Breaking News

ဇင်ယော်နီ - လမ်းတလျှောက်မှာ ပန်းကောက်ခြင်းဒိုင်ယာရီ -၄ (အိန္ဒိယ၊ ထိုင်း၊ တရုတ်၊ နော်ဝေ၊ နယ်သာလန်၊ ပြင်သစ်၊ ဂျာမနီများခရီးအတွေ့အကြုံ)

ပန်းချီဆရာတို့ကျက်စားရာ ပါရီမြို့တနေရာရဲ့မြင်ကွင်း
လမ်းတလျှောက်မှာ ပန်းကောက်ခြင်းဒိုင်ယာရီ - ၄
ဇင်ယော်နီ
(မိုးမခ) ဒီဇင်ဘာ ၂၉၊ ၂၀၂၁

(၂၆)



ပြင်သစ်နိုင်ငံရဲ့မြို့တော် ပါရီ ခေါ် ပဲရစ်မှာ ကမ္ဘာကျော်တဲ့ ပဲရစ်မျှော်စင်ခေါ် အီဖယ်လ်မျှော်စင်ကြီး ရှိနေပါတယ်။
ကမ္ဘာလှည့်ခရီးသွားတွေဟာ အီဖယ်မျှော်စင်ကြီးနဲ့ အဝေးကလည်း အမှတ်တရ ဓာတ်ပုံတွေ ရိုက်ကြသလိုမျှော်စင်ကြီးပေါ်ကိုလည်း တက်ရောက်လေ့လာနိုင်ကြပါတယ်။ 
မျှော်စင်ပေါ်ကနေ ပါရီရဲ့အလှကို ရှုစားနိုင်ကြပါတယ်။

ပဲရစ်မျှော်စင်ခေါ် အီဖယ်လ်မျှော်စင်နောက်ခံနဲ့စာရေးသူ

၁၈၈၉ ခုနှစ်က စတင်တည်ဆောက်ခဲ့တာဖြစ်လို့ အခုဆိုရင် သက်တမ်းနှစ်ပေါင်း ၁၃၀ ကျော်လာပြီးဖြစ်ပြီး အမြင့် မီတာ ၃ဝဝ  ရှိတဲ့ မျှော်စင်ကြီးဟာ ဟိုး အပေါ်ပိုင်းမှာတော့ အနည်းငယ် ယိမ်းခါမှု ရှိနေပါတယ်။
အပေါ်ဆုံးအထပ်အထိ ဧည့်သည်တွေကို တက်ခွင့်ပေးမထားပေမဲ့ မျှော်စင်ကြီးရဲ့ သုံးပုံ နှစ်ပုံအမြင့်လောက်အထိ ဓာတ်လှေခါးနဲ့တက်ရောက်နိုင်အောင် စီစဉ်ပေးထားပါတယ်။
အီဖယ်မျှော်စင်ကြီးဟာ ပြင်သစ်တွေ သံသတ္ထုတွေကို ဘယ်လောက်နိုင်နင်းခဲ့ကြောင်းနဲ့ အင်ဂျင်နီယာ ဗိသုကာအတတ်မှာ ဘယ်လောက်ကျွမ်းကျင်ခဲ့တယ်ဆိုတာကို ဂုဏ်ယူဝံ့ကြွားရင်းနဲ့ပဲ ကမ္ဘာလှည့်ခရီးသွားတွေရဲ့ အိတ်ထဲကပိုက်ဆံတွေကို ပျော်ပျော်ကြီး ညှို့ယူနေပါလေရဲ့ ...။

(၂၇)

ပြင်သစ်ရဲ့ မြို့တော် ပါရီမှာ ခရီးသွားတွေ တကူးတကန့် လာရောက်ကြည့်ရှူကြရတဲ့၊ ၁၆၄ ပေ (မီတာ ၅၀)  မြင့်မားတဲ့ ဧရာမမုခ်ဦးကြီးတခု ရှိနေပါတယ်။ကျ ဆုံးလေပြီးသော ပြင်သစ်စစ်သည်တော်တွေကို ဂုဏ်ပြုပြီးတည် ဆောက်ထားတာလို့ သိရပြီး အနုလက်ရာတွေနဲ့ တန်ဆာဆင်ထားပါတယ်။

(၂၈)

သူရဲကောင်းမုခ်ဦးကြီးနဲ့ ဆက်တိုက်ဆိုသလိုတည်ရှိနေတာကတော့ လုဗ်လို့ အသံထွက်နိုင်တဲ့ အနုပညာပြတိုက်ကြီးပါပဲ။ 
ပြတိုက်အဆောက်အဦးကြီးဟာ အင်မတန်မှကို ကြီးမားခန့်ထည်လှပြီး ရှေးယခင်က နန်းတော်ဖြစ်ခဲ့ဖူးတယ်လို့ သိရပါတယ်။

ပြတိုက်ကြီးက ဘယ်လောက်ကြီးမားသလဲ ခန့်မှန်းကြည့်နိုင်ဖို့ ပြောပြရရင် ပြတိုက်မှာဝင်ရောက်ကြည့်ရှုဖို့ လက်မှတ်ကို တစ်ရက်စာ၊ နှစ်ရက်စာ၊ လေးရက်စာ၊ ခြောက်ရက်စာ ... စသဖြင့် ဝယ်ယူနိုင်ပါတယ်။ သဘောကတော့ ပြတိုက်ကြီးအတွင်း စုံစေ့အောင် လှည့်ပတ်ကြည့်ရှုမယ်ဆိုရင် အချိန် ၆ ရက် ပေးရမယ်ဆိုတဲ့ သဘောပါပဲ။

အဲဒီမှာ ရှေးဟောင်း ပန်းချီပန်းပုအနုလက်ရာပေါင်း ၃၅၀၀၀ ရှိနေပါသတဲ့။
တမျှော်တခေါ်ပြတိုက်ကြီးရဲ့ လျှောက်လမ်းကျယ်ကြီးပေါ်မှာ ရင်သပ်ရှုမောဖွယ် ပန်းပုလက်ရာတွေ တန်းစီပြီး ခင်းကျင်းထားပါတယ်။ ဝဲယာ နံရံတွေပေါ်မှာလည်း ခေတ်အဆက်ဆက်က ပန်းချီကား အကြီးအသေးတွေ ချိတ်ဆွဲပြသထားပါတယ်။
 အချို့သော ဖောင်းကြွပန်းပုလက်ရာတွေကျတော့ ရှေးရှေးက ဘုရားကျောင်းအဟောင်းကြီးတွေကနေ အုတ်နံရံကို အချပ်လိုက်လှီးယူပြီး ယူဆောင်ပြသထားတာလို့ သိရတဲ့အခါ ရင်သပ်ရှုမောနဲ့ အံ့ဩမိရပါရဲ့။
အဲဒီ လုဗ်အနုပညာပြတိုက်ကြီးထဲမှာ လီယိုနာဒိုဒါဗင်ချီရဲ့ ကမ္ဘာကျော် မိုနာလီဇာအပြုံးပန်းချီကားကို ခန်းမတခု သီးသန့်နဲ့ ပြသထားပါတယ်။
လုဗ်ပြတိုက်ကြီးဟာလည်း ပြင်သစ်တို့ရဲ့ အနုပညာသမိုင်းကြောင်းကို ဝံ့ကြွားရင်း ကမ္ဘာလှည့်ခရီးသွားတွေကို လက်ယပ်ခေါ်နေကြောင်းပါ။

(၂၉)

ပါရီမြို့လယ်တနေရာမှာ မြန်မာနိုင်ငံကကင်းဝန်မင်းကြီးဦးကောင်း လာရောက်ခဲ့စဉ်က တည်းခိုနေထိုင်သွားတဲ့အဆောက်အဦးကို အမှတ်တရ ထိန်းသိမ်းထားရှိပါတယ်။

အဲဒီအဆောက်အဦနားလေးမှာပဲ အတော်ကြီးမားတဲ့ အဆောက်အဦးကြီးကို တွေ့နေရပါတယ်။
အဲဒါ သူတို့ဆီက ဂီတအကယ်ဒမီကျောင်းလို့ သိရပါတယ်။
 အဲဒီဂီတအကယ်ဒမီထဲမှာ နေ့စဉ် ဖျော်ဖြေပွဲတွေ မပြတ်တမ်းရှိနေပါသတဲ့။
အချို့ဖျော်ဖြေပွဲတွေကတော့ ကြည့်ရှုအားပေးသူ ဆယ့်ငါးယောက်၊ အယောက်နှစ်ဆယ်လောက်ပဲ ရှိတတ်တာပါတဲ့။
အို .... ရန်ကုန်က မြို့တော်ခန်းမကြီးလောက်ကြီးမယ့် အဲဒီအဆောက်အဦးကြီးမှာပြုလုပ်တဲ့ပွဲက ကြည့်ရှုသူ ဆယ်ဂဏန်းလောက်ပဲရှိတယ်ဆိုတာ ဟုတ်ပါ့မလားလို့ မေးခွန်းထုတ်ချင်စရာပါပဲ။
ဒီလိုပါတဲ့ခင်ဗျာ....အများပြည်သူတွေ တအုပ်တမကြီး လာကြည့်ကြတဲ့ပွဲတွေရှိနေသလို နေ့စဉ်နဲ့အမျှရှိနေတာက မိသားစုပွဲတွေပါတဲ့။ မင်္ဂလာနှစ်ပတ်လည် အထိမ်းအမှတ်၊ ကလေး ဘာထူးချွန်လို့ ...စသည်စသည်ဖြင့် မိသားစုပွဲလေးတွေမှာ ဂီတအဖွဲ့တွေ၊ ပြဇာတ်အဖွဲ့တွေ၊ အကအဖွဲ့တွေကိုငှားရမ်းပြီး ဖျော်ဖြေစေပါသတဲ့။

အဓိကရည်ရွယ်ချက်ကတော့ အနုပညာရှင်တွေကိုမြှောက်စားရင်း အနုပညာကြေးလေးတွေ ချီးမြှင့်ချင်လို့ကို တမင်ဖျော်ဖြေစေတာလို့ သိရပါတယ်။

ကျနော်တို့ဆီမှာ သင်္ကြန်ကာလ အကအဖွဲ့၊ သံချပ်အဖွဲ့တွေက ပိုက်ဆံကြွယ်ဝတဲ့အိမ်တွေရှေ့ကိုသွားပြီး ဖျော် ဖြေတတ်ကြတယ်။ အဲဒီကရတဲ့ဆုကြေးငွေလေးတွေနဲ့ အဖွဲ့စာရိတ် ပြန်ကြေစေတာပေါ့လေ။

ပြင်သစ်မှာတော့ အဲသလိုအစီအစဉ်မျိုး ၁၂ ရာသီ ရှိနေတဲ့သဘောပါ။ အဲသလိုရှိနေတော့ ပြင်သစ်အနုပညာရှင်တွေဟာ စားဝတ်နေရေးအတွက် ခေါင်းခဲစရာ မလိုတော့ဘူးပေါ့။ ဝါသနာကိစ္စမဟုတ်တဲ့ လုပ်ငန်းခွင်တွေမှာ ငွေသွားရှာစရာ မလိုတော့ဘူးပေါ့။
အချိန်နဲ့အမျှ သူတို့ဝါသနာပါရာ အနုပညာမှာပဲ အမြဲ အာရုံစူးစိုက် နှလုံးသွင်းထားနိုင်ကြ၊ လေ့လာခွင့်ရကြ၊ လေ့ကျင့်ခွင့် ရနေကြတော့တာပေါ့။
အနုပညာတစ်ခုကို စားဝတ်နေရေး အခက်ခဲတွေကြားကနေ အခြေအနေပေးမှ အားထုတ်ခွင့်ရခြင်းနဲ့ အမြဲတစေ စိတ်နှစ်ထားနိုင်ခြင်းဟာ ရလဒ်တွေ ဘယ်လောက်ကွာခြားနိုင်သလဲဆိုတာ ခန့်မှန်းကြည့်နိုင်ပါရဲ့။


(၃ဝ)

ပါရီရဲ့တနေရာ ရပ်ကွက်ထဲက ပန်းခြံခပ်သေးသေးတခုရဲ့ ဆိုင်းဘုတ်က တမူထူးခြားလို့ နေပါတယ်။

ပန်းခြံဆိုင်းဘုတ်မှာ လူတဦးရဲ့ဓာတ်ပုံနဲ့ သူ့ရဲ့ မွေးဖွား - ကွယ်လွန်ခုနှစ် ရေးထိုးထားတာကိုတွေ့ရပါတယ်။ ပြင်သစ်အနုပညာရှင်တဦးကို ဂုဏ်ပြုထားတဲ့ပန်းခြံကလေးဖြစ်ပြီး အဲသလိုပန်းခြံတွေ နေရာအနှံ့မှာ များစွာများစွာ ရှိနေပါသတဲ့။

မြန်မာနိုင်ငံမှာလည်း ရပ်ကွက်တွေထဲက ပန်းခြံတွေမှာ နာမည်လှလှလေးတွေပေးလေ့ရှိကြတာဟာ ကောင်းသလို ... မြို့ဂုဏ်ဆောင်၊ ဒေသဂုဏ်ဆောင်ပုဂ္ဂိုလ်တွေကို ဂုဏ်ပြုတဲ့အမည်တွေ ပေးကြမယ်ဆိုရင်  .... လို့လည်း အတွေးနယ်ချဲ့မိပါရဲ့။

ရပ်ကွက်တိုင်းမှာလည်း သူ့ရပ်ကွက်နဲ့သူ ကဇာတ်ရုံတွေ အသီးသီးရှိနေကြပြီး လူငယ်တွေဟာ ဆိုကြတီးကြ ကကြ လေ့ကျင့်ကြနဲ့ အမြဲလိုလို တရုံးရုံးစည်ကားနေတတ်ပါသတဲ့။ 
အထက်မှာပြောခဲ့တဲ့ ပါရီမြို့လယ်က ဂီတအကယ်ဒမီမှာလိုပဲ ရပ်ကွက်တိုင်းက ကဇာတ်ရုံတွေမှာလည်း လူငယ်တွေကိုချီးမြှင့်မြှောက်စားလိုတဲ့ရည်ရွယ်ချက်နဲ့ ပြုလုပ်တဲ့ပွဲတွေနဲ့ အမြဲတစေ ခြိမ့်ခြိမ့်သည်းနေတတ်ပါသတဲ့။

အနုပညာသမားတွေ အနုပညာမှာပဲ အာရုံနှစ်ထားနိုင်အောင်ဆိုတဲ့ ပံ့ပိုးမှုတွေနဲ့အတူ ပြင်သစ်အနုပညာဟာ ခေတ်အဆက်ဆက် လင်းပနေလေရဲ့ ...။

(၃၁)

ပါရီရဲ့အဓိကကျတဲ့လမ်းမကြီးတွေရဲ့ ဘေးဝဲယာက အဆောက်အဦတွေ အကြောင်းကိုလည်း စိတ်ဝင်စားဖွယ် တို့ထိခဲ့ရပါတယ်။

အဲဒီအဆောက်အဦးတွေဟာ နှစ်ပေါင်းရာကျော် သက်တမ်းရှိတဲ့ နှစ်ချို့အဆောက်အဦတွေပါ။ အထဲမှာ မိမိတို့နှစ်သက်သလို ခေတ်နဲ့အညီ နေထိုင်နိုင်ပေမဲ့ အဆောက်အဦးရဲ့ မျက်နှာစာတန်းကိုတော့ ရှေးက သွင်ပြင်မပျက် ထိန်းသိမ်းထားဖို့ ဥပဒေ ရှိနေပါသတဲ့။ 

ဒါကြောင့် ပါရီဟာ ခေတ်နဲ့အညီ တိုးတက်နေသလို ၁၉ ရာစုအကုန်၊ ၂ဝ ရာစု စောပိုင်းက အငွေ့အသက်တွေနဲ့လည်း လွှမ်းခြုံထားဆဲဖြစ်ပြီး ကမ္ဘာလှည့်ခရီးသွားတွေကို ညှို့ငင်ဖမ်းစားထားပါတယ်။ 

အဲသလို ရှေးဟန်မပျက် ထိန်းသိမ်းနိုင်ဖို့ကိုလည်း အစိုးရက စရိတ်ထုတ်ပေးပါသေးသတဲ့။

အချို့နေရာတွေမှာ ရှေးကအတိုင်း ကျောက်တုံးကြီးတွေ ခင်းထားတဲ့ လမ်းမကြီးပေါ်မှာ လမ်းလျှောက်ခွင့် ရနေဆဲပါ။

(၃၂)

ပါရီရဲ့တနေရာမှာတော့ ကုန်းမြင့်မြင့်ကလေးတခုကို တက်သွားတဲ့အခါေရှးဟောင်း ဘုရားကျောင်းကြီးတကျောင်း ဘွားခနဲ ပေါ်လာတာကို တွေ့ရမှာပါ။
အဲဒီဘုရားကျောင်းဘေးက လမ်းကလေးအတိုင်း ခပ်ပြေပြေကလေး ဆင်းသွားတဲ့အခါ အလွန်စည်ကားတဲ့ ရပ် ကွက်ကလေးထဲကို ရောက်သွားပါမယ်။
ဘာတွေနဲ့စည်ကားနေသလဲဆိုတော့ ပန်းချီတွေနဲ့ စည်ကားနေတာပါ။

ဘုရားကျောင်းရဲ့ဘေးက လမ်းကလေးမှာတော့ ပန်းချီပါရမီရှင်ကြီး ဗင်ဂိုးတို့အဖော်အပေါင်းတသိုက်ရဲ့ခြေရာတွေဟာ နေရာမလပ်ရှိနေခဲ့မှာလို့ လွမ်းတဆဆ ပြောကြပါတယ်။ ဗင်ဂိုးဟာ အဲဒီနေရာလေးမှာ ဘဝကိုလွတ် လပ်စွာ ရုန်းကန်ရှင်သန်ရင်း အနုပညာမှော်လက်ရာတွေ ဖန်တီးသွားခဲ့တာလို့ ပြောကြပါတယ်။

ထူးအိမ်သင်ရဲ့ ဗင်းဆင့်ဗင်ဂိုးတမ်းချင်း သီချင်းသံကို ကြားယောင်လာစေတဲ့ ရပ်ဝန်းကလေးပါပဲ။

ဗင်ဂိုးကို အောက်တမေ့မေ့ လာရောက်ကြသူတွေအတွက် အဲဒီနေရာလေးမှာ ပန်းချီပစ္စည်းဆိုင်တန်းတွေရှိတယ်။ ပန်းချီကားအရောင်းဆိုင်တွေရှိတယ်။
ကော်ဖီထဲမှာ ရိုးရာအရက်ရောစပ်ထားတဲ့ ထွေယစ်ဖွယ် ကော်ဖီဆိုင်လေးတွေရှိတယ်။

အထူးသဖြင့်ကတော့ ရာနဲ့ချီမယ့် ပန်းချီဆရာတို့ရဲ့ကျက်စားရာ နေရာလေး ဖြစ်နေတာပါပဲ။
လမ်းဘေးဝဲယာမှာ ပုခုံးချင်းတိုက်မိမတတ် ပန်းချီဆရာတွေ ရှိနေကြပါတယ်။ အချို့လည်း လမ်းဘေးမှာပဲ ပန်းချီထိုင်ရေးနေကြတယ်။ ရေးပြီးတဲ့ ပန်းချီကားလေးတွေလည်း သူတို့ဘေးမှာ ချိတ်ထားတယ်။ သဘောကျရင် လိုချင်ရင် ကြိုက်နှစ်သက်ရာ ပန်းချီကား ဝယ်သွားပဲ ...။ ရေဆေး၊ ဆီဆေး၊ ခဲ၊ ဖယောင်း .... အစုံစုံ ရှိနေပါတယ်။
ဒါ့အပြင် ပုံတူပန်းချီ ရေးခိုင်းချင်သလား၊ ရတယ်။ အဲဒီ လမ်းဘေးမှာပဲ တထိုင်တည်း ရေးပေးနေကြပါတယ်။

အဲဒီနေရာကလေးဟာ အထွေထွေသော လောဘ ဒေါသ မောဟ အခိုးအငွေ့တွေက ကင်းလွတ်နေပြီး ပန်းချီ ဆရာတွေ၊ ပန်းချီချစ်သူတွေ၊ ဗင်ဂိုးကို လွမ်းတသူတွေနဲ့ပဲ ခြေချင်းလိမ်နေတဲ့၊ မခမ်းနားလှသော်လည်း စိတ်အဆာပြေဖွယ်ဖြစ်တဲ့ ပန်းချီရပ်ကွက်ကလေး၊ ပန်းချီပျံကျဈေးတန်းကလေး ဖြစ်နေပါတော့တယ်။


 (၃၃)

ပြင်သစ်အမျိုးသားဂီတအကယ်ဒမီ

 စိန့်မြစ်ဟာ ပြင်သစ်မြို့တော်ပါရီကို ပတ်ခွေစီးဆင်းနေပါတယ်။ စိန့်မြစ်တလျှောက် အပျော်စီးမော်တော်ကြီးနဲ့ လှည့်လည်ကြည့်ရှုနိုင်တဲ့ အစီအစဉ်ရှိပါတယ်။ တစ်နာရီကို တစ်စီးနှုန်းလောက် နှစ်ထပ်မော်တော်တွေ ထွက်ခွါပေးနေတာပါ။

အဲဒီမြို့တပတ်ခရီးစဉ်မှာ ပါရီရဲ့အလှနဲ့ ကမ္ဘာကျော် အီဖယ်လ်မျှော်စင်၊ ခါးကုန်းကြီးဆိုတဲ့ဝတ္ထုနဲ့အတူ လူသိများလှတဲ့ နော်တာဒိမ်းဘုရားကျောင်းရှုခင်းတွေကို စိန့်မြစ်တွင်းကနေ ခံစားနိုင်ကြပါတယ်။

ထူးခြားချက်တခုက မြစ်ကြောင်းတလျှောက်မှာ ဘတ်စကား တတ်တိုင်ကို တစ်စင်းနှုန်းလောက် မြစ်ကူးတံတားကြီးတွေကို တစင်းပြီးတစင်း တွေ့ရခြင်းပါပဲ။

အဲဒီမြစ်ကူးတံတားတွေက ခေတ်ပေါ်တံတားတွေရဲ့ သွင်ပြင်မျိုးမဟုတ်ကြဘဲ အုတ်တွေနဲ့ ထုနဲ့ထည်နဲ့ အခိုင် အမာတည်ဆောက်ထားတဲ့အပြင် တံတားတိုင်းမှာလည်း လက်ရာမြောက်ပန်းပုရုပ်တွေ၊ ပန်းကနုတ်တွေနဲ့ တန် ဆာဆင်ထားကြပါသေးတယ်။
တံတားတွေဟာ ကူးသန်းဆက်သွယ်ရေးအပြင် ပါရီရဲ့အလှကိုပါ ဖော်ကျူးပေးနေကြပါတယ်။
ဒီအတိုင်းတောင် ပါရီရယ်၊ စိန့်မြစ်ရယ်၊ အနုပညာနဲ့မွမ်းမံထားတဲ့ တံတားကြီးတွေရယ်ဟာ ပနာတင့်နေလှပါပြီ။

အဲဒါကိုမှ အဲဒီတံတားကြီးတွေရဲ့ ရာဇဝင်ကို ကြားလိုက်ရတဲ့အခါမှာတော့ ရင်ထဲမှာ နင့်ခနဲနေအောင် ခံစားသွားရပြန်ပါတော့တယ်။

ဥရောပဟာ ယဉ်ကျေးသိမ်‌မွေ့တဲ့လူ့ဘောင်သစ်ဆီကို ဦးဆောင်ချီတက်နေတာလို့ ဆိုနိုင်မယ်ထင်ပါတယ်။ 
လူကို လူလိုသဘောထားကြမယ်။ လူအချင်းချင်း အနိုင်ကျင့် မထိပါးစေရ။ သူတပါးတွေကို မထိခိုက်စေမှုနဲ့အတူ ပကတိ လွတ်လပ်နေစေရမယ်။ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာရော ကြည်စင်လန်းဆန်းနေစေရမယ်။ ပြည်သူ့နီတိ၊ အသိတရား၊ ကျင့်ဝတ်၊ ဉာဏ်ပညာပိုင်းဆိုင်းရာတွေမှာလည်း အားကျအတုယူဖွယ် ရပ်ဝန်းဖြစ်နေတယ်လို့ ဆိုနိုင်မှာပါ။

အဲသလို ရွယ်စူးပြီး ချီတက်နေကြတော့ ဘာတွေဖြစ်လာသလဲတဲ့ ...။ ရာဇဝတ်မှုတွေ နည်းသထက် နည်းလာပါတယ်။ ယဉ်ကျေးပါတယ်လို့ကြွေးကြော်ရင်း ကျူးလွန်နေကြတဲ့ ရှက်ဖွယ်လိလိ မတော်မတရားမှုတွေ၊ လူမဆန်မှုတွေ နည်းသထက်နည်းလာပါတယ်။

နော်ဝေမှာဆို အကျဉ်းထောင်ဆိုတာ မရှိသလောက်ဖြစ်နေပြီတဲ့။
မဆိုစလောက် အကျဉ်းသားအနည်းငယ်အတွက် အကျဉ်းထောင်ဆိုင်ရာ ကုန်ကျစရိတ်တွေကို လျှော့ပစ်လိုက်တဲ့အနေနဲ့ အကျဉ်းသားတွေကို အခြားတိုင်းပြည်တွေမှာ အခကြေးငွေပေးပြီး ထိန်းသိမ်းစေတယ်လို့တောင် ကြားသိခဲ့ရပါတယ်။

ထောင်ဖြိုရာကထွက်လာတဲ့အုတ်တွေကိုအနုပညာနဲ့မွမ်းမံကာ မြစ်ကူးတံတားကြီးတည်ဆောက်

ပြင်သစ်မှာလည်း ရာဇဝတ်သားတွေ နည်းသထက် နည်းလာတာနဲ့အမျှ ခေတ်အဆက်ဆက်က အခိုင်အမာအကြီးအကျယ် တည်ဆောက်ခဲ့ကြတဲ့ အကျဉ်းထောင်ကြီးတွေကို ပိတ်သိမ်းပြီး ဖြိုချပစ်ခဲ့ကြပါသတဲ့ ....။
အဲဒီ ထောင်ဖြိုရာက ထွက်လာတဲ့ အုတ်တွေနဲ့ မြစ်ကူးတံတားကြီးတွေတည်ဆောက်ပြီး အနုပညာနဲ့ပါ မွမ်းမံပစ်လိုက်ကြတာပါတဲ့ခင်ဗျာ ....။

ကြည့်စမ်းပါဦး။ စဉ်းစားကြည့်ကြပါဦး။ ဘယ်လောက်လှသလဲ။ ဘယ်လောက်ပီတိဖြစ်စရာလဲ။ ဘယ်လောက် ကြည်နူးစရာပါလဲ ....။

အရုပ်ဆိုးအကျည်းတန်ထောင်ကြီးတွေ ကွယ်ပျောက်လို့ အဲဒီအစားလောကကို အကျိုးပြုအလှဆင်တဲ့ မြစ်ကူးတံတားကြီးတွေ ပေါ်ပေါက်လာကြတာလေ ...။

အဲ့ဒါကိုခံစားရလို့ ကဗျာတပုဒ် ရေးဖွဲ့ဖြစ်သွားပါတယ် ...။

--------------------
ပါရီက ထောင်သေတံတားများ
--------------------

ချစ်ခြင်းမေတ္တာနဲ့တကွ
ဉာဏ်ရည်ဝလာခဲ့သမို့
ပါရီဟာ ...
လှသထက် လှလာခဲ့တယ်။

ထောင်တွေဟာ
အလုပ်လက်မဲ့ဖြစ်လာသမို့
အပိုပစ္စည်းတွေအဖြစ်
ဖြိုချပစ်ခဲ့ကြသတဲ့လေ ...။

ဟောဒီ မြစ်ကူးတံတားတွေ ...
ပါရီကို ပတ်ခွေထားတဲ့
စိန့်မြစ်ပေါ်က 
အစင်းစင်းသောမြစ်ကူးတံတားတွေ ...
အီဖယ်မျှော်စင်ကြီးကို ပြန်မျှော်နိုင်တဲ့
မြစ်ကူးတံတားတွေ ...
ခါးကုန်းကြီးရဲ့မေတ္တာနဲ့ ကမ္ဘာကျော်ခဲ့တဲ့
နော်တာဒိမ်းဘုရားကျောင်းကို ဖူးမြော်နိုင်တဲ့
မြစ်ကူးတံတားတွေ ...
တံတားတိုင်း တံတားတိုင်းမှာ
ပါရီရဲ့အနုပညာနဲ့ ဖော်ကျူးထားတဲ့
အထူးထူးသော မြစ်ကူးတံတားတွေ ...
အဲဒီ မြစ်ကူးတံတားတွေဟာ
ထောင်သေပြီး ဘဝပြောင်းလာတာဆိုပဲ။

ယဉ်ကျေးသော လောကမှာ 
မလိုတော့တဲ့ ထောင်တွေကိုဖြိုချ
အဲဒီ အုတ်ခဲဟောင်းတွေက
မြစ်ကူးတံတားတွေ ဖြစ်လာခဲ့ကြတာ ...။

ပြဒါးသေလို့ တစ်ဆွေဝတာက ဒဏ္ဍာရီ၊
ထောင်သေလို့ ပြည်လှတာကတော့ 
သေချာခဲ့လေပြီ ...။

အို ...
အပိတ်တရားတို့ နယ်မြေကျဉ်းသွားသောအခါ
အပွင့်တရားရဲ့ဂီတ
ပိုပြီး ကြည်မြလာခဲ့ ...
ဤလောကတစ်ဝှမ်း၌
ထောင်တွေ တလုံးပြီးတလုံး ဆုတ်ခွာ
မြစ်ကူးတံတားတွေ
တစင်းပြီးတစင်း 
ပွင့်ပေါ်ပါစေသတည်း။   ။

 ဇင်ယော်နီ
2021 Aug 18

-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar