မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁၀ လ ၂၇ ရက်မြောက်နေ့မြင်ကွင်း
မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁၀ လ ၂၇ ရက်မြောက်နေ့မြင်ကွင်း
(မိုးမခ) ဒီဇင်ဘာ ၂၈၊ ၂၀၂၁
အနောက်တိုင်း ပြက္ခဒိန်နဲ့ နှစ်သစ်ကို ကူးပြောင်းရောက်ရှိဖို့ ၃/၄ ရက်လောက်မျှသာလိုတော့တဲ့ကာလ၊ ဘာသာရေးအရရော၊ ပြက္ခဒိန်နှစ်အရရော အားလပ်ရက်၊ မိသားစုတွေပြန်ဆုံကြတဲ့ကာလတခု၊ အေးမြတဲ့ဆောင်းရာသီမှာ အထက်ကဆိုခဲ့တဲ့ ဘာသာရေးတွေ မိသားစုအားလပ်ရက်တွေ တခုမျှစဥ်းစားမနေနိုင်ဘဲ အသက်ရှင်ဖို့ ဖမ်းဆီးမခံရဖို့ နှိပ်စက်မခံရဖို့၊ မိသားစုကို လုံခြုံတဲ့နေရာရောက်ဖို့ကိုသာ ခေါင်းထဲတွေးနေရသူတွေ မြန်မာနိုင်ငံမှာ သန်းနဲ့ချီရှိပါလိမ့်မယ်။
တဖက်မှာလည်း ရန်သူဆိုပြီး ဝါဒဖြန့်ပေးထားတာကို ယုံကြည်နေခြင်း၊ မိမိကိုအန္တရာယ်ပေးမယ့်သူကို ရှာဖွေရှင်းလင်းခြင်း လက်ဦးမှုယူခြင်း ပိုင်ဆိုင်မှုတွေကို သိမ်းယူပြီးကိုယ်ကျိုးအတွက် အသုံးချခြင်းတွေ စတဲ့ ဆိုးယုတ်တဲ့အပြုအမူတွေနဲ့ ပြည့်နှက်နေတဲ့လုပ်ရပ်တွေက နေ့စဥ်နဲ့အမျှ ဖြစ်ပျက်နေတာလည်း ဖြစ်ပါတယ်။
အခုလိုကာလဟာ အနာဂတ်ကို မျှော်လင့်ချက်တွေနဲ့ တွေးမျှော်ခြင်းထက် ပစ္စုပ္ပန်မှာ အသက်ရှင်ကျန်ဖို့ မိမိတို့အဖွဲ့အစည်း အစုအဖွဲ့ကိုကာကွယ်ဖို့ ရှိနေတဲ့အနေအထားကို ထပ်မဆုံးရှုံးသွားအောင် ကြိုးစားနေကြရတဲ့အချိန်ကာလလို ဖြစ်နေတာပါ။
လူငယ်တွေ အနာဂတ်ပျောက်ကွယ်သွားတယ် လူကြီးတွေလည်း အသက်အရွယ်အရ အနားယူရမယ့်အချိန် အနားမယူနိုင် အသက်ရှင်သန်နိုင်ရေး မိမိတို့စားဝတ်နေရေးတို့အတွက် ရှိသမျှအားထုတ်ပြီး ရှင်သန်ကျန်ရစ်အောင် ကြိုးပမ်းနေကြရတဲ့အနေအထားလည်း ဖြစ်နေပါတယ်။
ဒီနေ့သတင်းတွေထဲမှာတော့ ရန်ကုန်မြို့မှာ ဖြစ်ပွားတဲ့ ပေါက်ကွဲမှု၊ မန္တလေးခရိုင်တရားရုံးပေါက်ကွဲမှု၊ စစ်အာဏာသိမ်းပြီကတည်းက ဖမ်းဆီးခံထားရတဲ့ စာရေးဆရာမ ရန်ကုန်မြို့တော်စည်ပင်ကော်မတီဝင်ဖြစ်ခဲ့သူ ဒေါ်သန်းမြင့်အောင်ကို ထောင်ဒဏ် ၃ နှစ်ချလိုက်တာ သရုပ်ဆောင်ပိုင်တံခွန်ကိုလည်း ဒီနေ့မှာပဲ ထောင်ဒဏ် ၃ နှစ်ချလိုက်တဲ့သတင်း လေးကေ့ကော်ဒေသမှာတော့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲဆိုတဲ့သတင်း၊ နောက်ထပ်အမှုတွေရင်ဆိုင်နေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပို့ကုန်သွင်းကုန်နဲ့ ဆက်သွယ်ရေးဥပဒေနဲ့ စွဲဆိုထားတဲ့အမှုအတွက် အမိန့်ချမယ့် ရုံးချိန်းမှာ မချသေးပဲ နောက်ထပ်ရွှေ့ဆိုင်းလိုက်တဲ့သတင်းတွေဖြစ်ပါတယ်။
ရန်ကုန်မြို့ ပေါက်ကွဲမှုက သီရိမင်္ဂလာစျေးသစ်ထဲက ကုန်စိမ်းကားတစီးအောက်မှာ ပေါက်ကွဲမှုဖြစ်ပွားပြီး အနီးအနားက လူ ၄ ဦး ဒဏ်ရာရခဲ့တယ်လို့ သတင်းတွေမှာဖေါ်ပြထားပါတယ်။ မန္တလေးမြို့က ခရိုင်တရားရုံးပေါက်ကွဲမှုမှာတော့ လူထိခိုက်ဒဏ်ရာရမှု မရှိခဲ့ဘူးလို့ သတင်းတွေအရ သိရပါတယ်။
အခုလိုပေါက်ကွဲမှုတွေ နေ့စဥ်နဲ့အမျှ မြန်မာနိုင်ငံရဲ့ နေရာအနှံ့အပြားမှာ ဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။ အချို့သောပေါက်ကွဲမှုတွေက သတိပေးတဲ့သဘော၊ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရား ဝန်ဆောင်မှုရုံးတွေနေရာတွေကို မသွားရောက်ကြဖို့ အခွန်ငွေ မသွင်းကြဖို့ သတိပေးတဲ့ ရည်ရွယ် ချက်နဲ့ ဖောက်ခွဲတာလို့ ယူဆရပါတယ်။ အချို့သော ဖောက်ခွဲမှုတွေက ပစ်မှတ်ဖြစ်တဲ့ စစ်ကောင်စီလက်နက်ကိုင်တပ်ဖွဲ့တွေကို ထိခိုက်သေဆုံးအောင် ရည်ရွယ်တာလည်း ဖြစ်ပါတယ်။
နောက်သတင်းတပုဒ်ဖြစ်တဲ့ စစ်ကောင်စီဖမ်းဆီးထားတဲ့ အန်အယ်လ်ဒီအစိုးရလက်ထက်က ရန်ကုန်မြို့တို့စည်ပင်ကော်မတီဝင်ဖြစ်ခဲ့သူ ပရဟိတ လုပ်ဆောင်မှုတွေအတွက် လူသိများလေးစားခံရသူ ဒေါ်သန်းမြင့်အောင်နဲ့ နာမည်ကြီး သရုပ်ဆောင် မော်ဒယ် ပိုင်တံခွန်တို့ကို ပုဒ်မ ၅၀၅-က နဲ့ ထောင်ဒဏ် ၃ နှစ်စီချမှတ်လိုက်တဲ့သတင်းပဲ ဖြစ်ပါတယ်။
သရုပ်ဆောင်ပိုင်တံခွန်က စစ်အာဏာသိမ်းမှုတွေ အပြီး အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာပါဝင်ခဲ့ပြီး သူ့ရဲ့ ဆိုရှယ်မီဒီယာ စာမျက်နှာတွေပေါ်မှာလည်း သူ့ရဲ့လှုပ်ရှားမှု ထောက်ခံမှုတွေကို အများသိအောင်ပြသခဲ့သူဖြစ်လို့ ၅၀၅-က နဲ့ စွဲဆိုတာလို့ တွေးဆနိုင်သော်လည်း စစ်အာဏာသိမ်းတဲ့နေ့ကတည်းက အခြားသော တက်ကြွလှုပ်ရှားသူတွေ အန်အယ်လ်ဒီပါတီက ခေါင်းဆောင်တွေနဲ့ တနေ့ထဲ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒေါ်သန်းမြင့်အောင်ကိုတော့ ဘယ်လိုအကြောင်းပြချက်နဲ့ ၅၀၅-က နဲ့ စွဲဆိုထောင်ချသလဲဆိုတာ စဥ်းစားလို့မရပါဘူး။ အခုလို ပြစ်ဒဏ်ချမှတ်မှုဟာ ကျန်ရှိနေသေးတဲ့ ဖမ်းဆီးခံထားရတဲ့ အနုပညာရှင် သရုပ်ဆောင် ထင်ရှားကျော်ကြားသူတွေကိုလည်း သတင်းစကားပါးလိုက်တဲ့သဘောလည်း ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။
နောက်အခြားသတင်းကတော့ ဒီဇင်ဘာလလယ်ကတည်းကဖြစ်ပွားနေတဲ့ လေးကေ့ကော်က တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး စစ်ရေးနဲ့ ဆက်စပ်နေတဲ့ မြဝတီကော့ကရိတ် ကားလမ်းတလျှောက်က အချို့နေရာတွေမှာလည်း တိုက်ပွဲဖြစ်တာတွေရှိနေတယ်လို့ သတင်းတွေထဲ ဖေါ်ပြထားပါတယ်။ စစ်ဘေးဒုက္ခသည်အရေအတွက် တိုးလာနေဆဲလည်း ဖြစ်ပါတယ်။ ထိုင်းနိုင်ငံဘက်ကို ကူးသွားတဲ့သူအရေအတွက်လည်း အရင်ရက်တွေထက်စာရင် တိုးလာပါတယ်။
နောက်ဆုံးသတင်းတပုဒ်ကတော့ အန်အယ်လ်ဒီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းပြီးနောက် ပထမဆုံး စွဲဆိုခဲ့တဲ့ ပုဒ်မဖြစ်တဲ့ သွင်းကုန်/ ပို့ကုန် အက်ဥပဒေနဲ့ ဆက်သွယ်ရေးဥပဒေတို့နဲ့ စွဲဆိုတဲ့အမှု အမိန့်ချမယ့်နေ့ဖြစ်တဲ့ ဒီဇင်ဘာ ၂၇ ရက်နေ့မှ အမိန့်မချဘဲ နောက်ထပ်ချိန်းဆိုလိုက်တာ တွေ့ရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထိန်းသိမ်းစဥ် လမ်းလျှောက်စကားပြောစက်တွေကို ၄င်းရဲ့နေအိမ်မှာတွေ့ရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပထမဆုံး အမှုဖွင့်စွဲဆိုခဲ့တာဖြစ်ပြီး အဆိုပါစွဲဆိုချက်နောက် ၅၀၅-က သဘောဝဘေးစီမံဆိုတဲ့ အမှုတွေအတွက် အရင် ပြစ်ဒဏ်ချမှတ်ခဲ့ပြီးနောက် ပထမဆုံးစွဲဆိုတဲ့အမှုကို ခုမှ ပြစ်ဒဏ်ချမှတ်ဖို့ လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar