Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁၁ လ ၁၇ ရက်မြောက်နေ့မြင်ကွင်း

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁၁ လ ၁၇ ရက်မြောက်နေ့မြင်ကွင်း
(မိုးမခ) ဇန်နဝါရီ ၁၈၊ ၂၀၂၂

နေ့စဥ် ထိုင်းနိုင်ငံထဲမှာ အလုပ်သွားလုပ်ဖို့ တရားမဝင် ခိုးဝင်ဖို့ကြိုးစားသူတွေကို ရာနဲ့ချီ ဖမ်းဆီးရမိတယ်ဆိုတဲ့ သတင်းတွေက ဖတ်နေရပါတယ်။ ပြီးခဲ့တဲ့ ၅ လ ၆ လ ဝန်းကျင်ကတည်းက နေ့စဥ်သတင်းတွေထဲ နယ်စပ်မှာ ထိုင်းနိုင်ငံရဲ့ အတွင်းထဲ တမြို့နဲ့တမြို့အကူးအသန်းမှာ ဖမ်းဆီးခံရတဲ့သတင်းတွေက နေ့စဥ်သတင်းတွေထဲ ပါနေကျမို့လို့ ရိုးနေတဲ့သတင်းသဖွယ် ဖြစ်နေပါတယ်။ တနေရာမှာ ဖမ်းဆီးတယ်ဆို အနည်းဆုံး ၂၀၊ ၃၀ ကနေ အများဆုံး တရာကျော် ၂၀၀ ဝန်းကျင်အထိ တစုထဲ ဖမ်းဆီးခံနေရတာ ဖြစ်ပါတယ်။ 

မနေ့က မြန်မာနိုင်ငံသား ၁၅၃ ဦး ထိုင်းမှာအလုပ်သွားရောက်လုပ်ကိုင်ဖို့ ခိုးဝင်စဥ် ကန်ချနဘူရီနယ်ထဲမှာအဖမ်းခံရပြီး အခြားသတင်းတပုဒ်ကတော့ မြန်မာနိုင်ငံက အလုပ်သွားရောက်လုပ်ကိုင်ဖို့သွားတဲ့ အမျိုးသမီး ၁၀ ဦးကို လူပွဲစားတွေက ဘေးမဲ့သစ်တောထဲ စွန့်ပစ်ထားခဲ့တာကိုလည်း ထိုင်းရဲတွေက ရှာဖွေတွေ့ရှိရတယ်လို့ ဆိုပါတယ်။ 

မြန်မာနိုင်ငံသားတွေ ထိုင်းနိုင်ငံထဲ ခိုးဝင်ဖို့ရာအတွက် လူပွဲစားတွေ လူမှောင်ခိုသယ်သူတွေကို အနည်းဆုံး ဘတ်တသောင်းကျော်ကနေ ၂ သောင်းအထိ ပေးကြရတယ်လို့ဆိုပါတယ်။ မြန်မာငွေနဲ့ ကျပ် ၁၀ သိန်းဝန်းကျင် ဖြစ်ပါတယ်။ ဒီလောက်ငွေပမာဏပေးကြရပြီး ခိုးဝင်ဖို့ကြိုးစားကြရာမှာ အဆင်မသင့်လို့ အခုလို့အဖမ်းခံခဲ့ရတဲ့အခါ ပွဲစားခ ရှုံး၊ ထိုင်းအချုပ်မှာ ရက်အတန်ကြာနေရပြီးနောက် မြန်မာနိုင်ငံဘက် ပြန်ပို့ခံရမှာ ဖြစ်ပါတယ်။ မနေ့က ဖမ်းဆီးခံရတဲ့သူတွေထဲမှာ ဒေသအားဖြင့်ကြည့်ရင် ပဲခူး၊ ရန်ကုန်၊ မွန်၊ တနင်္သာရီဒေသတွေက အများစုဖြစ်တာတွေ့ရပါတယ်။ 

ဒီသတင်းတွေကိုကြည့်ရင် မြန်မာနိုင်ငံရဲ့ အလုပ်အကိုင် အခွင့်အလမ်းအခြေနေဟာ ဆိုးရွားနေတာ ပေါ်လွင်ပါတယ်။ စစ်အာဏာသိမ်းမှုနောက်ပိုင်း နကိုက ကိုဗစ်ကူးစက်မှု ကန့်သတ်ချက်တွေကြောင့် ယိုင်နဲ့နေတဲ့ မြန်မာ နိုင်ငံစီးပွားရေးရဲ့ အချို့သောအပိုင်းတွေက ရပ်ဆိုင်းလုနီးနီးဖြစ်ကုန်ပြီး အလုပ်အကိုင် ဆုံးရှုံးသူ သောင်းနဲ့ သိန်းနဲ့ချီ ထွက်ပေါ်လာတာကြောင့် အိမ်နီးချင်းနုိင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်ဖို့ ကြိုးစားကြတာ ဖြစ်ပါတယ်။ ပွဲစားခ လမ်းစရိတ်အတွက် ငွေသိန်းဆယ်ဂဏန်းအထိ သုံးစွဲကြပြီး ထိုင်းနိုင်ငံထဲရောက်ဖို့ အလုပ်လုပ်နိုင်ဖို့ ကြိုးစားကြရတာ ဖြစ်ပါတယ်။ 

နယ်စပ်ကုန်သွယ်ရေးတွေ ပိတ်ထား၊ ရပ်ဆိုင်းထားတာ၊ နိုင်ငံရေးအခြေအနေကြောင့်၊ စီးပွားရေး ပိတ်ဆို့မှုအချို့ရဲ့ အကျိုးဆက်နဲ့ ကိုဗစ်ကန့်သတ်ချက်တွေကြောင့်  စက်ရုံအလုပ်ရုံတွေ အများအပြား ပိတ်သိမ်းလိုက်ရတဲ့ အခါမှာ အလုပ်လက်မဲ့ ဖြစ်သူ တရှိန်ထိုးမြင့်တက်လာပြီးပြည်ပထွက် အလုပ်လုပ်ကိုင်ဖို့ ကြိုးစားလာကြတာမျိုးဖြစ်ပါတယ်။ ရန်ကုန်မြို့ရဲ့ နိုင်ငံကူးလက်မှတ်ရုံးမှာလည်း နေ့စဥ်လိုလို လူရာထောင်ချီပြီး နိုင်ငံကူးလက်မှတ် လျှောက်တာတွေ မြင်တွေ့နေရသလို နယ်စပ်ကနေလည်း နေ့စဥ် လူရာထောင်ချီကူးဖို့ ကြိုးစားနေကြတာ ခန့်မှန်းကြည့်နိုင်ပါတယ်။ 

ဒီအခြေအနေတွေကို အကဲခတ်ကြည့်ရင် မြန်မာနိုင်ငံရဲ့ စီးပွားရေးအခြေအနေက ဆိုးရွားစွာကျဆင်းလာနေတာ ယုံမှားသံသယဖြစ်ဖွယ်မရှိပါဘူး။ တဖက်မှာ နိုင်ငံရေးအခြေအနေမတည်မငြိမ် အသွားအလာတွေ ကန့်သတ်တားမြစ်ချက်တွေရှိနေတာမို့လို့လည်း ကုန်သွယ်ရေး၊ စိုက်ပျိုးရေးထုတ်ကုန်၊ လူသုံးကုန်ရောင်းချရေး ဖလှယ်ရေးတွေ အခက်အခဲအတားအဆီးတွေ ရှိနေပြီး ထုတ်လုပ်သူက စျေးနှုန်းကောင်းကောင်းမရသလို၊ ဝယ်ယူသုံးစွဲသူတွေအဖို့မှာလည်း သယ်ယူပို့ဆောင်ရေး၊ အကန့်အသတ်တွေကြောင့် စျေးနှုန်းကြီးမြင့်စွာ ဝယ်ယူစားသုံးကြရတဲ့ အခြေအနေမျိုးတွေ့နေရတာပါ။ 

နိုင်ငံမှာ ရှိတဲ့လူအများစုရဲ့ ဝင်ငွေ ရရှိတဲ့ စိုက်ပျိုးရေးကဏ္ဍ၊ လုပ်အားအခြေပြု ကုန်ထုတ်လုပ်ငန်းတွေ ကျဆင်းလာနေပြီး ယခု ၂၀၂၂ ခုနှစ်မှာ ဆင်းရဲမှုမျဥ်းအောက်ကို ထပ်ပြီးတိုးလာမယ့် လူဦးရေ ကိန်းဂဏန်းတွေ၊ လူသားချင်းစာနာမှု အကူအညီလိုအပ်မယ့်လူအရေအတွက်တွေက ဆက်လက်အတက်ဘက်ကိုပဲပြနေဦးမှာ ဖြစ်ပါတယ်။ 

ဒီနေ့သတင်းတွေထဲမှာတော့ ကယားပြည်နယ် ဒီးမော့ဆိုဘက်မှာ လေယာဥ်နဲ့ ဗုံးကြဲခဲ့ရာမှာ စစ်ရှောင်စခန်းက စစ်ဘေးရှောင် အရပ်သား ၆ ဦးသေဆုံးခဲ့တဲ့ သတင်း၊ ချင်းပြည်နယ် တီးတိန်မြို့ဘက်တက်သွားတဲ့ စစ်ကောင်စီတပ်တွေနဲ့ ချင်းပီဒီအက်ဖ်တွေ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့သတင်း၊ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် နိုလင်းဟေဇာက ဇန်နဝါရီ ၁၇ ရက်နေ့က ဘန်ကောက်မြို့မှာ ထိုင်းဝန်ကြီးချုပ်နဲ့တွေ့ဆုံပြီး မြန်မာဒုက္ခသည်တွေနဲ့ပတ်သက်တဲ့ကိစ္စရပ်တွေ ဆွေးနွေးခဲ့တယ်ဆိုတဲ့သတင်းတွေ ဖြစ်ပါတယ်။ 

စစ်ကောင်စီအနေနဲ့ မြေပြင်မှာတိုက်ပွဲဖြစ်တိုင်း လေကြောင်းအကူအညီယူပြီး တိုက်ခိုက်နေတာ ပြီးခဲ့တဲ့နှစ်လယ်လောက်ကတည်းက ဖြစ်ပြီးအခုနောက်ပိုင်း ပိုများပြားလာတာလည်း ဖြစ်ပါတယ်။ အရပ်သားတွေရဲ့ နေအိမ်တွေ၊ စစ်ဘေးရှောင်စခန်းတွေကိုပါ လေကြောင်းနဲ့တိုက်ခိုက်လာတာဖြစ်ပြီး မြေပြင်မှာဖြစ်ပွားတဲ့ တိုက်ပွဲတွေကို လေကြောင်းက အကူပစ်ခတ်တာ ဗုံးကြဲတာတွေနဲ့ အသာစီးရအောင် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ 

ကယားပြည်နယ်တင်မကပဲ ချင်းပြည်နယ် တီးတိန်၊ ဖလမ်းသွားတဲ့လမ်းကြောင်းမှာလည်း ခုရက်ပိုင်း တိုက်ပွဲတွေ ဆက်လက်ဖြစ်နေပြီး ကရင်ပြည်နယ်မှာတော့ လေးကေ့ကော်ဒေသက တိုက်ပွဲတွေ နေရာယူတပ်စွဲထားမှုတွေ ဆက်လက်ရှိနေဆဲဖြစ်သလို တပ်မဟာ ၅ ဧရိယာမှာ ကေအန်ယူက ကရင်လက်နက်ကိုင်တွေဖြစ်တဲ့နယ်ခြားစောင့်တပ်တွေကို စခန်းတွေ အကုန်ဆုတ်ခွာဖို့ သတိပေးထားတဲ့သတင်းလည်း ဖေါ်ပြထားတာ တွေ့ရပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar