Breaking News

ညိုထွန်းလူ - အရှေ့ဘက်ပွဲကြည့်စင်ပေါ်မှာ ...

ဓာတ်ပုံ -ဦးကျော်ဝင်း(လှဂုဏ်ရည်)

အရှေ့ဘက်ပွဲကြည့်စင်ပေါ်မှာ ...
ညိုထွန်းလူ
(မိုးမခ)ဒီဇင်ဘာ ၁၅၊ ၂၀၂၁
အနောက်ဘက်မိုးကုပ်စက်ဝိုင်းဆီမှာနေရောင်ခြည်ဝင်းနေသော်လည်း အပူငွေ့တွေကိုမခံစားရတော့။ နေ၏အလင်းရောင်နှင့်အတူ လမ်းမပေါ်သို့အန်ကျလာခဲ့သည့်အဆောက်အဦးတွေ၏အရိပ်တွေက ရှည်လျားလာစပြုပြီ။ ပြာလွင်သောမိုးကောင်းကင်ထဲမှာတိမ်ဆုပ်တိမ်ခဲတွေ တရွေ့ရွေ့လွင့်မျောနေလျက်။ မိုးသည်ဆုတ်ခွာတော့မည်ဖြစ်သော်လည်း ဆောင်းဝင်တော့မည့်အရိပ်အခြေကိုမတွေ့ရသေး။ အပူအအေးမျှတပြီး မိုးလေကင်းစင်သည့်ရာသီဥတု​၏ သာယာသောညနေခင်းသည် ကျွန်တော့်စိတ်အာရုံတွေကိုလန်းဆန်းသွားစေခဲ့သည်။ အိမ်ရှေ့တန်းလျားခုံပေါ်မှာ တခဏထိုင်လိုက်သည်။ အိမ်ရှေ့မြေနေရာကလေးမှာစိန်တလုံးသရက်ပင်တပင်ရှိသည်။ ပန်းပျိုးခြံကဝယ်ယူစိုက်ပျိုးထားသည့်အာဆီယံသပြေပင်ကလည်း လူတရပ်ကျော်ခန့်မြင့်နေပြီ။ ပြီးတော့ ပန်းအိုးတွေထဲမှာ ဇွန် စံပယ် သနပ်ခါးပင်တွေ ဂမုန်းပင်တွေ။ အိမ်ဝင်းထရံတလျောက်နွယ်တက်နေသည့် တော စံပယ်နှင့်ခိုင်ရွှေဝါတွေက ဖူးပွင့်နေလျက်။ မြေနေရာကျဉ်းသော်လည်း သစ်ပင်ပန်းပင်တွေကသူ့နေရာနှင့်သူရှိနေ၍ ကြည့်ရတာလှနေသည်။ ကျွန်တော့်မျက်လုံးတွေက မြင့်မားသောအဆောက်အဦးတွေကြားမှ မြင်တွေ့ခွင့်ရသည့်မိုးကောင်းကင်ဆီသို့ရောက်သွားခဲ့သည်။ ခက်တာကမိုးကိုမျှော်ပြီးမော်၍ကြည့်ခဲ့ရသည့်တိုင် ကျယ်ကျယ်ဝန်းဝန်းမတွေ့မြင်ရ၍ အားမလိုအားမရဖြစ်နေမိသည်။ မိုးကောင်းကင်ကြီးကိုကျွန်တော်ချစ်သည်။ ငယ်စဉ်တုန်းက ကွင်းပြင်ကျယ်ထဲမှာ ပက်လက်လှန်အိပ်ပြီး အဆုံးအစမရှိသည့်မိုးကောင်းကင်ကိုငေးကြည့်ရတာကိုပဲသဘောကျ၍မဆုံးတော့။ စိတ်အာရုံသည်ရွေ့မျောနေသည့်တိမ်တွေနှင့်အတူ ခရီးသွားရင်းလွတ်လပ်ပေါ့ပါးပျော်ရွှင်နေလျက်။ ဘယ်ကလာသလဲ ဘယ်ကိုသွားမှာလဲ။ အတိတ်ကာလဆီသို့ခရီးလည်ပြန်လား။ အနာဂတ်ဆီသို့လား။ ကျွန်တော်မသိပါ။ သိစရာလည်းလိုမည်မထင်ပါ။ အရှိတရားနှင့်ဖြစ်တည်ခြင်းမှ တခဏမျှကင်းကွာသွားခြင်းသည် ကျွန်တော့်အတွက်တော့မိုက်မဲသော ပျော်ရွှင်မှုတခုဖြစ်နိုင်သည်။ ဖြစ်နိုင်သည်ဟုပဲဆိုလိုက်ပါမည်။ ဒါက လောကသဘောသဘာဝကိုနားလည်လာခဲ့သည့်အရွယ်ကိုရောက်လာသည်မို့ ဆင်ခြင်အသိဖြင့်နှိုင်းဆ၍ မိမိကိုယ်ကိုအပြစ်မှလွတ်ကင်းစေမည့်လျော့ပေါ့သုံးသပ်ဝေဖန်မှုတခုမျှသာ။ အသက်အရွယ်ကြီးရင့်လာသည့်အချိန်တွင်ကျွန်တော်တို့သည် အရှိန်အဟုန်ပြင်းထန်သည့်နည်းပညာလှိုင်းပေါ်မှာ ရင်ခုန်စွာစီးမျောရင်း တချိန်ကရှိခဲ့ဖြစ်ခဲ့သည့်အကြောင်းအရာတွေ ဓာတ်ပုံတွေကိုတယောက်ကိုတယောက်မျှဝေပြီး ကလေးတွေလို အမှတ်တမဲ့ပျော်ရွှင်နေမိကြသည်။ နောက်သို့ပြန်လှည့်၍မရသောကျွန်တော်တို့၏ခြေလှမ်းများသည် ဂလိုဘယ်လိုင်ဇေးရှင်းဆက်ဆန်ရေးထဲမှာယောင်နနဖြင့် လျှောက်လှမ်းနေရသော်လည်း ကျွန်တော်တို့၏စိတ်အာရုံကျက် စားရာသည် နှစ်တော်တော်ကြာကြာအပြောင်းအလွဲမရှိခဲ့သော အမြင်အကြားတွေကို ဖုံးပိတ်ထားသော ခေတ်တခေတ်၏ဥခွံကျဉ်းကျဉ်းကလေးထဲမှာပဲ ရှိနေခဲ့သည်။ ထိုနေရာသည် ကျွန်တော်တို့၏ကမ္ဘာတခုဖြစ်သည်။ နောက်သို့ချန်ရစ်ခဲ့ရသည့်အတိတ်ကာလတခုဖြစ်သည်။ ဘယ်လိုကြောင့်ရယ်မသိပါ။ တခါတရံတော့ ဘဝနေထိုင်မှုပုံစံတွေ စဉ်းစားတွေးခေါ်မှုတွေကို ​ပြောင်းလွဲထုဆစ်​ပုံသွင်းလိုက်သည့် အရွေ့မြန်သောခေတ်ကြီးထဲမှရုန်းထွက်ပြီး လိပ်ပြာကလေးတကောင်လို လာရာလမ်းအတိုင်းပျံဝဲသွားချင်ပါသည်။ အစစအရာအရာမပြည့်စုံ ဆင်းရဲပင်ပန်းစွာရုန်းကန်ရင်း မျှော်လင့်ချက်တွေပျောက်ဆုံးကုန်ပြီး ခေတ်၏ပုံစံခွက်ထဲမှာ နေသားကျနေသော ဘဝပုံရိပ်တွေကိုမြင်ယောင်လာခဲ့သည်။ လူ့သဘောက ထူးဆန်းလှ၏။ ပေးဆပ်ခဲ့ရတာတွေနှင့်နှိုင်းယှဉ်လိုက်လျှင်ရရှိခဲ့သည့်ပျော်ရွှင်မှုသည် သေးငယ်သောအစိတ်အပိုင်းကလေးတခုသာဖြစ်သော် လည်း နာကျင်မှုတွေကိုမေ့ဖျောက်ပြီး ပျော်စရာကလေးတွေကိုပဲတွေးရင်း အတိတ်မှာမွေ့လျော်နေချင်ကြပြန် သည်။ တွေးရင်းဖြင့်စိတ်လှုပ်ရှားသွားသည်။ မိုးကောင်းကင်ဆီမှ လေဆင်နှာမောင်းတခုထိုးစိုက်ဆင်းလာပြီး ကျွန်တော့်ကိုဆွဲယူသွားသည့်အလားခံစားလိုက်မိသည်။ လူတကိုယ်လုံးလွင့်မျောသွားခဲ့ရသလိုလို။ ထို့နောက် ပြဇာတ်အခန်းအကူးအပြောင်းမှာ နောက်ခံကား လိပ်အသစ်တခုရှေ့ ကဇာတ်ကောင်တယောက်လို ကျွန်တော်သည်လည်း မြန်မာဘုရင်နောက်ဆုံးထီးနန်းစိုက်ခဲ့သည့်ရှေးမြို့တော်ဟောင်းကြီးထဲမှာရောက်နေသည်ကို သတိပြုမိလိုက်သည်။ တဦးနှင့်တဦး ချစ်ခင်ရင်းနှီးနွေးထွေးကြပြီးကျေးလက်ဆန်သောလူ့အဖွဲ့အစည်းတည်ရှိနေသည့် ရှေးမြို့တော်ဟောင်းကြီးမှာ ကျွန်တော်လူလား မြောက်ကြီးပြင်းခဲ့သည်။ သည်မြို့တော်ဟောင်းကြီးမှာ ခေတ်အဆက် ဆက်တည်ရှိနေခဲ့သည့် ဂုဏ်ယူစရာသမိုင်းမှတ်တမ်းများနှင့်အတူ အရောင်တွေရနံ့တွေ အသွင်သဏ္ဍာန်တွေက ကျွန်တော့်ခန္ဓာကိုယ်၏ သွေးကြောတွေထဲမှာ စီးဝင်နေလျက်။ ကျွန်တော့်ဘဝ၏မှတ်မှတ်သားသားပြောစရာ ပျော်ရွှင်ခဲ့ရသည့်နှစ်ကာလများသည် ကျေးရွာကြီးတရွာလိုဖြစ်နေသည့် သည်နေရာမှာပဲ ရှိခဲ့သည်။ ဆိုရလျှင် ကျောင်းနေဖက်ငယ်သူငယ်ချင်းတွေ မိတ်ဆွေအသိုင်းအဝိုင်းတွေနှင့် ကျွန်တော်၏လောကဝန်းကျင်သည် လက်ရည်တပြင်တည်းဖြင့် ပျော်စရာကောင်းလှသည်။ မိုးအကုန်ဆောင်းရာသီကိုရောက်တော့မည်မို့ တနေ့တာအချိန်ကာလသည် စောလျှင်စွာနောက်ဆုတ်ဖို့ ဟန်ပြင်နေလေပြီ။ အနောက်အရပ်ဆီမှ လျောကျနေသည့်နေသည် ရွှေရောင်အလင်းတန်းတွေကိုဖြန့်ကျက်နေလျက်။ စက်ဘီးတွေ ဆိုက်ကားတွေ မြင်းလှည်းတွေဖြင့်အသွားအလာစည်ကားနေသည့်လမ်းမပေါ်တွင် ခပ်နှေးနှေးမောင်းနှင်နေသည့် ဘာ့စ်ကားအိုကြီးတစီးကိုတွေ့ရသည်။ ဆိုက်ကားဘဲလ်တီးသံ။ ကတ္တရာလမ်းမဆီက မြင်းခွာသံတွေနှင့်အတူ မြင်းလှည်းသမား၏ဘေးကို ဘေးကို ဆိုသည့်သတိပေးလိုက်သည့်အသံတွေက နေ့စဉ်အသက် ဝင်လှုပ်ရှားနေသည့်မြင်ကွင်းကို ဖော်ပြနေလျက်ရှိသည်။ ကျွန်တော်သည် စက်ဘီးကိုအေးအေးဆေးဆေးနင်းလာရင်း ဗထူးဘောလုံးကွင်းကြီးရှေ့မှာရပ်လိုက်သည်။ ညနေခင်းအလင်းရောင်အောက်မှာ ဘောလုံးကွင်းအနောက်ဖက်ခြမ်းကအုတ်နံရံကြီးကို အထင်းသားတွေ့မြင်ရသည်။ စက်ဘီးအပ်နှံပြီးနောက် အရှေ့ဘက်ပွဲကြည့်စင်၏ဝင်ပေါက်နေရာသို့ လျှောက်လာခဲ့သည်။ ဘောလုံးပွဲ ကြည့်ရှုသူနည်းပါးနေ၍ တန်းစီစရာမလိုပါ။ ကျွန်တော်ငယ်ငယ်ကတည်းက ဘောလုံးပွဲတွေကိုစွဲနေခဲ့သည်။ ဗထူးဘောလုံးကွင်းထဲသို့သွားရောက်ကြည့်ရှုခဲ့သည့်ဘောလုံးပွဲအရေအတွက် မည်မျှရှိနေမည်ကိုပင်မမှတ်မိတော့။ ဘောလုံးပွဲကောင်းတွေရှိသည့်အခါမျိုးတွင် ဗထူးဘောလုံးကွင်းတခုလုံး အားပေးသံတွေဖြင့်ဆူညံပွက်လောရိုက်နေလျက်။ ရယ်မောသံတွေ ပျစ်ပျစ်နှစ်နှစ်ဆဲဆိုကြသံတွေ လက်ခုပ်သံတွေ။ ဘောလုံးသမားတယောက် ကွင်းထဲမှာကစားရင်းနာကျင်လဲကျသွားသည်နှင့် ပရိသတ်တွေက ရေခဲ ရေခဲဟု ဝိုင်းအော်ကြသည်။ ဘောလုံးသမားတယောက်ထိခိုက်နာကျင်သွားသော်လည်း ရေခဲတုံးတွေကပ်ပေးရုံမှလွဲ၍ ကုရာနတ္ထိဆေးမရှိသည်ကိုပွဲကြည့်ပရိသတ်ကအလိုလိုသိနေကြ၏။ ဗထူးကွင်း၏လေးဘက်လေးတန်ရှိပွဲကြည့်စင်တွေပေါ်မှ ဘောလုံးပွဲတွေကို ကျွန်တော်ကြည့်ခဲ့သည်။ ဆိတ်သား ကင်နှင့်စမူဆာသုတ်ကိုစားသည်။ မြေပဲဆားလှော်ကိုအပျင်းပြေဝါးသည်။ အရွယ်ရောက်လာသောအခါ ကွမ်းတမြုံ့ မြုံ့ဝါးရင်း ကြည့်ရှုအားပေးခဲ့သည်။ ဘောလုံးပွဲသည် ရင်ထဲကမကျေမနပ်ဖြစ်သမျှတွေကိုပေါက်ကွဲဖွင့်ထုတ်စရာနေရာ။ ကွင်းထဲကဘောလုံးသမားတွေခမျာ ရှိသမျှဆွေမျိုးနှင့် မအေနှမမကျန်အောင် ငါအကိုင်တုပ်ခံနေကြရသည်။ ကျွန်တော်သည်လည်း အများနည်းတူဆူညံစွာအော်ဟစ်အားပေးခဲ့ဖူး၏။ ဒိုင်အဆုံးအဖြတ်ကိုမကြေနပ်၍တွေ့ရာဖြင့် ကောက်ပေါက်မိသည်အထိ ဒေါသကြီးခဲ့၏။ထို့အတူ ပြိုင်ဆိုင်မှုပြင်းထန်သည့်တိုင်းနှင့်ပြည် ဘနယ်ဘောလုံးပွဲမှာ တကွင်းလုံးခဲမိုးတွေရွာကုန်၍ အသက်လုထွက်ပြေးခဲ့ရဖူးသည်။ ဗထူးဘောလုံးကွင်းကြီးသည် ညနေအချိန်မှာဘောလုံးပွဲတွေကျင်းပပြီး ဆူညံနိုးကြွနေသော်လည်း ဘောလုံးပွဲပြီး၍ ညအမှောင်ရောက်သွားသည်နှင့် အသက်ဝိညာဉ်ကင်းမဲ့ပြီးတစပြင်အလားတိတ်ဆိတ်ငြိမ်သက်သွားလေ့ရှိစမြဲ။ အမှန်တော့ကျွန်တော်ကဘောလုံးပွဲတွေကိုတိတ်ဆိတ်ငြိမ်းချမ်းစွာအားပေးချင်သူဖြစ်သည်။ သည်မှာပင် အမိုး အကာမရှိရှည်လျားကျယ်ဝန်းသည့်အရှေ့ဖက်ပွဲကြည့်စင်သည် ကျွန်တော့်အားဆွဲဆောင်နေလျက်။ သို့ဖြင့် ပရိသတ်စိတ်ဝင်စားမှုနည်းပါးသည့်မြို့နယ်ဘောလုံးပြိုင်ပွဲတွေကျင်းပသည့်အချိန်တွင် အရှေ့ဖက်ပွဲကြည့်စင်သို့ရောက်သွားခဲ့သည်။ အဆင့်လိုက်ရှိနေသည့်ပွဲကြည့်စင်ခုံတန်းပေါ်တွင် ဘောလုံးပွဲကြည့်ရှုသူအနည်းငယ်သာရှိသည်။ ဘောလုံးကွင်းထဲမှာကန်နေကြသည့်အသင်းနှစ်သင်းအမည်ကိုကျွန်တော်မသိ။ တနေရာမှာထိုင်လိုက်ပြီး နောက်ကျောရှိ ခုံတန်းကိုမှီလိုက်ရင်း ခြေထောက်တွေကိုစိတ်လွတ်ကိုယ်လွတ်ဆန့်ထုတ်လိုက်သည်။ ထို့နောက် ခေါင်းမော့လိုက်ပြီးအဆုံးအစမရှိသည့်မိုးကောင်းကင်ကြီးကိုငေးမော့ကြည့်နေမိခဲ့သည်။ လည်ပတ်နေသည့်နာရီလက်တန်သည် စက္ကန့်မိနစ်အမှတ်အသားတွေကို ဖြတ်သန်းသွားခဲ့သည်။ ဂိုးရလာဒ်တွေကိုဖော်ပြနေသည့်ဆိုင်းဘုတ်ပေါ်ကျရောက်နေသည့်နေရောင်သည် တဖြည်းဖြည်းအားလျော့ဖျော့ဆင်းလာခဲ့ပြီ။ မိုးကောင်းကင်မှာတိမ်တွေခရီးနှင်နေလျက်။ အဝေးတနေရာတွင် လေတံခွန်တခုကောင်းကင်လေဟုန်စီးနေလျက်။ ဘောလုံးကွင်းထဲဒိုင်လူကြီး၏ခရာမှုတ်သံက တချက်တချက်လွင့်မျောလာလျက်။ သို့ရာတွင်မြင်ရကြားရတာတွေက ကျွန်တော့်အားစွဲငြိမသွားစေခဲ့ပါ။ ခန္ဓာကိုယ်နှင့်တခဏမျှကင်းကွာသွားခဲ့သည့်စိတ်အာရုံသည် မိုးကောင်းကင်ထဲသို့ရောက်သွားပြီးပေါ့ပါးရွှင်လန်းနေသည်။ အနားမှလှုပ်ရှားသံကြားလိုက်ရ၍စောင်းငဲ့ကြည့်လိုက်မိသည်။ အနောက်ဖက်မိုးကောင်းကင်ဆီသို့ငေးမောနေသည့်လူတယောက်ကိုတွေ့လိုက်ရသည်။လူလတ်ပိုင်းအရွယ်ဖြစ်ပြီး အဝတ်အစားတွေကလည်းခပ်နွမ်းနွမ်း။ မျက်လုံးတွေကတော့ ထူးခြားသည်။ မျှော်လင့်ချက်တွေဖြင့် ရွှန်းစိုလင်းလက်နေလျက်ရှိသည်။ သူသည် ကျွန်တော့်အနားသို့မည်သည့်အချိန်ကတည်းကရောက်နေမှန်းမသိ။ "ကျွန်တော့်ကိုမှတ်မိသေးရဲ့လား' လေသံတိုးတိုးဖြင့်မေးလိုက်သည့်သူ့ကို တခဏမျှငေးစိုက်ကြည့်နေမိသည်။ နှစ်သုံးဆယ်ကျော်က ပုံရိပ်တခုသည်မှတ်သားဉာဏ်ထဲသို့အလျင်အမြန်ရောက်လာခဲ့သည်။ "မမှတ်မိဘဲ ဘယ်နေပါ့မလဲဗျာ။ ခင်ဗျားက ကျွန်တော့်ရဲ့ဝတ္ထုတပုဒ်ထဲက လူတယောက်လေ" ကျွန်တော်က ရင်းရင်းနှီးနှီးပြောလိုက်သော်လည်း သူ့ဆီကစိတ်အားထက်သန်မည့်အရိပ်အရောင်တွေကိုမတွေ့မြင်ရ။ မည်သို့ပင်ဖြစ်စေ သူ့အကြောင်းကိုဝတ္ထုရေးခဲ့သည့်ကျွန်တော့်မှာ သူ့ကိုအသိပေးဖို့တာဝန်ရှိသည်။ "၁၉၈၄ ခုနှစ်က လောင်ကျွမ်းသွားခဲ့တဲ့မီးထဲမှာ ခင်ဗျားတို့အိမ်လေးမီးထဲကိုပါသွားခဲ့ရတယ်။ တကယ်တော့ မီးဟာခင်ဗျားတို့ရဲ့အိမ်ကလေးတင်မဟုတ်ဘဲ ခင်ဗျားတို့မိသားစုတခုလုံးကိုပါ လောင်ကျွမ်းသွားခဲ့တယ်လို့ဆိုရမှာပါ။ မီးလောင်ခံရပြီးတော့ အိမ်ကိုပြန်ဆောက်ဖို့လည်းငွေမရှိ။ မိသားစုတွေလည်းတကွဲ တပြားတွေဖြစ်ကုန်တယ်။ ခင်ဗျားအမေနဲ့ညီမလေးက မိတ်ဆွေတယောက်ရဲ့အိမ်မှာ ဖြစ်သလိုနေရရှာတယ်။ ခင်ဗျားကတော့ စျေးနှုန်းချိုတဲ့အဆောင်တခုရဲ့အခန်းကျဉ်းလေးထဲမှာပေါ့။ တမြို့တည်းနေရပေမယ့် မိသားစုချင်းမဆုံတွေ့နိုင်ကြရတဲ့အဖြစ်။ မိသားစုထဲမှာ ခင်ဗျားကအကြီးဆုံးဖြစ်ပေမယ့် ရှေ့ဆက်ဘယ်လိုစီစဉ်ရမယ်ဆိုတာ ခင်ဗျားမသိဘူး။ ဒီအကြောင်းတွေကိုတွေးလိုက်တိုင်း မွန်းကျပ်နေတယ်။ တကယ့်ဖြစ်တည်နေတဲ့ဘဝထဲကနေပြီး တခဏလောက်ရုန်းထွက်ချင်နေမိတယ်။ အဲဒီလိုနဲ့ဘောလုံးကွင်းထဲက အရှေ့ဖက်ပွဲကြည့်စင်ပေါ်ကို ခင်ဗျားရောက်လာခဲ့တယ်။ ဘောလုံးပွဲမှာဘယ်အသင်းတွေကန်ကြသလဲဆိုတာ ခင်ဗျားကြည့်နေမှာမဟုတ်ဘူး။ အရှေ့ဖက်ပွဲကြည့်စင်ပေါ်မှာလူရှင်းတဲ့နေရာတနေရာမှာထိုင်ရင်း အမှန်တကယ်ရင်ဆိုင်နေရတဲ့အရာအားလုံးကို မေ့ဖျောက်ပြီး မိုးကောင်းကင်ကတိမ်တွေနဲ့အတူ ခင်ဗျားရဲ့စိတ်အာရုံတွေလွင့်မျောနေတယ်။ ဘောလုံးပွဲပြီးလို့ အမှောင်ရိပ်သန်းလာခဲ့တဲ့အချိန်ရောက်ရင် ခင်ဗျားနေခဲ့တဲ့အဆောင်ကအခန်းကျဉ်းကျဉ်းလေးဆီကိုပြန်လာခဲ့တယ်။ နောက်တနေ့ဘောလုံးပွဲရှိရင် အရှေ့ဖက်ပွဲကြည့်စင်ပေါ်ကို ခင်ဗျားပြန်ရောက်လာခဲ့တယ်။ အရှေ့ဖက်ပွဲကြည့်စင်ပေါ်က နေရာလေးဟာ ခင်ဗျားအတွက်တော့ တကယ့်အရှိတရားထဲက နှစ်နာရီလောက် ထွက်ပြေးလွတ်မြောက်ပေးစေတဲ့နေရာလေးပေါ့။ အဲဒီအကြောင်းကလေးကို ကျွန်တော်က ဖူးသစ်ဝေမဂ္ဂဇင်းမှာဝတ္ထုရေးလိုက်တာပါ။ အဲ- -ဝတ္ထုခေါင်းစဉ်ကိုတော့ကျွန်တော်မေ့နေပြီ။ ဆောရီးဗျာ။ အမှတ်အသားအသိမ်းအဆည်းအား နည်းခဲ့တဲ့ ကျွန်တော့်ရဲ့ချို့ယွင်းချက်ကိုတောင်းပန်ပါတယ်။" သူကဘာမျှပြန်မပြောပါ။ ဘောလုံးပွဲကိုတိတ်ဆိတ်စွာငေးမောနေလျက်။ တခဏအကြာမှ သူ့ဆီက အသံထွက်လာခဲ့သည်။ "ခင်ဗျားပြောသလိုပဲ တကယ့်အရှိဖြစ်စဉ်ထဲက တခဏလွတ်မြောက်ချင်လို့ဘောလုံးကွင်းထဲကိုရောက်လာခဲ့ရတာကို ကျွန်တော်ဝန်ခံပါတယ်။ ဒါပေမယ့် အဲဒီစိတ်နဲ့အတူ စိတ်ကူးမျှော်လင့်ချက်ကလေးတွေလင်းလက်လာခဲ့တယ်။ ဟိုခုံတန်းသုံးတန်းမြောက်မှာထိုင်နေတဲ့သမီးရည်းစားစုံတွဲကိုခင်ဗျားမြင်မှာပါ။ သူတို့လည်း ကျွန်တော့်လိုပဲဘောလုံးကွင်းထဲကိုရောက်လာပြီးဘောလုံးပွဲမကြည့်ကြဘူးလေ။သူတို့ဘာတွေပြောကြ တွတ်ထိုးနေကြတာလဲ။ တခါတလေ အမျိုး သမီးဆီက အသံလွင်လွင်ကလေးနဲ့ရယ်မောသံတွေကိုကြားလိုက်ရတယ်။ ပွင့်ပွင့်လင်းလင်းပြောမယ်ဗျာ၊ အဲဒီလိုချစ်စရာကြည်နူးစရာကောင်းတဲ့သူတို့ကို ကျွန်တော်လည်းအားကျမိတာပေါ့။ ဘဝကတိုတယ်၊ သံသရာကရှည်တယ်ဆိုပေမယ့် တယောက်ကိုတယောက် ချစ်ခြင်းမေတ္တာတွေနဲ့ချည်နှောင်လိုက်ပြီး ဘဝနှစ်ခုပေါင်းစည်းခဲ့ကြတယ်။ ဒီအရာတွေကလည်း လူ့ဘဝမှာဖြစ်ရိုးဖြစ်စဉ်တခုမို့ မထူးဆန်းပေမယ့် အဲဒီလိုဘဝမျိုးကိုပဲ ကျွန်တော်မျှော်လင့်ခဲ့စိတ်ကူးယဉ်ခဲ့မိတာပေါ့ဗျာ။ ဒီလိုနဲ့ဘဝနှစ်ခုယှက်နွယ်ကူးဆက်ခဲ့ပြီး သားသမီးတွေပွားစည်းလာကြမယ်။ နေ့စဉ်အဆင်ပြေတာရှိမယ်။ အဆင်မပြေတာလည်းကြုံရမယ်။ ကလေးတွေအရွယ်ရောက်လာတဲ့အထိ ရုန်းကန်ရှာဖွေရင်း တဖြည်းဖြည်းအိုမင်းလာကြမယ်။ ဟောဟိုဘက်ခုံတန်းနေရာမှာကြည့်လိုက်ဦးဗျာ။ အဖိုးကြီးနှစ်ယောက်ကျားထိုးနေကြတာကိုတွေ့တယ်နော်။ သူတို့နှစ်ယောက်စလုံးကလည်းဘောလုံးပွဲကို စိတ်မဝင်စားကြဘူး။ တယောက်နဲ့တယောက် အနိုင်မခံအရှုံးမပေးဘဲ အကြိတ်အနယ်ကစားနေကြတာပါ။ ကျားထိုးဖို့အတွက် ဘယ်လိုကြောင့်ဘောလုံးကွင်းထဲကိုရောက်လာကြတာလဲ။ လက်ဖက်ရည်ဆိုင်မှာကျားထိုးလို့မရဘူးလား။ စဉ်းစားစရာတွေနော်။ အသက်အရွယ်ကြီးရင့်လာတဲ့အချိန်မှာ ကိုယ့်လောကဝန်းကျင်ကကျဉ်းမြောင်းလာခဲ့ပြီလေ။ ကိုယ့်လောက ကိုယ့်ဝန်းကျင်ကလေးမှာပဲ ပျော်ရွှင်မှုကလေးတွေကိုရှာဖွေကြရင်းနဲ့ အချိန်တန်ရင် လောကဘဝထဲက အေးချမ်းစွာထွက်ခွာသွားကြမယ့်သူတွေပါ။ ကျွန်တော်လည်းအသက်ကြီးရွယ်အိုရောက်လာရင်ဒီလိုပဲဖြတ်သန်းဖို့ ရည်ရွယ်ခဲ့ပါတယ်။ ဖြစ်လာတာဖြစ်မလာတာတော့ တကဏ္ဍပေါ့ဗျာ။ ခင်ဗျားကော အသက်အရွယ်ကြီးလာတဲ့အချိန်ကာလကို တွေးကြည့်မိရဲ့လား။ သားသမီးတွေကလည်းကိုယ့်အနားမှာမရှိတော့ဘူးလေ။ ကိုယ်နဲ့အတူ အိုမင်းလာတဲ့လက်တွဲဖော်နဲ့ကိုယ့်မိတ်ဆွေသူငယ်ချင်းတွေကသာ ကိုယ့်အတွက် လောကဝန်းကျင်လေးတခုအဖြစ်ကျန်ရစ်ခဲ့တယ် ။ပြောရရင် အသက်ကြီးအရွယ်အိုတွေရဲ့ဘဝဟာ သူတို့အချင်းချင်းတယောက်ကိုတယောက်အမှီသဟဲပြုပြီး ဖက်တွယ်ရှင်သန်နေကြရတာကိုးဗျာ။ ဒီလိုနဲ့သံသရာခရီးကို တယောက်ပြီးတယောက် ထွက်ခွာသွားကြရတာပေါ့။ ကလေးတွေနဲ့ကျွန် တော်တို့ဟာ ခေတ်ကိုအတူတကွဖြတ်သန်းနေကြပေမယ့် ခံစားမှုခြင်းမတူဘူးဗျ။ တကယ်တော့ ဟောဒီဘောလုံးကွင်းကြီးထဲက အရှေ့ဖက်ပွဲကြည့်စင်ဟာ ခင်ဗျားမြင်တာခံစားရတာတွေထက်ပိုပြီးလေးနက်တဲ့အဓိပ္ပာယ်တွေ ရှိနေပါတယ်။ လောကအမြင် ဘဝအမြင်တွေကိုကျယ်ကျယ်ပြန့်ပြန့်မြင်တတ်ကြည့်တတ်အောင် ဖြည့်ဆီးပေးနေတာပါ။ သူ့အသံက တဖြည်းဖြည်းတိုးဝင်သွားပြီးရုတ်တရက်ရပ်တန့်သွားသည်။ သူ့ကိုပြန်ပြောရမည့်စကားတွေရှာမတွေ့ဘဲ နှုတ်ဆွံ့နေမိသည်။ တိတ်ဆိတ်နေ၍လှည့်ကြည့်လိုက်တော့သူမရှိတော့ပြီ။ သူသည်ကျွန်တော့်အနားသို့ဖျတ်ခနဲရောက်လာပြီးနောက် ရုတ်ခြည်းဆိုသလိုပျောက်ကွယ်သွားခဲ့သည်။ သူဘယ်ကိုရောက်သွားပြီလဲ။ မိုးကောင်းကင်ဆီသို့လွင့်မျောသွားခဲ့သည်လား။ စောစောက ပေါ့ပါးရွှင်လန်းခဲ့ရတာတွေအားလုံးလွင့်ပြယ်သွားခဲ့ရသည်။ ကိုယ့်အသက်အရွယ်ကိုလည်းပြန်လည်သတိပြုမိလိုက်ရင်း သက်ပြင်းတချက်မှုတ်ထုတ်လိုက်မိသည်။ ကိုဗစ်ရောဂါကြောင့်ရှေ့ခရီးသို့ထွက်ခွာသွားကြရရှာသည့်မိတ်ဆွေသူငယ်ချင်းတွေကိုလည်းသတိရသည်။ သို့ရာတွင် အသက်ရှင်သန်ကျန်ရစ်နေကြသူတွေခမျာလည်း ဘာမျှမရေရာသည့်ကာလခရီးကိုရင်တထိတ်ထိတ်ဖြင့်ဖြတ်သန်းနေရဆဲ။ ကိုဗစ်ရောဂါကခြိမ်းခြောက်နေသလို စစ်မီးကလည်းတောက်လောင်နေလျက်။ တွေးကြည့်လိုက်တော့ ခက်ခဲစွာရှင်သန်ဖြတ်သန်းနေကြရသည့်ကျွန်တော်တို့ဘဝတွေ။ ကမ္ဘာမှာအချမ်းသာဆုံးသူဌေးကြီး အီလွန်မတ်က အာကာသခရီးကိုသွားခဲ့သည်။သူကအာကာသထဲမှ မိုင်ပေါင်းထောင်ချီ၍ဝေးသည့်မြေကမ္ဘာကိုလှမ်းကြည့်လိုက်ပြီး ကမ္ဘာကြီးဟာစိမ်းစိုလန်းဆန်းနေသည်ဟုပြောခဲ့သည်တဲ့။ သို့သော်လည်းအဲသည်ကမ္ဘာကြီးထဲမှာပြိုလဲကျလုလုနိုင်ငံငယ်ကလေးကိုသူ မမြင်တွေ့ခဲ့တာတော့သေချာပါသည်။ လှပသောနိုင်ငံကလေးမှာယခုအချိန်မှာတော့ရောဂန္တရကပ်နှင့်သတ္တန္တရကပ်တို့ကြောင့် နေ့စဉ်နှင့်အမျှအသက်တွေတဖြုတ်ဖြုတ်လွင့်ကြွေသွားခဲ့ရ။ မျက်ရည်တွေ သွေးစက်တွေ နာကြည်းကြေကွဲမှုတွေ။ မိုးကောင်းကင်သို့ငေးကြည့်နေသည့်ကျွန်တော့်မျက်လုံးတွေက တဖြည်းဖြည်း မှုန်ဝါးလာခဲ့သည်။ ကျွန်တော်တို့အားလုံး၏နေ့ရက်များသည် ပေါ့ပါးပျော်ရွှင်မှုတွေကင်းမဲ့နေရလေပြီ။ တွေးရင်းဖြင့် ရင်ထဲမှတင်းကျပ်လာခဲ့သည်။ မိုးကောင်းကင်ကိုငေးမော့ရင်း အနာဂတ်ဆီကမျှော်လင့်ချက်နေ့ရက်တွေကို ပင်ပန်းကြီးစွာဖြင့်ရှာဖွေနေမိသည်။ နေရောင်ပျောက်ကွယ်သွားသည်နှင့်မနက်ဖြန်ဆိုသည့်နေ့ရက်တရက်ကို စောင့်မျှော်နေရပြန်သည်။ တိတ်တဆိတ်ဝင်ရောက်လာသည့်အမှောင်သည် ကျွန်တော့်အားလွှမ်းခြုံလာသည်ကိုသတိမပြုနိုင်ဘဲရှိနေခဲ့သည်။ ထိုစဉ်အရှေ့ဖက်ပွဲကြည့်စင်နေရာက တဝုန်းဝုန်းပြိုလဲကျသံတွေကိုကြားလိုက်ရသောအခါ ကျွန်တော့်ရင်ထဲတွင်အမြတ်တနိုးထားခဲ့ရသည့်အရာတခုပျောက်ဆုံးသွားသလိုခံစားလိုက်ရသည်။ အမှန်တော့ တချိန်ကအမှတ်တရ လွမ်းမောတသစရာများသည် ​ခေတ်ကရိုက်ခတ်လိုက်သည့်လေရိုင်းတွေထဲမှာလွင့်မျောပျောက်ကွယ်သွားခဲ့ကြပြီပဲ။ ကျေးလက်ဆန်သောမြို့ကြီးသည် နှစ်ကာလတိုအတွင်းမှာပင် သူ့ဝတ်ရုံဟောင်းကိုခွာချလိုက်ပြီး နှစ်ဆယ့်တစ်ရာစု၏ဝတ်ရုံအသစ်ကိုဆင်မြန်းလိုက်လေပြီ။ အထပ်မြင့်အဆောက်အအုံအသစ်တွေနေရာအနှံ့ပေါ်ထွက်လာခဲ့သည်။ ခမ်းနားကြီးမားသည့်ဟော်တယ်ကြီးတွေ။ စားသောက်ဆိုင်တွေ ကုမ္ပဏီရုံးခန်းတွေ။လမ်းတွေမှာယာဉ်အသွားအလာတွေဖြင့် ရှုပ်ထွေးနေလျက်။ ကိုယ့်မျက်စေ့အောက်မှာရုတ်တရက်ပြောင်းလဲသွားသည့်မြို့ပြမြင်ကွင်းတွေကိုငေးကြည့်ရင်းမယုံနိုင်လောက်အောင်အံ့သြမင်တက်နေမိသည်။ နှစ်ကြာကြာသွားခဲ့လာခဲ့ခြေရာချင်းထပ်ခဲ့သည့်နေရာအားလုံးသည် မှတ်ဉာဏ်ထဲမှာပျောက်ဆုံးကုန်ပြီး မသွားတတ်မလာတတ်အောင်ဖြစ်နေမိသည်။ အလျှင်အမြန်ကြီးထွားလာသည့်မြို့ပြမြင်ကွင်းတွေနှင့် အရွယ်အိုလာစကျွန်တော်တို့တတွေသည်သဟဇာတမရှိတော့။ မည်သို့ပင်ဖြစ်စေ ကျွန်တော့်ရင်ထဲမှာတော့အတိတ်ကအရိပ်တွေထင်ဟပ်နေဆဲ။ ဗထူးဘောလုံးကွင်းထဲက အရှေ့ဖက်ပွဲကြည့်စင်ရှိနေဆဲ။ ပွဲကြည့်စင်ပေါ်မှာထိုင်ရင်း စိတ်အာရုံတွေကိုလွှင့်၍ ဦးတည်ရာမဲ့ခရီးတွေကိုသွားချင်နေဆဲ။ ဆိုရလျှင် နာကျင်ကြေကွဲနေရသည့်အရှိတရားတွေထဲမှ တခဏမျှရုန်းထွက်သည့်စိတ်ဆန္ဒတွေရှိနေဆဲ။ ညအမှောင်ရောက်လာ၍ တန်းလျားခုံပေါ်မှထလိုက်သည်။ တနေဝင်၍ တနေ့ကုန်သွားခဲ့ပြန်သည်။ ပြီးတော့ နောက်တနေ့ရောက်လာခဲ့ပြန်ဦးမည်။ ဘယ်မှသွားစရာလာစရာမရှိသည့်ကျွန်တော်သည်လည်း ညနေစောင်းသည့်အချိန်မှာအိမ်ရှေ့တန်းလျားခုံပေါ်မှာထိုင်ရင်း တွေးချင်ရာတွေးနေဦးမည်ထင်သည်။ ကျွန်တော့်အတွက်တော့ တန်း လျားခုံသည် ဗထူးဘောလုံးကွင်းထဲက အရှေ့ဖက်ပွဲကြည့်စင်လိုပဲ မှတ်ယူထားလိုက်မိတော့သည်။ ဓာတ်ပုံ -ဦးကျော်ဝင်း(လှဂုဏ်ရည်)
- Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar