Breaking News

စောဝေ - မေ့မရရပြီ စိတ်မှာစွဲ (အခန်းဆက် ဝတ္ထုတို)

စောဝေ - မေ့မရရပြီ စိတ်မှာစွဲ (အခန်းဆက် ဝတ္ထုတို) 
(မိုးမခ) ဇန်န၀ါရီ ၁၂၊ ၂၀၂၂

(၄)
ရောက်ရောက်ချင်း လက်ကိုင်ဖုန်းတလုံးဝယ်ပြီး ဖြူးအိမ်နဲ့ အဆက်အသွယ်လုပ်ရသည်။ စစ်ထောက်လှမ်းရေး ငှားထားတဲ့ စစ်ကြောရေးလုပ်တဲ့ အိမ်ရှေ့အိမ်က ဇနီးရဲ့သူငယ်ချင်း ဆရာမပိုပိုရဲ့ မောင်လေး၊ မိတ်ဆွေများ စာကြည့်အသင်းအဖွဲ့ဝင် NLD အားပေးသူက အဲဒီအိမ်ကို ညကြီး ခဲနဲ့ထုလို့ ဖမ်းပြီး ထောင်ချပစ်။ နှစ်နှစ်ကျသွားခဲ့။ NLD လူကြီးတွေကို ဖမ်းလို့၊ နှိပ်စက်လို့ဆိုပြီး မူးမူးနဲ့ ထုတာပဲ ဖြစ်သည်။

ဖြူးအရှေ့ဘက် ရပ်ကွက်အစွန်တွင်နေသော တိရစ္ဆာန်ဆေးကုဆရာဝန် ဒေါက်တာထင်အောင် NLD ဖြူးဒေသစည်းကို ဖမ်းပြီး ၅ (ည) ဖြင့် ထောင် သုံးနှစ်ချသည်။ ကျွဲပွဲက အမတ် ကိုတင်မောင်ဝင်းကို အမှုပေါင်းစုံတပ်ပြီး ထောင်ချသည်။ မိတ်ဆွေများ စာကြည့်အသင်းက စာကြည့်တိုက်မှူးကို ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းတိပ်ခွေ စာကြည့်တိုက်မှာဖွင့်လို့ ဆိုပြီး ထောင်ချသည်။ တကယ်က ဒီတိပ်ခွေတွေအားလုံး သတင်းနဲ့ပြန်ကြား ဖြစ်သူ ကိုယ်၌ပဲ ဖြန့်ခဲ့တာဖြစ်သည်။ ရန်ကုန်မှာ အခန်းလေးတစ်ခန်းဝယ်ပြီး ဝပ်ကျင်းလုပ်ထားရသည်။ အခြေအနေကောင်းလျှင် အဖေက လာပါလို့ပြောလျှင် ဖြူးကိုပြန်၍ လုပ်လို့ရသရွေ့  NLD နိုင်ငံရေးလေးလုပ်လိုက်၊ အခြေအနေမကောင်းလျှင် ရန်ကုန်ဝပ်ကျင်းမှာ ခိုလိုက် လုပ်နေရသည်။

ဒီလိုနဲ့ ဖြူး ပြန်ရတဲ့ နေ့တစ်နေ့မှာ မြို့နယ်လူငယ်ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ကိုသူရစောက…
“ကိုမိုက်ကယ်၊ ဝင်းဦး၊ ကိုစွမ်း ခင်ဗျားနဲ့ အရေးကြီးတွေ့ရအောင်” ဆိုပြီး သူ့အိမ်မှာတွေ့ကြတော့ ထောင်ကျနေတဲ့ ဒေါက်တာထင်အောင်အိမ်မှာ ABSDF က ကျောင်းသားတစ်ယောက် တနင်္သာရီတိုင်းအသွား ငှက်ဖျားဖျားပြီး သတိလစ်နေတယ်။ ဘယ်လိုလုပ်ကြမလဲဆိုတော့ ဘာလက်နက်မှမပါဘူးဆိုရင် ကယ်ကြမယ်လို့ သဘောတူပြီး ကိုသူရစော ထုံးဖိုမျက်နှာကြက်ထဲမှာ အခန်းလုပ်ပေးပြီး ဒေါက်တာအောင်သိန်းနဲ့ ဆေးကုပေးတော့ ပျောက်သွား သည်။ သူ ဆက်ပြီးသွားဖို့ ဝိုင်းဝန်းထောက်ပံ့ပေးပြီး အဖမ်းခံရရင် စစ်ကြောရေးမှာ တစ်ယောက်တော့ဖော်ရမှာ ဘယ်သူတာဝန်ယူမလဲဆိုတော့ ကိုသူရစောက…
“သူ တာဝန်ယူမယ်၊ သူ့ဦးလေးအရင်းက ဗိုလ်ချုပ်ဖြစ်လို့ သူရှင်းနိုင်တယ်” ဆိုပြီး ယူသည်။

ကော့သောင်းအထိ သူ့တာဝန်ကို ကျေပွန်စွာထမ်းဆောင်နိုင်တယ်။ အဲဒီကအပြန် ရန်ကုန်အဝေးပြေးဂိတ်မှာ အဖမ်းခံရတော့တာပါပဲ။ ကိုသူရစောကို တောင်ငူထောက်လှမ်းရေးသုံးက လာခေါ်၊ သူ တာဝန်ကျေစွာပဲ ရအောင် အဆက်အသွယ်လုပ်ပြီး ပြေးခိုင်းတော့ ဝင်းဦးက ပျော်ဘွယ်၊ ကိုမိုက်ကယ်က မိုင်းရှူးအထိ ပြေးတယ်။ သူက သာယာဝတီထောင်ကလွတ်တာ မကြာသေးဘူးလေ။ ကိုစွမ်းက မူဆယ်ထိ။ ကိုယ်၌ကတော့ ရန်ကုန် ဝပ်ကျင်းမှာ ခိုနေလိုက်တယ်။ ရက်လေးဆယ်လောက်ကြာတော့ ကိုသူရစောကို ထောက်လှမ်းရေးက ပြန်လွှတ်ပေးလိုက်တယ်။ သူ့ဦးလေး ဗိုလ်ချုပ်တိုင်းမှူးကြောင့်ပေါ့။ အေဘီကျောင်းသားလေးကိုတော့ ထောင်အနှစ် နှစ်ဆယ် ချလိုက်သည်။

ဒီတခေါက် ဖြူးပြန်တော့ မြေးဟင်းနုနွယ်ရဲ့အစ်မ အရူးမ ဗိုက်ကြီးကြီးနဲ့ တွေ့ရသည်။ ဒါနဲ့ မြေးဟင်းနုနွယ်ကို ခေါ်မေးပါတယ်။
“ဟကောင် မင်းအစ်မ ဗိုက်ကြီးနေတာလား”
“ဟုတ်တယ် အစ်ကိုလေး”
“ဟင် ခေါင်းက လည်တယ်တယ်၊ ခြေကတဖက်ခွင်၊ လမ်းလျှောက်ရင် ထော့ကျိုးနဲ့ ရူးနေတဲ့လူကို ယူတယ်”
“မဟုတ်ဘူး၊ အစ်ကိုလေး ဘုရားနဲ့ရတာ”
“ဘာ ဘုရားနဲ့ရတာ ... ဘယ်ဘုရားလဲ”
“ဗမာဘုရား၊ ကုလားဘုရား၊ တရုတ်ဘုရား၊ ကရင်ဘုရား တစ်ခုခုပဲ”
“မင်းကလည်းကွာ၊ ငရဲတော့ ကြီးကုန်တော့မှာပဲ၊ ပြောစမ်းပါ အမှန်အတိုင်း”
“ဘယ်သိမလဲ အစ်ကိုလေးရယ်၊ အရူးမက သွားချင်ရာ လျှောက်သွားနေတာ။ သူ့လက်ထဲမှာတော့ တခါတလေ ငါးထောင်တန်တွေ တွေ့နေရတယ်။ သူ့မေးရင်လည်း နီးတဲ့လူ လက်ညှိုးထိုးနေတာ”
“ဟာ ရဲတိုင်ရမှာ”
“အဘွားကြီးက ပြောတယ်၊ ဘယ်နှမပေးရဲတွေနဲ့မှ ပတ်ပတ်သက်သက် မလုပ်နဲ့၊ နင့်အစ်မအရင်းက မွေးရင် နင့်တူ တူမအရင်းပဲ၊ ဘုရားပေးတာ ဘုရားနဲ့ရတယ်လို့မှတ်၊ ငါ ကျွေးနိုင်တယ်တဲ့”

ဘာဆက်ပြော ဆက်မေးရမည်ပင် မသိတော့။ သူ့ဉာဏ် သူတို့ခံစားချက်က လူပီသနေပြန်တော့၏။ တစ်လလောက် နေတော့ မွေးပါသည်။ ယောက်ျားလေး၊ မွေးပေးသူက အဘွားဟင်းနုနွယ်၊ အရူးမကတော့ ကလေးမွေးရင်း ဆုံးသွားရှာသည်။ အလောင်းကိုလည်း သူတို့နေတဲ့ စားကျက်ကုန်းတွင်ပင် မြှုပ်ပစ်လိုက်သည်။ အဲဒီနေ့ညမှာပဲ မြေးဟင်းနုနွယ်က ပြောသည်။

“အစ်ကိုလေး”
“ပြော”
“အစ်ကိုလေးတို့ဆိုင်မှာ စားနေ တည်းနေတဲ့ ရန်ကုန်က သစ်ကုန်သည်သူဌေးကလေ ကျွန်တော့်ကို ရန်ကုန် ခေါ်နေတယ်။ လစာလည်း နှစ်ဆပေးမယ်၊ သူ့အိမ်ကို ညပဲစောင့်ရမှာ၊ ဒီမှာလိုပဲ လူကြီးတစ်ယောက် ပါမယ်တဲ့။ ရန်ကုန် ရောက်ဖူးချင်တာရယ်၊ ဂီတာလေးတစ်လက်ဝယ်ပြီး ဂီတာတီးလည်း သင်ချင်လို့၊ အစ်ကိုလေးခွင့်ပြုရင် လိုက်သွားချင်တယ်”

အရပ်ကပုပု အသားကမည်းမည်း၊ ကွမ်းက မပြတ်စားနေရမှ ကိုယ်လုံးက ထန်းပင်ကို ၄ ပေလောက် လှီးထားသလို လက်ချောင်းလေးတွေက ပုပုတိုတို၊ သူ့အဖေ ဘယ်သူလို့လဲ သူမသိ၊ သူ့အမေက ပြောတယ်တဲ့ ဒီမှာ နေနေကြတဲ့ ယောက်ျားတွေထဲက တစ်ယောက်ယောက်ပေါ့တဲ့။ ကုလား၊ ဗမာ၊ ကရင်၊ လူမျိုးကစုံတော့ ဘာလူမျိုးလို့လည်း မပြောနိုင်။ ခက်တော့နေပေပြီ။

“အေး ငါ မေးလိုက်မယ်၊ ဟုတ်ရင် လိုက်သွား၊ ဘယ်လောက် နေမှာလဲ”
“ပျော်သလောက်နေလို့ ပြောတယ်”
“ငါ မင်းဘဝကို အမှန်အတိုင်းပြောလိုက်ရမလား”

သူ တွေသွားပြီး ခေါင်းကို အောက်ငုံ့ထားသည်။ အတော်လေးကြာမှ ....
“မပြောပါနဲ့ အစ်ကိုလေး၊ ကျွန်တော့်ဘာသာပဲ ပြောပါ့မယ်” 

ခေါင်းငိုက်စိုက်နဲ့ သူ့အလုပ်ရှိရာဘက် ထွက်သွားသည်။

(၅)
လေးလလောက်နေတော့ မြေးဟင်းနုနွယ် ဂီတာလေး လက်မှာပိုက်ပြီး ပြန်ရောက်လာပါသည်။ ဂီတာလည်း နည်းနည်းပါးပါးတီးတတ်လာပါတယ်။ ဘာဖြစ်လို့ ပြန်လာတာလဲဆိုတော့ ....

“အစ်မ အရူးမ မွေးထားတဲ့ ကျွန်တော့်တူလေးကို လွမ်းတယ်။ မလွတ်လပ်ဘူး၊ ပျင်းတယ်၊ သွားချင်တဲ့ တိရစ္ဆာန်ရုံတို့ ရွှေတိဂုံတို့လည်းရောက်ခဲ့ပြီ၊ ပြီးတော့ အမှန်တိုင်း သူဌေးရော တချို့ရော သိသွားကြပြီလေ”

သူ ခေါင်းလေး အောက်ငုံ့လို့ပါ။ တနေ့နေ့တော့ သိရမှာပေါ့လေ။ သူ ကံကောင်းနေတာက အသက် နှစ်ဆယ်ကျော်ထိ ရင်သားက မထွက်လာတာဘဲ။ နေတာ ထိုင်တာ စားတာသောက်တာ ပြောတာဆိုတာ ယောက်ျားတစ်ယောက်လို ယောက်ျားစစ်စစ်လိုဖြစ်ပေမယ့် ယောကျာ်းစိတ်ပေါက်နေတဲ့ မိန်းကလေး အပျိုရွယ်လေ။

“အစ်ကိုလေးရာ အဖွားကြီးပြောတာ သိပ်မှန်တယ်”
“ဘာပြောလို့လဲ”
“လီးပါတဲ့ ယောက်ျားမှန်သမျှ ဘယ်မိန်းမမဆို ချချင်တယ်၊ ရှောင်နိုင်မှတဲ့”
“ဟာ… မင်းက ရိုင်းလိုက်တာ”
“အမှန်ပဲ အစ်ကိုလေး။ ပိုက်ဆံတွေ အစ်မလေး အပ်ပေး၊ ကျွန်တော် လိုသလောက် ယူသုံးမယ်၊ အဘွားကြီးက ငွေတွေ အများကြီးကိုင်ထားတာ မကြိုက်ဘူး”
“မင်း လုပ်နေကျအလုပ် ဆက်လုပ်လို့”

ပြောရင်း ကိုယ်၌လည်း လုပ်လက်စ အလုပ်တွေလုပ်ရင်းနဲ့ အချိန်အားဖြင့် ဆရာမောင်မိုးသူ လွတ်ပြီ။ ဆရာမောင်တင်မိုး၊ ဆရာ မောင်ဝံသ၊ ဆရာမ စမ်းစမ်းနွဲ့ (သာယာဝတီ) တို့ လွတ်ပြီ။ ကိုမျိုးမြင့်ငြိမ်း၊ မသီတာ (စမ်းချောင်း)၊ မုံရွာအောင်ရှင်တို့က ထောင်ထဲမှာ။ ဆရာမောင်သော်က၊ မုံရွာတင်ရွှေ၊ ဦးတင်မောင်ဝင်း၊ ဦးမောင်ကို၊ ဦးလှသန်းတို့လည်း ထောင်ထဲမှာ သေဆုံးခဲ့ကြပြီ။

၁၆-၁၁-၁၉၉၅ နေ့မှာတော့ ကြီးတော် (ဒေါ်အောင်ဆန်းစုကြည်) အမှတ် (၅၄) ခြံထဲက အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကိုတက်ရောက်ဖို့ ဖြူးမြို့နယ် NLD ကို ဖိတ်ခေါ်ခံရသည်။ စစ်ထောက်လှမ်းရေးက သူတို့မပြောဘဲ ၁၉၉၀ အမတ် ဦးအောင်သန်းနဲ့ ဦးစိုးမောင်ကို ခရီးမထွက်ရလို့ တားမြစ်မိန့်ထုတ်ထားချိန်။ မြို့နယ်စည်း ဒေသစည်း ကျေးလက်ပါ ပါဝင်စေပြီး ဟိုင်းလပ်ကားတစီး ငှားပြီး ၁၅ ရက်ည သန်းခေါင်လောက်မှ ရန်ကုန်ကို ထွက်ခဲ့ပါတယ်။ မ.ဝ.တ ထောက်လှမ်းရေး ဘယ်သူ့ကိုမှအသိမပေးဘဲ ဖြစ်လာရင် အားလုံးရင်ဆိုင်မယ်ဆိုတဲ့ စိတ်တွေနဲ့ပါ။

ရန်ကုန်ရောက်တော့ ဖြူးက လူဆယ့်ရှစ်ယောက်လုံးကိုယ်၌ ဝပ်ကျင်းလေးမှာ အိပ်။ မနက်အခမ်းအနား တက်၊ ညနေ ၃ နာရီ ကြီးတော်နဲ့တွေ့။ သတင်းပြန်ကြားက မိတ်ဆက်ရမယ့် တာဝန်ယူရတော့ “ကြီးတော်နဲ့ ဖြူးက အဖွဲ့ဝင်များနဲ့ မိတ်ဆက်ပေးပါရစေ” လို့ပြောမိတော့ “ဘာဖြစ်လို့ ကြီးတော်ခေါ်တာတုံး”တဲ့ ချက်ချင်းပါပဲ။
“ကြီးတော်ဆိုတာ ကိုယ့်အမေကိုတောင်ထိန်းရတဲ့ အမေ့ရဲ့အစ်မ အကြီးဆုံးလေလို့” ပြောမိတော့…
“ဪ… တတ်လိုက်တာ၊ ကဗျာဆရာလို့ မပြောရဘူးတဲ့”

ကြီးတော်ရဲ့ နိုင်ငံရေးရည်မှန်းချက်၊ NLD ရဲ့ ရေရှည်မဟာဗျူဟာတွေကို ပြောပါတယ်။ တစ်နာရီသာ ရတာမို့ ပြီးတော့ ကြီးတော်ကို ကန်တော့ကြ၊ ဓာတ်ပုံရိုက်ကြတယ်။ ပဲခူးတိုင်းက ပထမဆုံးတွေ့ခွင့်ရတဲ့ မြို့နယ်အဖြစ် သမိုင်းတွင်သွားပါတယ်။

ဖြူးကို သန်းခေါင်လောက်ရောက်ပြီး တစ်ရက်ခြားတော့ အမတ်နှစ်ယောက်နဲ့ ကျွန်တော့်ကို မ.ဝ.တ နဲ့ ထောက်လှမ်းရေးကခေါပြီး ခြေချုပ် ရန်ကုန်မသွားရ တစ်နှစ် တားမြစ်ပါတယ်။ ခံရုံပေါ့၊ ထောင်ချရင်တောင် ရပါတယ်။ ကိုယ်ကြိုးစားတဲ့လုပ်ရပ် အောင်မြင်လို့ ဝမ်းသာဂုဏ်ယူတယ်။ ရန်ကုန်တော့ မသွားရဘူးပေါ့လေ။
* * *

အပိုင်း (၂) ဖတ်ရှုလိုပါက

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar