Breaking News

အီကြာအော် - ဂျင်လီးအီကြာအော်နှင့် ခက်သေးရွာမှ ငမွေထိုး မင်းအောင်ယိုင်

အီကြာအော် - ဂျင်လီးအီကြာအော်နှင့် ခက်သေးရွာမှ ငမွေထိုး မင်းအောင်ယိုင်
(မိုးမခ) ဇန်န၀ါရီ ၁၈၊ ၂၀၂၂

ခက်သေးရွာကြီးလည်း နာမည်နှင့်လိုက်အောင်ပင် ခက်ပြီးရင်း ခက်နေတော့သည်။ ယခုလည်း ခက်သေးရွာ ရွာလုံးကျွတ်ရွေးကောက်ပွဲကြီးတွင် မဲလိမ်သည်ဆိုကာ ရွာပေါက်စောင့် မင်းအောင်ယိုင်က ရွာအာဏာကို သိမ်း ထားသည် မဟုတ်ပါလား။ ခက်သေးရွာကို အာဏာသိမ်းသည်ကိုပင် မင်းအောင်ယိုင်က သိမ်းသည်မပြောရဲ၊ ရွာအာဏာကို ခနထိမ်းသည်ဟု မလှိမ့်တပတ်လုပ်သည်။ ရွာ့အချစ်တော် အမေပုကိုလည်း ဓားစာခံအဖြစ်ပါထိမ်းသိမ်းလိုက်သည်။ ခက်သေးရွာတွင် ရွာပေါက်စောင့်များ၏ ခနသည် အတော်ကြောက်ရသည်။ ခက်သေးရွာကြီးတွင် သူတို့တနှစ်သည် တသက်တာဖြစ်လျှင် ဖြစ်တတ်ပေသည် မဟုတ်ပါလား။

မအယ မင်းအောင်ယိုင်ကား မယားကြောက် မယကဘွဲ့ရတဦးဖြစ်သည်။ သူ့မယားကြူကြူပွက မအယကို ငယ်နိုင်ဟု ဆိုကြသည်။ မအယကား အမေပုကို တုချင်သော်လည်း သူ့တွင် ပုစရာကား အရပ်သာရှိလေသည်။ နဂိုပုရာကနေ ကြူကြူပွက ပွပေါက်များကိုရှာခိုင်းပြီး မရလျှင် ခေါင်းခေါက်ခံရသည်မို့ ပို၍ပုရရှာသလားမသိ။ သူတို့လင်မယားကား ဒီဇိုင်နာအသုံးအဆောင်များ ကြိုက်ကြပြီး လူဝီဘထွန်းတံဆိပ်ဆိုလျှင် အတွင်းခံကအစ ဝတ်ကြသည်ဟု ဆိုကြသည်။

“သရေကြိုး တင်းအောင်ကိုင်…
မအေယိုး မင်းအောင်ယိုင်…
တင်းအောင်ကိုင် သရေကြိုး…
မင်းအောင်ယိုင် မအေယိုး”

ခက်သေးရွာလယ်တွင်ကား ကြွက်နီတို့ ကလေးတသိုက် နှပ်တွဲလောင်းဖြင့် ပုဆိုးကို စလွယ်သိုင်း၍ သရေကြိုးကိုင်ကာ ကစားနေကြသည်။

“ဟဲ့ ကလေးတွေ တိုးတိုးကစားကြ..၊ မအေယိုးရဲ့ တပည့်တွေက ကလေးတွေဆိုပြီးလည်း အညှာပေးတာမဟုတ်ဘူး”

အီကြာအော်က ဂျင်လီးပြီပြီ ကြောက်သောကြောင့် ကြွက်နီတို့ကို ဟန့်လိုက်သည်။ ကြွက်နီတို့ ကလေးတသိုက်ကားဂျင်လီးအီကြာအော်ကို ဖုတ်လေသည့်ငပိ ရှိသည်ဟုမထင်။

ပြောမည့်သာပြောရသည် အီကြာအော်၏ စိတ်ထဲတွင်ကား ကလေးများအော်သလို အားရပါးရ အော်ချင်နေသည်။

“သရေကြိုး တင်းအောင်ကိုင်…
မအေယိုး မင်းအောင်ယိုင်၊
တင်းအောင်ကိုင် သရေကြိုး….
မင်းအောင်ယိုင် မအေယိုး” 

ဂျန်လီး အီကြာအော်လည်း စိတ်ထဲမှ အားရပါးရ အော်မိသည်။ အော်ရတာ အတော်အားရစရာပင်ဖြစ်သည်။ ဂျင်လီးပြီပြီ အသံထွက်အောင်တော့ မအော်ရဲချေ။

မင်းအောင်ယိုင်ကား ခေသူမဟုတ်ချေ။ ငယ်ငယ်ကတည်းက ခက်သေးရွာသားများက ပေးအပ်ထားသော ဘွဲ့မျိုးစုံရထားသူဖြစ်သည်။

သူ့အမျိုးများက ကလေတွေများသောကြောင့် “ကလေမျိုး မင်းအောင်ယိုင်” ဟု၎င်း၊ ငယ်ငယ်က အသေ ဆိုးသဖြင့် “အသေဆိုး မင်းအောင်ယိုင်”ဟု၎င်း ဘွဲ့စုံသည်။ ယခုတော့ ရွာသားများက “မြေနိုးမင်းအောင်ယိုင်” ဟု ဘွဲ့သစ်တခု  ထပ်ပြီးပေးထားလေသည်။

ခက်သေးတရွာလုံး မည်သို့မျှ မတေ်တာပို့စေကာမူ မင်းအောင်ယိုင်ကားမမှုချေ။ တပည့်ကျော် အော်မဲလုံး ခေါ် အော်မင်းထွန်းကလည်း သူ့ဆရာ မအယ စိတ်တိုင်းကျ အာလူးကို မုံလာဥလုပ်ပြီး ရွှီးတတ်သည်။ သတင်းစာရှင်းလင်းပွဲတွင် မဖြေတတ်လျှင်ကား မေးခွန်းမေးသော ခက်သေးဂျာနယ်လစ်များကို “မင်းတို့က ဘာသဘောနဲ့ မေးတာလည်း၊ မိုက်လို့လား၊ ချမလား”ဟု လက်သီးလက်မောင်းတန်း၍ စိန်ခေါ်တတ်သည်။ အော်မဲလုံးကား ဘယ်သူ့ကိုအားကျသည်မသိ။ စကားပြောလျှင် “အား ကျ ကျ”ဟု ရေရွတ်တတ်ပေသည်။

မအယက လူလည်ကျတတ်သည်မှာ ခက်သေးရွာတရွာလုံး ကလေးကအစ ခွေးကအစ သိကြသည်။ အမေပုပါတီမှ ကျပ်မပြည့်၍ ထုတ်ခံထားရသော ဝံဂျီးရူးရူးနေသည့် ဒေါ်သက်သက်ကွိုင်ကို ရွာဝံဂျီးတနေရာ ပေးထားလိုက်သည်။ အမေပုနှင့် ပုခုံးချင်းယှဉ်လိုသော ဒေါ်သက်သက်ကွိုင်ကား သူ့ကိုယ်သူ အမေသက် ဟုအခေါ်ခံချင်သည်။အမေသက်ဟုမခေါ်ပဲ အမေသတ်.. အမတ်သေဟု ခက်သေးရွာမှ ကလေးများက ပြောင်လှောင်ကြသည်။  အမှန်တော့ ဒေါ်သက်သက်ကွိုင်ကား ခေသူမဟုတ်ပေ။ ဘွဲ့ပေါင်းများစွာရရှိထားပြီး ခက်သေးရွာသားတစုက အပ်နှင်းထားသည့် သွက်သွက်ခါဟူသော ဘွဲ့ကိုပါ ဆွတ်ခူးရရှိထားနိုင်သူဖြစ်သည်။

“🎶🎶အိုပလာတီး…အိုပလာတား🎶🎶”

အီကြာအော်၏ ဖုန်းတွင် ဖုန်းခေါ်သံက ပေါ် လာသည်။ကြည့်လိုက်တော့ တပည့်ကျော် ဖွတ်ကလေးကခေါ်သည့်ဖုန်း ဖြစ်နေသည်။ အီကြာအော်လည်း ဂျင်လီးပြီပြီ အရှေ့အနောက်၊ တောင်မြောက်၊ အထက်အောက်ကြည့်ပြီး လူမရှိသည် သေချာမှဖုန်းဖြေလိုက်သည်။

ခက်သေးရွာကြီးတွင် ဒလန်များကလည်း ခြေချင်း လိမ်နေသည် မဟုတ်ပါလား။ အီကြာအော်၏ ဖွဘုတ်တောင် ပရိုဖိုင်းကို လော့ထားရသည်။ ဂျင်ဇီးဖွတ်ကလေးတယောက်လည်း မအယတန်ခိုးတော်ဖြင့် “ပီဒီအက်ဖ်” ခက်သေးအခေါ် “ပီဒက်” အဖွဲ့ဝင်တယောက် ဖြစ်နေလေပြီ။

"ဟေ့ကောင် ဖွတ်ကလေး မင်းအခြေအနေ ဘယ်လိုလည်း"အီကြာအော်က နှစ်ကိုယ်ကြားလေသံလေးဖြင့် စိုးရိမ်မကင်းဖြစ်ကာ မေးလိုက်လေသည်။

"ကျုပ်တို့ပီဒက်တွေ ရိက္ခာပြတ်နေလို့ ...အလှူခံမလို့ ဆရာအော်ရေ"

မောနေသောအသံဖြင့် ဖွတ်ကလေးကပြောလိုက်သောအခါ အီကြာအော်လည်း စိတ်လက်မသာမယာ ဖြစ်သွားသည်။

"ဖွတ်ကလေးရေ…မင်း …အန္တရာယ်ကင်းအောင် နေဦးနော်"

ထိုအချိန်တွင် မီးဖိုချောင်ထဲမှ အိမ်အရှေ့လမ်းမပေါ်သို့ ဘယ်အချိန်ကမှန်းမသိ ရုတ်တရက်ထွက်လာသော ဒေါ်အွန်မေးက လက်ထဲတွင် အသားငါးခုတ်ဓားမကို ကိုင်လျှက်

“ဒီ ငမွေထိုး စင်းပြီး အကောင်လိုက်ကိုင်လိုက်မယ်….၊ ငမွေထိုးစင်းအောင်ကိုင်…

မအယတို့နှိပ်စက်တာ ကျုပ်တို့ ခက်သေးရွာတော့ ပျက်စီးချင်းမက ပျက်စီးနေပြီ။ ဖွတ်ကလေးရေ မင်းတို့ ပီဒက်တွေ မအယတွေကို အပြတ်သာတီးပစ်လိုက်ကြ” ဟု ၇အိမ်ကြား ၈အိမ်ကြား အော်၍ ပြောလိုက်သည်။

ဂျင်လီး အီကြာအော်လည်း ဘေးဘီကြည့်ပြီး 

“တိုးတိုးလုပ်ပါ အွန်အွန်ရဲ့…၊ ငါတို့ကို ၅၀၅ နဲ့ လာ တရားစွဲနေဦးမယ်”

“ကိုအော်ရေ …၅၀၅ မကလို့ ၆၀၆ နဲ့  လာစွဲချင်လည်း စွဲတော့၊ ဒီခွေးမျိုးတွေလုပ်ပုံနဲ့က ကျုပ်တို့ခက်သေးရွာလည်းမြောက်ကိုရီးယားက အဖေခေါ်ရလိမ့်မယ်၊ ကျုပ်တောင် …အသက်သာငယ်သေးရင် မအယတို့ကို နပန်းတောင် ဝင်လုံးတယ်၊ ဖွတ်ကလေးတို့ဂျင်ဇီးတွေကို လိုအပ်ရင် ကျုပ်တို့ဂျင်လီးတွေက မရှိလည်း အငတ်ခံပြီး လှူသင့်တာပေါ့”

ဤသို့ဆိုလျှင် အီကြာအော်လည်း ဒေါ်အွန်မေး၏ပါမစ်ရပြီဖြစ်သောကြောင့် ဖွတ်ကလေးထံ “ခက်သေးပေး” ခေါ် “ကေတီပေး”ဖြင့် ငွေလွှဲရန်အတွက် ရွာလယ်မှ ကိုခိုနီ၏ စူပါမတ်ကက်သို့ မနှေးအမြန် အပြေးသန်စွာဖြင့် နှင်လေတော့သတည်း။        

သဗ္ဗေသတ္တာကမ္မသကာ

အီကြာအော်

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar