Breaking News

ကိုကျော် (မြစ်ကြီးနား) — အိမ်ရှေ့မင်းသား အင်ဒရူး၊ ဂီလိန်းမက်စ်ဝဲ၊ အပ်စတိန်း တို့နဲ့ပတ်သက်ပြီး နောက်ဆက်တွဲ

ကိုကျော်(မြစ်ကြီးနား) — အိမ်ရှေ့မင်းသား အင်ဒရူး၊ ဂီလိန်းမက်စ်ဝဲ၊ အပ်စတိန်း တို့နဲ့ပတ်သက်ပြီး နောက်ဆက်တွဲ

(မိုးမခ) ဇန်နဝါရီ ၁၇၊ ၂၀၂၂

တစ်နေ့က အိမ်ရှေ့မင်းသား အင်ဒရူး (Prince Andrew) ကျရှုံးခန်း ပို့စ်မှာ ဗာဂျီးနီးယားဂျူးဖရီး (Virginia Giuffre) မှ သူမအား အင်ဒရူးမင်းသားက ၂၀၁၁ ခုနှစ်တုန်းက လိင်ကျူးလွန်မှုပြုခဲ့တယ်လို့ စွပ်စွဲပြီး တရားစွဲထားတာ၊ မိခင်ဖြစ်တဲ့ အဲလစ်ဇဘက်ဘုရင်မက အင်ဒရူးရဲ့ ရာထူးဘွဲ့တွေကို ရုပ်သိမ်းလိုက်တာ ဆိုတာတွေကို ပြောခဲ့တယ်။ ပိုရှင်းသွားအောင် ပြန်ခြုံပြီးပြောရရင် အင်ဒရူးက လိင်ကုန်ကူးမှုတွေနဲ့ တရားစွဲခံခဲ့ရတဲ့ ယခင် ငွေကြေးရင်းနှီးမြှုပ်နှံမှု ဝန်ဆောင်စီမံသူ ဂျက်ဖရီအပ်စတိန်း (Epstein)၊ ယခင်က အင်္ဂလန် လူကုံထံအသိုင်းအဝိုင်းမှာ လူသိများခဲ့တဲ့ ဂီလိန်းမက်စ်ဝဲ (Ghislaine Maxwell) တို့နဲ့ ရင်းနှီးပတ်သက်မှုရှိခဲ့တယ်၊ အပ်စတိန်းရဲ့ အဆက်အသွယ်နဲ့ ဗာဂျီးနီးယားဂျူးဖရီး (Virginia Giuffre) ကို အင်ဒရူးမင်းသားနဲ့ တွေ့ဆုံပေးခဲ့တယ်၊ အဲဒီအချိန်က ဂျူးဖရီးဟာ ၁၇ နှစ်ပဲ ရှိသေးတယ်။ အပ်စတိန်းက ပြစ်မှုထင်ရှားပြီး ထောင်ကျနေတဲ့အတွင်း ၂၀၁၉ ခုနှစ်မှာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတယ်။ အပ်စတိန်းနဲ့အတူ ပူးပေါင်းကြံစည်ခဲ့တဲ့ ဂီလိန်းမက်စ်ဝဲကလည်း ပြီးခဲ့တဲ့လမှာ အသက်မပြည့်သေးတဲ့ မိန်းကလေးကို လိင်ကုန်ကူးမှု အပါအဝင် အမှုပေါင်း ၅ ခုမှာ ပြစ်မှုထင်ရှားခဲ့ပြီး ထောင်ဒဏ် ၆၅ နှစ်အထိကျနိုင်ဖို့ ရှိနေပါတယ်။ အခု နောက်ဆုံးသတင်းကတော့ ဂီလိန်းမက်စ်ဝဲက သူမ လျှို့ဝှက်ထားတဲ့ လူ ၈ ဦးရဲ့နာမည်ကို တရားရေးအရ ဆက်လက်ပြီး ခုခံကာကွယ်သွားဖို့ ဆန္ဒမရှိတော့ဘဲ နာမည်တွေကို ဖွင့်ချဖော်ပြလိုက်ဖို့ သင့်၊ မသင့် ဆိုတာနဲ့ပတ်သက်ပြီး တရားရုံးကပဲ ကိုင်တွယ်ဆုံးဖြတ်သွားဖို့ ခွင့်ပြုလိုက်ပါတယ်။ (အမေရိကန်တရားစီရင်ရေးမှာ နာမည်မသိသေးသူ သို့မဟုတ် နာမည်ကို ဖုံးကွယ်ထားသူ သို့မဟုတ် သတင်းပေးသူကို ကာကွယ်ပေးဖို့ John Doe ဆိုတဲ့အသုံးအနှုန်းနဲ့ အစားထိုးလေ့ ရှိပါတယ်။) နာမည်တွေကိုမဖော်ပြဘဲ လျှို့ဝှက်ထားတဲ့ အဲဒီ John Does ၈ ယောက်ဟာ ၂၀၁၅ ခုနှစ်တုန်းက ဂျူးဖရီးမှ အပ်စတိန်းနဲ့ မက်စ်ဝဲတို့ကို လိင်ပိုင်းဆိုင်ရာကျူးလွန်မှုနဲ့ စွဲဆိုခဲ့တဲ့အမှုနဲ့ ပတ်သက်မှုရှိပြီး ၂၀၁၇ ခုနှစ်မှာ အမှုကျေအေးဖြေရှင်းခဲ့ပါတယ်။ သတင်းထွက်လာတဲ့နောက် ဒီလူ ၈ ယောက်က ဘယ်သူတွေ ဖြစ်ကြမလဲ၊ ဘယ်သူတွေ ဖြစ်နိုင်မလဲ၊ နဂိုသတင်းထွက်နေတဲ့ နာမည်ကြီးတွေလား စတာနဲ့ပတ်သက်ပြီး လူအတော်များများ သိချင်နေကြပြီး အမျိုးမျိုး ခန့်မှန်းနေကြပါတယ်။

အပ်စတိန်းနဲ့ မက်စ်ဝဲတို့ရဲ့ လိင်ကျုးလွန်မှု လိင်ကုန်ကူးမှု အရှုပ်တော်ပုံ ပေါ်ပေါက်ခဲ့ချိန်ကစပြီး ထိပ်တန်းနာမည်ကြီးသူတချို့ အမေရိကန်သမ္မတဟောင်း ကလင်တန် နဲ့ ထရမ့်တို့ကပါ နာမည်ပေါက်ခဲ့ပါတယ်။ အိမ်ရှေ့မင်းသား အင်ဒရူး အပါအဝင် သူတို့အားလုံးက အပ်စတိန်းနဲ့ ရင်းနှီးသိကျွမ်းခဲ့ကြပြီး အိပ်စတိန်းရဲ့ ကိုယ်ပိုင်လေယာဥ်နဲ့ သူ ပိုင်ဆိုင်တဲ့ သီးသန့်ကျွန်းတစ်ခုပေါ်က သီးသန့်အိမ်တော်သို့ အလည်အပတ်ရောက်ခဲ့ဖူးကြပါတယ်။ ဒါကြောင့် ပတ်သက်ရှုပ်ထွေးမှု အများအပြားရှိတဲ့ ဒီအမှုအခင်းမှာ နာမည်ဖုံးကွယ်ထားတဲ့ ၈ ယောက်က ဘယ်သူတွေဖြစ်မလဲဆိုတာ ဆက်လက်စောင့်ကြည့်ရင်း ... ။

အင်ဒရူးမင်းသားကတော့ ၈ ယောက် စာရင်းထဲက တစ်ယောက်ဆိုတာ သေချာတယ်လို့လည်း ခန့်မှန်းနေကြောင်း။ ။ (ကိုးကား။ ။ CNN - Jan 17, 2022 - Ghislaine Maxwell ends fight to keep eight 'John Does' secret, court to decide whether names should be unsealed)


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar