Breaking News

ဇင်ယော်နီ - လမ်းတလျှောက်မှာ ပန်းကောက်ခြင်းဒိုင်ယာရီ -၂ (အိန္ဒိယ၊ ထိုင်း၊ တရုတ်၊ နော်ဝေ၊ နယ်သာလန်၊ ပြင်သစ်၊ ဂျာမနီများခရီးအတွေ့အကြုံ)

စာရေးသူ၏ဥရောပခရီးစဉ်အမှတ်တရပုံရိပ်
လမ်းတလျှောက်မှာ ပန်းကောက်ခြင်းဒိုင်ယာရီ-၂
ဇင်ယော်နီ
(မိုးမခ) ဒီဇင်ဘာ ၂၂၊ ၂၀၂၁

(၁၁)

သူတို့ဆီက ကျောင်းတွေမှာ ရှေ့ဆုံးခုံနေရာရဖို့ မိဘက နေရာဦးပေးရတာတို့၊ ပိုက်ဆံအင်အား၊ ရာထူးဘာညာအင်အားသုံးပြီး ကိုယ့်ကလေး ရှေ့ဆုံးတန်းမှာနေရာရအောင်လုပ်ယူတာတို့ဆိုတာမျိုးတွေ မရှိပါဘူးတဲ့ ...။
ကလေးတွေဟာ အလှည့်ကျ အစဉ်လိုက်ခုံတွေကို ပြောင်းထိုင်သွားကြရပါသတဲ့ ...။

(၁၂)

ဥရောပကိုရောက်နေတဲ့ မြန်မာနိုင်ငံက ကဗျာဆရာ၊ ပန်းချီဆရာတစ်ဦးရဲ့ သားလေးကလက်ဝှေ့ပညာ အတော်ထူးချွန်ပါသတဲ့။ 
အဲဒီကလေးကို အားကစားသိပ္ပံမှာအပ်နှံပြီး လက်ဝှေ့ဆက်သင်ဖို့ဝင်ခွင့်လျှောက်တဲ့အခါ ချက်ချင်းဝင်ခွင့်မပေးသေးဘဲ ကလေးရဲ့ မူလတန်း၊ အလယ်တန်း ကျောင်းသားဘဝတလျှောက် ကိုယ်ရေးမှတ်တမ်းတွေကို ပြန်ကြည့်ပြီးသုံးသပ်ကြပါသေးသတဲ့။
ဒီကလေးဟာ လက်ဝှေ့ပညာကို အားကစားအဖြစ် တကယ်မြတ်နိုးသူလား၊ သူတပါးကိုအင်အားသုံးပြီး အနိုင်ကျင့်ချင်တဲ့ စိတ်နေစရိုက် ရှိခဲ့ဖူးသလား ...။ ဒါမှမဟုတ် အနိုင်ကျင့်တာခံရဖူးလို့ မသိစိတ်မှာ လက်စားချေချင်တဲ့စိတ်ကိန်းအောင်းနေလို့လား .... စသည်ဖြင့် ကလေးရဲ့ ဖြတ်သန်းခဲ့တဲ့ ကိုယ်ရေးမှတ်တမ်းနဲ့စိတ်နေစိတ်ထား စရိုက်လက္ခဏာတွေကို အသေးစိတ်လေ့လာသုံးသပ်ကြပါသေးသတဲ့ ...။

(၁၃)

သူတို့ဆီမှာက လူတဦး၊ ကလေးတယောက်ကို ရုပ်ပိုင်းဆိုင်ရာထိခိုက်နာကျင်စေဖို့မဆိုထားနဲ့၊ စိတ်ပိုင်းဆိုင်ရာကိုတောင် ထိခိုက်ခွင့်မပေးပါဘူး။
လူသားမဆိုထားနဲ့ လမ်းမှာတွေ့တဲ့တိရစ္ဆာန်ကိုတောင် ထိပါးခွင့်မရှိပါဘူး။
အဲသလိုပဲ ကိုယ့်ရဲ့အိမ်မွေးတိရစ္ဆာန်ကြောင့်လည်း သူတပါးကို၊ ပတ်ဝန်းကျင်ကို မထိခိုက်စေရပါဘူး။
ဆိုကြပါစို့ ....၊ အလှမွေးခွေးလေးတွေကိုအပြင်ထုတ်ပြီး အညောင်းအညာပြေ လမ်းလျှောက်တာ၊ အပေါ့အပါးစွန့်ခိုင်းတာမျိုး မြန်မာနိုင်ငံမှာတောင် လုပ်လာနေကြပြီ။
သူတို့ဆီမှာ အဲသလိုခွေးကျောင်းတဲ့အခါ သခင်ဖြစ်သူမှာ ဂေါ်ပြားတို့၊ အိတ်တို့ တခါတည်းပါလာပြီးသား။
ရှေ့က သူ့ခွေးကမစင်စွန့်တာနဲ့ သခင်က နောက်ကနေ တခါတည်းကျုံးရတာ ...။
လမ်းပေါ်မှာ ဘာမှကျန်မနေစေရဘူး။

(၁၄)

လမ်းဖြတ်ကူးကြတဲ့အခါ ကားတွေက လူကိုပဲ ဦးစားပေးရပါတယ်။ ကားလာနေလို့ လူက ရပ်စောင့်နေရတာမျိုး မရှိပါဘူး။ လူတွေ လမ်းဖြတ်ကူးပြီးသည်အထိ ကားတွေကပဲ ရပ်စောင့်ပေးကြပါတယ်။
မီးပွိုင့်ထောင့်တွေမှာဆို သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေ၊ မသန်မစွမ်း မျက်မမြင်တွေအတွက် သီးသန့်ခလုတ်လေးတွေ ထားပေးထားသေးတယ်။
ခလုတ်နှိပ်လိုက်ရင် မီးက နီသွားရော ...။
လမ်းဖြတ်ကူးပြီးလို့ ဟိုဘက်ရောက်ရင်လည်း ခလုတ်ကို ပြန်နှိပ်ထားပေးခဲ့ရတယ်။ အဲဒီတော့မှ မီးက ပြန်စိမ်းသွားတာ ...။

(၁၅)

သူတို့ဆီမှာ လူတယောက်ဟာ ဖုန်းဆင်းကတ် ၂ ကပ်ထက် ပိုကိုင်ခွင့်မရှိပါဘူး။
ဖုန်းဆင်းကတ်တခုဟာ မြန်မာနိုင်ငံကမှတ်ပုံတင်ကတ်ထက်တောင် ပိုပြီးအရေးကြီးလွန်းလှပါတယ်။
အဲဒီဖုန်းကတ်ထဲမှာ ကိုင်ဆောင်သူရဲ့ကိုယ်ရေးရာဇဝင် ရှိနေပါသတဲ့။ ဘယ်မှာအလုပ်လုပ်တယ်၊ လစာဘယ်လောက်ရတယ်၊ အခွန်ဘယ်လောက်ဆောင်ရတယ်၊ ဘယ်မှာနေတယ် ....စတဲ့အချက်အလက်အားလုံး ရှိနေသတဲ့။
ထူးခြားဖြစ်စဉ်တခုခုကြုံလာရင်လည်း အဲဒီဆင်းကတ်တည်နေရာကို ငါးမိနစ်၊ဆယ်မိနစ်လောက်မှာ ရဲတွေ၊ ကယ်ဆယ်ရေးတွေ ...စသဖြင့် ရောက်လာနိုင်ပါသတဲ့။
လစာအသွင်းအထုတ်တို့၊ အခွန်ကိစ္စတို့၊ ဒဏ်ကြေးဆောင်ရတာလိုဟာမျိုးတွေမှာ ဘာညာဘာညာတွေလုပ်လို့မရနိုင်ပါဘူး။ အားလုံး အဲဒီဖုန်းကတ်ထဲကပဲ ကွန်ပျူတာစနစ်နဲ့ အော်တိုမက်တစ်သွားပါသတဲ့ ခင်ဗျာ ...။

(၁၆)

သူတို့ဆီမှာလည်း အိမ်ယာတန်းတွေ ရှိပါတယ်။ ထူးခြားတာက အဲသလို တိုက်တန်း ဘယ်နှတန်းဆိုရင် မြက်ခင်းပြင်နဲ့ အားကစားကွင်း ရှိနေရမယ်၊ ပန်းခြံ၊ ကားရပ်စရာကွင်း ရှိနေရမယ်လို့ စည်းကမ်းချက် သတ်မှတ်ထားတာပါပဲ။
ဒါကြောင့် သူတို့ဆီက အိမ်ယာတွေဆိုတာ မွမ်းကြပ်လှောင်ပိတ်နေတာမျိုး မဟုတ်ဘဲ မျက်စိတစ်ကမ်းမှာတင် မြက်ခင်းပြင်လေးတွေ၊ ပန်းခြံလေးတွေ၊ ကစားကွင်းငယ်လေးတွေ ရှိနေကြပါတယ်။

(၁၇)

သူတို့ဆီမှာ နိုင်ငံသားတယောက်ထမ်းဆောင်ရတဲ့အခွန်နှုန်းထားဟာ အတော်ကြီးမားတယ်လို့ ဆိုနိုင်ပါတယ်။ ဝင်ငွေရဲ့သုံးပုံတပုံလောက်တောင် အခွန် ထမ်းရထင်ပါရဲ့။
ဒါပေမဲ့ ကျန်းမာရေးကိစ္စကြုံပြီဆိုရင် အစအဆုံး သူ့နိုင်ငံတော်ကပဲတာဝန်ယူပါတယ်။
ပညာရေးကိုလည်း တာဝန်ယူပါတယ်။
ပြီးတော့ အမျိုးသမီးတယောက် ကိုယ်ဝန်ဆောင်ပြီဆိုရင်လည်း ကိုယ်ဝန်ဆောင်ချိန်ကစလို့ ကလေးမီးဖွားတဲ့အထိ၊ အဲဒီကလေးကို ပြုစုစောင့်ရှောက်ခကအစ သူ့နိုင်ငံက တာဝန်ယူပါသတဲ့။
အသက်ကြီးလာချိန်၊ အလုပ်ကပင်စင်ယူချိန်မှာလည်း လုံလောက်တဲ့အထောက်အပံ့တွေ ရှိနေပါသတဲ့။

(၁၈)

လက်ရှိမြန်မာတို့ရဲ့လူမှုအသိုင်းအဝိုင်းနေရာကကြည့်မယ်ဆိုရင်တော့ လွန်စွာစိုးရိမ်မကင်းဖွယ်အကြောင်းအရာတရပ်ကိုလည်း ကြားဖူးခဲ့ရပါတယ်။

အသက် ၈ နှစ် ၉ နှစ်အရွယ်မူလတန်းကလေးငယ်တွေကို ဆရာတွေက ကျောင်းနဲ့ ၁ဝ မိုင်လောက်ဝေးတဲ့တနေရာကိုခေါ်သွားပြီး ကားပေါ်က ချပေးခဲ့တယ်။ ပြီးတော့ ကိုယ့်နည်းကိုယ်ဟန်နဲ့ ကျောင်းကို ပြန်လာစေပါသတဲ့။
အဲဒါကို အိမ်က မိဘလူကြီးတွေက ကူညီပံ့ပိုးမှု လုံးဝမလုပ်ရပါဘူးတဲ့။

ကလေးတွေဟာ ကိုယ့်အကြံစွမ်း ဉာဏ်စွမ်းလေးတွေကိုထုတ်သုံးပြီး ကျောင်းကို ပြန်လာကြရပါသတဲ့။

သက်ကြီးရွယ်အိုတို့၊ ကျန်းမာရေးညံ့နေသူတို့၊ သူ့ဟာသူ အထုပ်အပိုး အလေးအပင်တွေနဲ့အလုပ်ရှုပ်နေသူတို့ .... ဘယ်လိုလူမျိုးတွေဆိုရင် အကူအညီ မတောင်းရဘူး၊ ဘယ်လိုဘယ်လို အေးဆေးသက်သာဖြစ်နေသူတွေဆီမှာ အကူအညီတောင်းရမယ် .... အဲသလိုတွေတော့ ဆရာတွေက လမ်းညွှန်ပေးထားကြမှာပေါ့လေ။

အဲသလိုလေ့ကျင့်ခန်းမျိုးလေးတွေကလည်း ကလေးတွေအတွက် ဘဝမှာအခက်အခဲတစုံတရာကြုံလာတဲ့အခါ ခေါင်းအေးအေးနဲ့ ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ အများကြီး အတွေ့အကြုံရစေပါတယ်။

(မြန်မာ့လူမှုအသိုင်းအဝိုင်းနေရာက စဉ်းစားကြည့်မယ်ဆိုရင်တော့ ကလေးအတွက် စိုးရိမ်လို့ကို ပြီးမှာမဟုတ်တော့ပါဘူး)

(၁၉)

သူတို့ဆီက ပညာရေးစံနစ်က ကလေးတယောက်ရဲ့ သိလိုစိတ်၊ စူးစမ်းလိုစိတ်၊ တီထွင်ကြံဆလိုစိတ်ကို အထူးဦးစားပေးတယ်။
ဥပမာ -ဆရာမက ငါးတွေအကြောင်းပြောပြချိန်မှာကလေးက ငါးတွေက ဘာလို့လေထဲမပျံတာလဲ၊ ငှက်တွေကရော ရေကူးသလားဆိုတာမျိုးတွေ အမေးအမြန်းထူလာခဲ့ရင် ဆရာမဖြစ်သူက ကလေးစိတ်ကျေနပ်တဲ့အထိ၊ ကြေကြေလည်လည်ဖြစ်တဲ့အထိ ရှင်းပြရတယ်။

အဲဒါ နင့်အလုပ်လား၊ ငါပြောတာပဲမှတ်၊ ကျန်တာလျှာမရှည်နဲ့ဆိုတာမျိုးတွေ ကလေးကိုပြောမိလို့ကတော့ တရားစွဲခံရပြီသာမှတ်။
မြန်မာမလေးတယောက် နော်ဝေမှာ မူလတန်းပြအလုပ်ရသတဲ့။
တီကောင်အကြောင်းပြောပြီး နောက်နေ့မှာ ကလေးတွေကို တီကောင်တွေယူလာခိုင်းရသတဲ့။
တီကောင်ကိုမထိခိုက်မနာကျင်အောင် ဘယ်လိုဖမ်းလာရမယ်၊ ဘယ်လိုလုံခြုံအောင်ယူလာရမယ်လို့လည်း မှာလိုက်ရသတဲ့။
ခက်တာက အဲဒီဆရာမက တီကောင်အလွန်ကြောက်ဆိုပဲ။ မြင်ရရုံနဲ့တင်အူတွေယားပြီး နေမထိထိုင်မသာဖြစ်နေတတ်သူ။

ကလေးတွေကတော့ သူတို့ဖမ်းလာတဲ့တီကောင်တွေကို အချင်းချင်းအပြန်အလှန်လေ့လာကြ၊ ဘာတူတယ်၊ ဘာမတူဘူး စူးစမ်းကြ၊ ငြင်းခုန်ကြနဲ့ ‌ပျော်နေကြတာပေါ့။ ဆရာမလေးဆီကိုလည်း တီကောင်တွေလာလာပြပြီး ဒီအကောင်က ဘယ်လို၊ ဟိုအကောင်က ဘယ့်နှယ်တွေပြောကြတယ်၊ သူတို့သိချင်တာတွေ မေးကြတယ်။

ဆရာမလေးခမျာ ဇောချွေးတွေပျံပြီး အတော်ဒုက္ခများရရှာပေမဲ့ သူက ကလေးတွေရှေ့မှာ ရွံပြကြောက်ပြလိုက်ရင် ပြဿနာကအကြီးကြီးမို့ မနည်း စိတ်အားတင်းခဲ့ရပါသတဲ့။

မြန်မာ့လူနေမှုမှာက မိဘဆရာတွေရဲ့ ငါပြောတာပဲ နားထောင်၊ ငါသင်တဲ့အတိုင်းပဲ မှတ် ... ဆိုတဲ့ ပညာရေးစနစ်၊

သူတို့ဆီမှာက ကလေး သိချင် တတ်ချင်သမျှကို မိဘဆရာဖြစ်သူတွေက ဖွင့်ပေးရတဲ့ ပညာရေးစံနစ်။

(၂၀)

သူတို့ဆီမှာကကလေးတယောက်ကို အန္တရာယ်ဖြစ်နိုင်တဲ့ကိစ္စကိုမလုပ်ဖို့တားမြစ်ခြင်းထက် အန္တရာယ်မဖြစ်အောင် ဘယ်လိုလုပ်ရမယ်ဆိုတာကို ပိုပြီးဦးစားပေး လေ့ကျင့်သင်ကြားပေးကြပါတယ်။

ဒီနေရာမှာ ဆရာကြီးပါရဂူ ဘာသာပြန်တဲ့အိုရှိုးရဲ့ ကလေးပြဿနာဆိုတဲ့စာအုပ်ထဲက အကြောင်းအရာနဲ့ ချိတ်ဆက်တင်ပြလိုပါတယ်။
အိုရှိုးက ဘာပြောထားသလဲဆိုတော့ လူကြီးမိဘတွေဟာ ကလေးတယောက် သစ်ပင်ပေါ်ကိုတက်ဖို့ ကြိုးစားနေတာကိုမြင်ရင် လိမ့်ကျလိမ့်မယ်၊  ခြေတွေလက်တွေ ကျိုးလိမ့်မယ်၊ မတက်နဲ့ ... လို့ တားမြစ်ကြတာ များတယ်။ 
တကယ်က အပင်ပေါ်က ပြုတ်မကျအောင် ဘယ်လိုတက်၊ ဘယ်လို အကိုင်းသေးသေး၊ အကိုင်းဆွေးဆွေးဆို သတိထား၊ အပင်ပေါ်မှာ ပျားအုံတွေ၊ ခါချဉ်အုံတွေ ရှိနေသလားဆိုတာလည်း ကြည့်ဦး .... စသဖြင့် သင်ကြားပေးသင့်တာပါတဲ့ ...။

ကလေးက မိုးရွာထဲ ထွက်ဆော့ချင်ရင်လည်း တုတ်တချောင်းနဲ့ တားမြစ်ကြတဲ့မိဘက များပါတယ်။ 
တကယ်က မိုးရွာထဲမှာချော်မလဲအောင် ဘယ်လိုလျှောက်၊ ရေညှိတွေကိုသတိထား၊ ရေအိုင်ထဲမှာ ရှိတတ်တဲ့ ဆူးတွေ၊ ပုလင်းကွဲတွေ သတိထား၊ မိုး ကြိုးပစ်နိုင်တဲ့အန္တရာယ်ကို ဘယ်လိုသတိထား၊ လေပြင်းရင် ဘယ်လိုအပင်ကြီးတွေနား မသွားသင့်ဘူး၊ ရေချိုးပြီးရင်လည်း ရေကို ဘယ်လိုသုတ်၊ နွေးနွေးထွေးထွေးဖြစ်အောင် ဘယ်လိုနေ .... စတာတွေကို ကလေး သဘောပေါက်အောင် ရှင်းပြပြီး မိုးရေချိုးခွင့် ပေးသင့်တာပါတဲ့။

သူတို့ဆီက ပညာရေးစနစ်မှာလည်း အဲဒီသဘောတားမျိုးကို ပိုပြီး ဦးစားပေးကြောင်း သတိပြုမိပါတယ်။
ဆက်ရန် 
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar