန်ကန် သင့်တော်စွာကိုင်တွယ်နိုင်ရေးဟာ အလွန်အရေးကြီးပါတယ်။ တချို့အရင်းရှင်နိုင်ငံကြီးများမှာလည်း ဒီကိစ္စကို အတော်သတိထားကြတယ်။ သူတို့ရဲ့လူမှုစနစ်တွေဟာ ကျွန်တော်တို့စနစ်နဲ့ အခြေခံအားဖြင့် ကွဲပြားခြားနားပေမယ့် သူတို့ရဲ့တိုးတက်ဖွံ့ဖြိုးမှုအတွေ့အကြုံတွေကတော့ ဘာပဲဖြစ်ဖြစ်လေ့လာသင့်ပါတယ်။ ကျွန်တော်တို့ရဲ့ကိုယ်ပိုင်အတွေ့အကြုံပဲကြည့်ရအောင်။ပြည်သူ့သမ္မတနိုင်ငံအစောပိုင်းကာလများက ချမှတ်ခဲ့တဲ့ ကြီးမားတဲ့အုပ်ချုပ်ရေးဒေသများနဲ့ ဖွဲ့စည်းတဲ့စနစ်ဟာ အဲဒီအချိန်ကာလအတွက်လိုအပ်တာဖြစ်ပေမယ့် အားနည်းချက်တွေရှိတဲ့အတွက် နောင်မှာ ပါတီဆန့်ကျင်ရေးသမားအချို့က အမြတ်ထုတ် အသုံးချလို့ရသွားခဲ့ပါတယ်။ ဒီနောက်မှာတော့ ဒီကြီးမားတဲ့အုပ်ချုပ်ရေးစနစ်ကိုဖျက်သိမ်းလိုက်ပြီး ပြည်နယ်တွေကို ဗဟိုအုပ်ချုပ်ရေးအောက်ကိုသွတ်သွင်းလိုက်ပါတယ်။ ဒါဟာ မှန်ကန်တဲ့ဆုံးဖြတ်ချက်ပါ။ ဒါပေမဲ့ဒေသခံတွေအတွက် လိုအပ်တဲ့လွတ်လပ်ခွင့်မရှိရင် တချို့ပြဿနာများအတွက်ရလဒ်တွေကလည်း အားရကျေနပ်စရာမရှိပါဘူး။ ကျွန်တော်တို့ရဲ့ဖွဲ့စည်းအုပ်ချုပ်ပုံအရ၊ ဥပဒေပြုရေးအာဏာအားလုံးဟာ ဗဟိုအာဏာ ပိုင်များလက်အောက်မှာပါ။ ဒါပေမဲ့ ဗဟိုရဲ့မူဝါဒများကိုမဖောက်ဖျက်ဘူးဆိုရင်၊ ဒေသခံအာဏာပိုင်များအနေနဲ့ သူတို့အခိုင်အမာအခြေ အနေနဲ့လုပ်ငန်းလိုအပ်မှုအရ၊ စည်းမျဉ်းဥပဒေနဲ့လုပ်နည်းလုပ်ဟန်များကို ရေးဆွဲနိုင်ပါတယ်။ ဒါကိုဖွဲ့စည်းအုပ်ချုပ်ပုံစည်းမျဉ်းကလည်းတားမြစ်မထားပါဘူး။ ကျွန်တော်တို့အနေနဲ့ စည်းလုံးညီညွှတ်မှုရော၊ တသီးတခြားလက္ခဏာဆောင်မှုရော နှစ်ခုလုံးရှိဖို့ လိုအပ်ပါတယ်။အင်အားကြီးမားတဲ့ဆိုရှယ်လစ်နိုင်ငံတည်ဆောက်ဖို့ဆိုရင် အင်အားတောင့်တင်းပြီး စုစည်းညီညွတ်မှုရှိတဲ့ခေါင်းဆောင်မှုနဲ့ တနိုင်ငံလုံးမှာတညီတည်းရှိတဲ့စီမံကိန်းနဲ့ စည်းမျဉ်းစည်းကမ်းများရှိဖို့ အလွန်အရေးကြီးပါတယ်။ ဒီ မရှိမဖြစ်လိုအပ်တဲ့ ညီညွတ်ရေးကို ဖျက်လို ဖျက်ဆီးပြုလုပ်မှုများကို ခွင့်မပြုနိုင်ပါဘူး။ တချိန်တည်းမှာပဲ ဒေသခံတာဝန်များရဲ့လုပ်စွမ်းရည်များကို အစွမ်းကုန်ဖွံ့ဖြိုးစေရမှာဖြစ်ပြီး ဒေသတိုင်းရဲ့အခြေအနေများနဲ့ကိုက်ညီတဲ့ တသီးတခြားလက္ခဏာဆောင်မှုတွေကိုလည်း ဖော်ဆောင်ခွင့်ပြုရပါလိမ့်မယ်။ ဒီတသီးတခြားလက္ခဏာဆောင်မှုတွေဟာ တချို့လူတွေပြောသလိုမျိုးမဟုတ်ပဲ၊ တပြည်လုံးအကျိုးစီးပွားနဲ့ အမျိုးသားညီညွတ်ရေးကို ခိုင်မာတောင့်တင်းစေနိုင်တဲ့ဟာမျိုးဖြစ်ရမယ်။

ဒေသအသီးသီးက အာဏာပိုင်များအကြား ဆက်ဆံရေးလည်းရှိပါသေးတယ်။ ဒီနေရာမှာ ကျွန်တော်အဓိကပြောချင်တာက ဒေသတာဝန်ခံ အမြင့်နဲ့ အနိမ့်ကြားက ဆက်ဆံရေးပါ။ ပြည်နယ်နဲ့ မြူနီစီပယ်ဌာနများက ဗဟိုအာဏာပိုင်များအပေါ် ထင်မြင်ချက်များရှိသလို၊ ဘုံအဖွဲ့တွေ၊ ခရိုင်တွေ၊ မြို့နယ်တွေကရော၊ ပြည်နယ်နဲ့ မြူနီစီပယ်ဌာနများအပေါ် ထင်မြင်ချက်များ မရှိနိုင်ဘူးလား။ ဗဟိုအာဏာပိုင်များက ပြည် နယ်နဲ့မြူနီစီပယ်ဌာနများကို လုပ်ပိုင်ခွင့်များကိုပေးဖို့ ဂရုစိုက်ဖို့ လိုအပ်သလို၊ သူတို့ကလည်း ဘုံအဖွဲ့တွေ၊ ခရိုင်တွေ၊ မြို့နယ်တာဝန်ခံတွေကို ထို့အတူလုပ်ဖို့ လိုအပ်ပါတယ်။ ဘယ်သူမှ ကိုယ့်လက်အောက်ကလူတွေကို မလှုပ်ရှားနိုင်အောင် မလုပ်ရဘူး။ ထို့အတူ အောက်ခြေဆင့်ကရဲဘော်များကလည်း ဗဟိုချုပ်ကိုင်မှုလိုအပ်တဲ့ကိစ္စများမှာ မိမိထင်သလိုလုပ်မပစ်ဘဲ ဗဟိုကိုတင်ပြသင့်ပါတယ်။ အတိုချုပ်ပြောရရင် ဗဟိုချုပ်ကိုင်မှုကိုလိုအပ်တဲ့အခါတိုင်းနဲ့ ဖြစ်နိုင်တဲ့အခြေအနေတွေအောက်မှာ ကျင့်သုံးရမှာဖြစ်ပြီး၊ နို့မို့ရင်တော့ ဘယ်နေရာမှလုပ်စရာမလိုဘူးပဲ။ ပြည်နယ်တွေ၊ မြူနီစီပယ်ဌာနတွေ၊ ဘုံအဖွဲ့တွေ၊ ခရိုင်တွေ၊ မြို့နယ်တွေအားလုံးလည်း မိမိတို့နဲ့သင့်တော်တဲ့ လွတ်လပ်ခွင့်နဲ့ အခွင့် အရေးတွေရရမှာပါ။ မရရင်လည်း တိုက်ယူရမှာပေါ့။ မိမိဒေသအတွက်မဟုတ်ပဲ၊ တနိုင်ငံလုံးအကျိုးစီးပွားအတွက် ဒီလိုအခွင့်အရေးရဖို့တိုက်တာကို ဒေသစွဲလို့သတ်မှတ်တာ၊ မလိုအပ်တဲ့လွတ်လပ်ခွင့်ကိုတောင်းဆိုတာ စတာမျိုးတွေ မပြောသင့်ပါဘူး။

ပြည်နယ်နဲ့ မြူနီစီပယ်ဒေသအသီးသီးအကြား ဆက်ဆံရေးများဟာလည်း ဒေသအသီးသီးအကြားကဆက်ဆံရေးလိုပဲ မှန်မှန်ကန်ကန်ကိုင်တွယ်ဖို့လိုပါတယ်။ အားလုံးအကျိုးစီးပွားအပေါ်အခြေခံပြီး အပြန်အလှန်ကူညီ ညှိနှိုင်းပြေလည်အောင်လုပ်ဆောင်ခြင်းဟာ ကျွန်တော်တို့ရဲ့မြဲမြံတဲ့မူဖြစ်ပါတယ်။

ဗဟိုနဲ့ ဒေသခံတာဝန်ခံများအကြားနဲ့ ဒေသအသီးသီကတာဝန်ခံများအကြား ဆက်ဆံရေးတွေကို မှန်မှန်ကန်ကန်ကိုင်တွယ်ရေးနဲ့ ပတ်သက်တဲ့ကျွန်တော်တို့ရဲ့အတွေ့အကြုံတွေဟာ အခုအထိ မပြည့်မစုံသေးဘဲ၊ ရင့်ကျက်မှုလည်းမရှိသေးပါဘူး။ ခင်ဗျားတို့တတွေ မကြာခဏ ဒါကိုအလေးပေးဆွေးနွေး နိဂုံးချုပ်ပြီး အားနည်းချက်တွေကိုကျော်လွှားကာ အောင်မြင်မှုတွေရအောင်ကြိုးစားကြပါ။

လှကျော်ဇော
၂၀-၁၂-၂၀၂၁။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar