Breaking News

စောဝေ - မေ့မရရပြီ စိတ်မှာစွဲ (အခန်းဆက် ဝတ္ထုတို)

စောဝေ - မေ့မရရပြီ စိတ်မှာစွဲ (အခန်းဆက် ဝတ္ထုတို) 
(မိုးမခ) ဇန်န၀ါရီ ၁၀၊ ၂၀၂၂

(၂)
ဝန်ထမ်းက သပိတ်ခေါင်းဆောင်လုပ်လို့ ဆိုပြီး ဆက်သွယ်ရေးက အလုပ်ဖြုတ်ပစ်လိုက်သည်။ ဤသည်ပင်လျှင် အားယူရမည်ဟု စိတ်မှာ ခံစားဖြစ်သည်။ စစ်အစိုးရဆန့်ကျင်ရေး နိုင်ငံရေးလုပ်သဖြင့် စားရ သောက်ရမဲ့။ နိုင်ငံရေးယုံကြည်ချက် မဲ့သွားအောင် လုပ်ခဲ့တာကပဲ မင်းတို့ လုပ်တိုင်း ငါက ဖြစ်စရာလားဆိုတဲ့ မာနနဲ့ ကြိုးစားခဲ့တာ မိဘရိပ်ကလွတ်၊ ကိုယ့်ခွန် ကိုယ့်အားနဲ့ ရပ်တည်နိုင်တဲ့ဘဝ ဖြစ်ခဲ့ပြီ။ ဆရာမောင်သော်က၊ ဆရာမောင်မိုးသူ၊ ဆရာတင်မိုး၊ ဆရာဟံသာဝတီဦးဝင်းတင်၊ ဆရာမကြီးစမ်းစမ်းနွဲ့ (သာယာဝတီ) တို့က ထောင်ထဲမှာ။

ဖြူးမြို့ စာပေဟောပြောပွဲ လာခဲ့ကြစဉ်က ထိစပ်ပြီး လေးစားချစ်ခင်ခွင့်၊ တပည့်ခံ ဘဝခွင့်ရခဲ့သူတွေရဲ့ ပန်းတိုင်ကို နိုင်သလောက် သယ်ပိုးထမ်းရွက်ဖို့ စိတ်နှစ်ပြီး ဖြူးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ စာပေနဲ့နွှယ်တဲ့ တတ်သိပညာရှင်တွေရဲ့ အလုပ်ဖြစ်တဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ကို ယူခဲ့။ ဆိုင်နံရံတွင် ချိတ်ထားသော ကြီးတော်ပုံနဲ့ ဆရာတင်မိုးရဲ့ ကဗျာလေးကို ကြည့်ပြီး တွေးမိတဲ့ အတွေးနဲ့ စဉ်းစားဆင်ခြင်မှု။

“အစ်ကိုလေး အစ်ကိုလေး၊ ရဲကို ဖုန်းဆက်ပေးပါဦး”
“မြေးဟင်းနုနွယ် နေ့ခင်းကြီး ဘာဖြစ်လာပြန်တာတုံး”
“အစ်မ အရူးမ တွေ့လာတာ၊ ပေါက်ပင်မှာ တွဲလောင်းကြီးနှစ်ယောက် သေနေတာ၊ ရဲ ခေါ်ပေး အစ်ကိုလေး၊ ကြောက်စရာကြီး၊ လျှာကြီးတွေထွက်၊ လက်ကြီးတွေ ကွေးလို့”
“ကြိုးဆွဲချတယ်လို့ ပြောတာလား”
“ဟုတ်တယ် ဟုတ်တယ်”

ဒီရွာမှာက ဒီဖုန်းတစ်လုံးပဲ အားကိုးရှိတယ် မဟုတ်လား။ ဆက်ပေးပြီး လှမ်းကြည့်လိုက်တော့ ဟင်းနုနွယ်တို့ ကျူးတမျိုးလုံး အရှေ့ခုံတဲ တရွာလုံး စားကျက်တောအုပ်အစပ်က ပေါက်ပင်လေးဆီမှာ အုံးအုံးကျက်ကျက်။

ရဲကားအပေါ်ကို အလောင်းနှစ်လောင်း ထမ်းလာလို့ ကြည့်လိုက်တော့ အသက်သုံးဆယ် ပတ်ချာလည်လောက်။ တစ်ယောက်သော ယောက်ျားလေးက ညာခြေထောက် ဒူးအထက်နားက ပြတ်၊ မိန်းကလေးက ကိုယ်ဝန် အရင့်အမာနဲ့။ သူတို့ ကြိုးဆွဲချတဲ့ ကြိုးက နိုင်လွန်ကြိုး အသစ်စက်စက်။ သေမှကို ဖြစ်မှာမို့။ အဖြစ်ဆိုးလှပါ့လား ကလေးရယ်လို့ စုတ်သပ်ပြီး ညည်းညူရုံမှတပါးပေါ့။

ညနေကျတော့ အဘွားဟင်းနုနွယ် ဂွေးတောက်ရွက်တွေ လာရောင်းရင်း ဇနီးသည်ကို ဖောက်သည်ချနေသည်။

“အစ်မလေးရေ… ကောင်လေးက စစ်မှုထမ်းဟောင်းကဒ်နဲ့၊ ကောင်မလေးရဲ့ ထောက်ခံစာက အဖေ အမေနဲ့ ကောင်လေးမှတ်ပုံတင်က အဖေ အမေက အတူတူပဲတဲ့။ မောင်နှမချင်း မှောက်မှားတာများ သေစရာလား၊ ငါတို့နဲ့ မတွေ့လို့ တွေ့ရင် ခေါ်ထားတယ်၊ စောက်သေမင်း မခေါ်နိုင်ဘူး”

သူ ပြောတာ ဟုတ်လောက်သည်။ သူတို့ကျူးထဲတွင် ဖြူးမှာ ဇာတ်ကရင်း ဇာတ်ပျက်ပြီး ရောက်လာသူတွေ၊ ရဟတ်လှည့်တဲ့လူတွေ ဘယ်သူလာလာ၊ ဘာလူမျိုးလာလာ၊ မခိုးရ။ အလုပ်တခုခုတော့ လုပ်ပေးရသည်။ ရောနှောနေထိုင်ရင်း လူမျိုးစုံ ကြာတော့အမျိုးတွေ တော်ကုန်ကြသည်မှာ အမြဲလိုပင်။

“ရဲစခန်းကို မြေးဟင်းနုနွယ်ကို ထည့်ပေးလိုက်ရတယ်၊ စတွေ့တဲ့ အရူးမက ဘာပြောနိုင်မှာလဲ။ စောက်ကောင်မ ပိုတောင် ရူးသွားသေးတယ် အစ်မလေးရေ”

သူ အလွန်ကြောက်သော၊ အလွန်ချစ်သော မြို့လေးတမြို့ရဲ့ အချမ်းသာဆုံး၊ အချောဆုံး အလှဆုံး ကျွန်တော့်ဇနီးနှင့် ပြောနေသည်ပင်လျှင် ထိန်းသိမ်းပြောသည့်ကြားက အဆဲလေးက ပါလိုက်သေးသည်။ သောက်ထားတဲ့ အရက်နံ့ရော ရေမချိုးတာရောကြောင့်ထင်၊ ဇနီးသည် နှာခေါင်းလေးပိတ်လို့ ပိုက်ဆံပေးနေသည်ကို တွေ့ရသည်။

“ရေချိုးတယ် ဆိုတာကို အရေးတယူလုပ်ပြီး မချိုးတာဟေ့၊ စိတ်ကူးရရင် ရသလို ဖြူးချောင်းထဲ တစ်နာရီ နှစ်နာရီ စိမ်ချိုးတယ်၊ စောက်ဂျီးက နင်တို့ပဲများတာ ငါမများဘူး” ဆိုပြီး တခါက စကားပြောဖူးသည်။ လူကသာ အဲဒီလိုနေပေမယ့် ဆိုင်အတွက် သူတို့ရှာလာတဲ့ မာလာဖူး၊ ဖလံတောင်ဝှေး၊ ဇရစ်ဖူး၊ ဆူးပုတ်၊ လယ်ကန်စွန်း၊ မှိုနတို၊ ငါး၊ ဖါး၊ ငါးရှဉ့်၊ လယ်ကြွက်၊ ပုရစ်တို့ဟာဖြင့် သန့်ပြန့်ပြီး အမြဲလတ်ဆတ်နေလေ့ရှိသည်။

မနက်ကျတော့ ဈေးဝယ်ပြန်လာသော အကြော်ဆရာ၊ ထမင်းချက်၊ တည်းခိုခန်း မန်နေဂျာတို့ထံမှ ဇာတ်လမ်းက မျိုးစုံကြားရတော့သည်။ ဖြူးဘူတာက ရေစင်အောက်မှာ နေနေတာ တပတ်လောက်ရှိပြီ။ မြို့က မဟုတ် ဧည့်သည်။ လင်ကောင်မပေါ်တဲ့ ညီမကို အစ်ကို ဒုက္ခိတကြီးက တောင်းကျွေးနေတာ စသည်ဖြင့် ဇာတ်က နာသည်ထက် ပိုနာလာကြတော့သည်။ ကိုယ်၌ကတော့ စစ်အစိုးရဆိုတဲ့ ခေတ်ဆိုးကြီးက သတ်လိုက်တာဟုပင် ပြောချင်သည်။

(၃)
“ဆိုင်ထဲကလူတွေရော အိမ်ကလူတွေပါ တစ်ယောက်မှ အပြင်မထွက်ကြပါနဲ့၊ တပ်မတော်သားတွေနဲ့ ရဲတွေ တခြံလုံးကို ဝိုင်းထားပြီးပါပြီ၊ ဦးစောဝင်း ဆိုသူ ထွက်လာပါ။ ကျွန်တော် တောင်ငူထောက်လှမ်းရေးတပ်က တပ်ဆွယ်မှူး ဗိုလ်ကြီးချိုထွန်းပါ”

ရိန်းဂျားစစ်ကားကြီးနှစ်စီးနဲ့ တပ်နဲ့ ရဲတွေ လက်နက်အပြည့် မောင်းတင်သူက တင်။ စစ်ကားမောင်းလာတဲ့ နှစ်ရစ်နဲ့ ယာဉ်မောင်းက ကျွန်တော်နှင့် အတော်ရင်းနှီးသူ၊ စာဖတ်သူ။ သူ့မျက်နှာ လုံးဝမကောင်း၊ ကျွန်တော့်အတွက် စိတ်ပူနေပုံပင်။ ဗိုလ်ကြီး ဆိုသူထံ သွားလိုက်သည်။

“ကျွန်တော် ဦးစောဝင်းပါ”
“NLD ရဲ့ မြို့နယ်သတင်းပြန်ကြားဆိုတာ ဟုတ်လား”
“ဟုတ်ပါတယ်”
“အထက်အမိန့်အရ အိမ်ကိုရှာရပါမယ်၊ ရှေ့တန်းတနေရာမှာ မိထားတဲ့ ကျောင်းသားတပ်ဖွဲ့ရဲ့ စစ်ဆေးချက် ဖော်ထုတ်ချက်အရ ရှာမှာပါ၊ ရဝတ ခေါ်ခိုင်းထားပါပြီ”

အခြားအဆင့်လား၊ အရာရှိလား မသိဘူး။ အရပ်ဝတ်နှစ်ယောက်က တဖက်တချက် လက်ကိုဆွဲပြီး အဖေ့ ဆန်စက်ထဲ ခြံအနောက်ဘက်ကို ခေါ်သွားသည်။ ည ၈ နာရီခန့် ဆိုင်မှာကလည်း လူအပြည့် ရုတ်ရုတ်သဲသဲတွေ ဖြစ်ကုန်သည်။ စားသုံးသူတွေလည်း ထိတ်လန့်ကုန်ကြ။ ဆန်စက်ထဲရောက်တော့ တိုင်မှာထိုင်ပြီး လက်ပြန် လက်ထိတ်ခတ်လိုက်သည်။ ရဲနဲ့ စစ်တပ် ဗြောင်းဆန်အောင် ရှာကြတော့သည်။ အဓိကရှာတဲ့နေရာက နောက်ခြံစည်းရိုးကပ်လျက်က မီးသွေးဂိုဒေါင်။ အခန်းထဲက ကလေးအဝတ်အစားတွေပါ မကျန် မျက်နှာကြက်ပေါ် ရှာတော့ ၈၈ အရေးအခင်းက ထုတ်ဝေခဲ့တဲ့ ဖြူးသတင်းစာနဲ့ ဦးအောင်ကြီး ၄၂ မျက်နှာ အထောက်တော် သတင်းဂျာနယ်သုံးစောင်။ လူ့အခွင့်အရေးကြေညာစာတမ်း၊ NLD ရပ်ကျေးအဖွဲ့ဝင်စာရင်းတွေ သိမ်းသွားသည်။ သူတို့ပါတဲ့ စက်တွေနဲ့ပေါက်ပြီး ပြောစကားအရ ABSDF အတွက် လက်နက်တွေ ဝှက်ထားတာ ဖော်ထုတ်ရရှိလို့ ကျွန်တော့်အိမ်၊ လေသာကျောင်း၊ ဒိုင်းဆေးလိပ်ခုံ သုံးနေရာကို တပြိုင်နက် ဝင်ရှာတာပါ။

သုံးနေရာလုံးကလည်း NLD အမာခံတွေပါ။ ည ၁၂ နာရီထိုးတဲ့ထိ ဘာမျှ မတွေ့။

“ဦးစောဝင်းကို မေးမြန်းဖို့ ခဏခေါ်သွားရပါမယ်”
“ဗိုလ်ကြီး ဖမ်းတာလား”
“အန်ကယ့်သမက်ကို မေးမြန်းစစ်ဆေးဖို့ ရှိပါတယ်”

အဖေလုပ်သူက ဗိုလ်ချုပ်တစ်ယောက် နာမည်ကို ပြောပြီး ဆွေမျိုးအရင်းတော်ကြောင်း ပြောတာ ကြားပါတယ်။ မျက်နှာကို အဝတ်စည်းပြီး ကားပေါ်တင်ပါတယ်။ မိန်းမနဲ့ ကလေးကို နှုတ်ဆက်ချိန် စကားပြောချိန်တောင် မပေးပါဘူး။ ကားက မိနစ်ပိုင်းပဲ မောင်းတာဆိုတော့ ဖြူးမြို့ထဲက သနက-၆ စစ်တပ်ထဲလို့ ထင်မိပါတယ်။ 

လက်နောက်ပြန် လက်ထိပ်ခတ်ရက် မျက်နှာမှာ အဝတ်စီးရက်နဲ့ တစ်ယောက်ပြီးတစ်ယောက် မေးပါတယ်။ 

“ကိုယ်ရေးရာဇဝင် ဖြူးက ကျောင်းသားတွေ တောမခိုခင် ဒီအိမ်မှာ မင်းနဲ့ လာတွေ့တာ ဟုတ်လား”
“ဟုတ်တယ်”
“ဘယ်သူတွေပါလဲ၊ မောင်အေး၊ မာလာ၊ မျိုးအောင်၊ ဖိုးဇော်။ ဒါပဲလား”
“ဒါပဲ” 
“ဘာတွေ ပြောလဲ”
“သူတို့ လက်နက်ကိုင်လမ်းစဉ် သွားချင်တယ်၊ သဘောထား မေးတယ်။ ငါက လက်နက်ကိုင်လမ်းစဉ် မယုံကြည် မသွားစေချင်ဘူး။ ဒီမိုကရေစီ တကယ်လိုချင် စစ်ထဲသာဝင်၊ မင်းတို့ အရာရှိဖြစ်မယ်၊ မင်းတို့လို ပညာတတ်တွေ ဦးဆောင်တဲ့တပ် ဖြစ်ရင် တို့ လိုချင်တဲ့ ဒီမိုကရေစီပန်းတိုင်ရောက်မယ် ဒါပဲ ပြောတယ်။ ကျွန်တော်နဲ့ သဘောထား ကွဲကြတယ်။ အဲဒီနောက်ပိုင်း ဘာအဆက်အသွယ်မှ မရှိ”
“ပါတီကရော ဒီအဖွဲ့တွေနဲ့ အဆက်အသွယ်လုပ်ဖို့ တာဝန်ပေးတာရှိလား”
“မရှိဘူး”

မနက် ၅ နာရီထိ လူတွေ ပြောင်းသွားတယ်၊ မေးခွန်းနဲ့ အဖြေ အတူတူပဲ။ ကျောင်းသားတွေနဲ့ တကယ်တွေ့တုန်းက သူငယ်ချင်း ဖွဲနုဆီစက် စက်ရုံမှူး မောင်ကိုကြီး ပါတယ်။ မပြောဘဲ ချန်ထားလိုက်တယ်။ လက်ထိတ်ကို ရှေ့ပြောင်းခတ်ပြီး သူတို့လည်း အိပ်ချင်လို့နဲ့ တူတယ်။ အိပ်ပါလို့ ပြောတယ်။ ရေတဘူး ပေးတယ်။ မျက်နှာစည်းထားတာ ဖြေပေးတယ်။ အိပ်လို့ရတုန်း အိပ်ထားမှ ဖြစ်မယ်ဆိုပြီး အိပ်လိုက်တယ်။

မနက် ၈ နာရီလောက်မှ ဆူသံတွေကြောင့်  နှိုးလာတယ်၊ အခန်းထဲက အပြင်ထွက်ကြည့်တော့ ဆားဂွန်းရွာက ကုလား သုံး လေးယောက် တွေ့တယ်။  သိနေတဲ့ ဆရာကြီးကို ဆရာကြီး အိမ်သာသွားချင်လို့ ပြောတော့ လက်ထိတ်ဖြုတ်ပေးပြီး အောက်ကခြံထဲက အိမ်သာကို သွားတယ်။ အောက်က စားပွဲဝိုင်းမှာ ဗိုလ်ကြီး ဆိုသူနဲ့ အရပ်ဝတ် မျက်နှာစိမ်းထောက်လှမ်းရေးတွေ တွေ့တယ်။ အဲဒီတော့မှ မြို့မအရှေ့ရပ်ကွက် ငါးလမ်းထဲက ထောက်လှမ်းရေး-၃ က ငှားပြီး  ရုံးဖွင့်ထားတဲ့နေရာမှန်း သိတယ်။

အိမ်သာတက်ပြီး အိမ်ပေါ်ပြန်တက်၊ လှမ်းနှုတ်ဆက်တဲ့ ကုလားနဲ့ စကားပြောဖြစ်တယ်။ စားပွဲမှာ လာထိုင်ဆိုလို့ ခုံမှာ ထိုင်မိရုံရှိသေး၊ သနပ်ခါးတုံးလား၊ ပုလင်းအလွတ်တလုံးလား မသိတာနဲ့…

“ဟေ့ကောင် ကုလား၊ မင်းကို ဘယ်သူက စကားပြောခိုင်းလို့ ပြောရတာလဲ” ဆိုပြီး လှမ်းပစ်တာ ဆားဂွန်းက ဟိန္ဒူကုလား မျက်နှာတည့်တည့်ထိပြီး သွေးထွက်သွားတယ်။

လှည့်ကြည့် လိုက်တော့ မျက်လုံးတော့ မထိဘူး။ ကျန်ကုလားနှစ်ယောက် ကိုယ်တွေ ဒူးတွေ တုန်နေပြီ။ ညက စစ်တဲ့ လူတွေ မဟုတ်တော့ဘူး။ သူက လူသစ်၊ ဆရာကြီးလို့ ဝိုင်းခေါ်ကြပုံနဲ့ အရွယ်အရ အရာခံဗိုလ်လောက် ဖြစ်မယ် ထင်တယ်။ ဆိုးလိုက်တဲ့ ရုပ်က မျောက်ကို ကားကြိတ်ထားတဲ့ မျက်နှာနဲ့။

“ကုလားတွေ အောက်က တန်းလျားမှာစောင့်၊ ဘယ်မှမသွားနဲ့၊ လာခဲ့မယ်။ ခင်ဗျားအဖေက မ.ဝ.တ ဥက္ကဋ္ဌနဲ့ သက်ညှာဖို့ပြောထားလို့ လက်ထိပ်တွေ ရိုက်တာနှက်တာတွေ မလုပ်ချင်ဖူး၊ ဗျူဟာမှာ မိတဲ့ကောင်က ဖော်ထား ပြီးပြီ၊ အေးအေးသက်သာ အမှန်ပြောပါ”

ခုန ကုလားကို မျက်နှာပစ်လိုက်တာ ကိုယ့်ကို ဆိုက်ကိုသုံးတာ သိလိုက်ပြီ။ ဘာမှမထူး။ ညက မေးခွန်း ညက အဖြေပဲ။ ဒါ အမှန်ပဲလေ၊ ဘာမှ မသိဘူး။ ပါတီကိစ္စပဲ သိတယ်။ သိပ်ကြည်လင်ပုံမရ။ လက်ထိတ်တော့ ပြန်မခတ်၊ မျက်နှာလည်း အဝတ်မစည်းတော့။ ပြတင်းပေါက်တွေ မဖွင့်ပါနဲ့၊ အောက်ကိုလည်း မလာနဲ့၊ ဟိုကုလားတွေ စာရင်းရှင်းလိုက်ဦးမယ် ဆိုပြီး ဆင်းသွားသည်။ ရေတဘူးတော့ စားပွဲပေါ်မှာရှိသည်။ အပြင်က သော့ခတ်သွားသည်။

ကြမ်းပြင်မှာ ပက်လက်လှန်လိုက်၊ အိပ်လိုက်၊ ထိုင်လိုက်၊ ဗိုက်က ဆာသဖြင့် ရေတဘူးလည်း ကုန်ပြီ။ တောင်းပန်သလို ဖြစ်မည်စိုးသဖြင့် ဆာတယ်လို့လည်း မပြောချင်။ အောက်ထပ်က ထိုးသံ ကြိတ်သံ ရိုက်သံတွေ ကြားသည်၊ ငိုသံပါ ကြားလာရသည်။ စကားသံတွေက မသဲကွဲ။ မိန်းမတစ်ယောက်က ကျယ်ကျယ်ဖြင့် ထောင်လှမ်းရေးဗိုလ်ကြီးဆီက အရက်ချက်လိုင်စင် လာဝယ်နေသံလည်း ကြားသည်။ နေ့လယ် နှစ်နာရီမှာ ခေါက်ဆွဲတထုပ်နဲ့ ရေတဘူး လာပို့သည်။ မမြင်ဖူးသည့် လူစိမ်းပင်။ တောင်ငူတပ်ဆွယ်က ဖြစ်မည် ဖြူး စစ်ထောက်လှမ်းရေးက အကုန်သိသည်။ ပြန်ဆင်းသွားသည်။ ဗိုက်ဆာနေသဖြင့် စားလိုက်သည်။

နိုင်ငံရေးအကျဉ်းသားဟောင်း စီနီယာ ကိုမိုက်ကယ်၊ မိုးသီးဇွန်ဆီက စာရွက်တစ်ရွက်ထဲ ရန်ကုန်ဘူတာကြီးမှာ မိတုန်းကတောင် ထောင် ၇ နှစ် ချသည်။ ၇ နှစ်တော့ အနည်းဆုံးပဲ ဆိုပြီး တစ်နှစ်မပြည့်သေးတဲ့ သမီးငယ်လေးကို လွမ်းမိသည်။

ညနေ ၆ နာရီ အပုပ်ချိန်ကျမှ သုံးယောက် တက်လာသည်။ ခုံကို တိုင်နားကပ်ပြီး ထိုင်ခိုင်းသည်။ မျက်နှာကို အဝတ်စည်းလိုက်သည်။ လက်ကို လက်ပြန် တိုင်နဲ့ပိုက်ပြီး လက်ထိတ်ခတ်လိုက်သည်။ ပါးစပ်ကလည်း ပြဿနာတွေအားလုံးက ကုလားမ NLD က စကားချည်းဘဲ။ လူတွေ NLD သာ မဝင်ထားရင် ဘာစောက်လုပ်မှ မရှုပ်ဘူး။ စောက်ကုလားတွေလည်း အတူတူပဲ။ ကုလားမ ဆိုတာ ကြီးတော်ကို တမင်ပြောသော စစ်တပ်သုံး စကား၊ ရိုင်းကြပြီ။

“ဒီမယ် ဟေ့ကောင်၊ မင်းကို တချိန်လုံး လူလိုသူလို မေးခဲ့ပြီးပြီ၊ ငါတို့မှာ နည်းတွေအများကြီး၊ အသား အနာခံမလား၊ ပြောမလား”
“ကျွန်တော် ရှေ့မှာ ပြောခဲ့တာ အကုန်ပဲ။ ပါတီကိစ္စပဲ သိတယ်။ လက်နက်ကိုင်ကိစ္စ မသိဘူး။ လက်နက်ကိုင် လမ်းစဉ်ကို မယုံကြည်ဘူး။ ပါတီစုံ ဒီမိုကရေစီကိုတော့ ယုံတယ်”
“ဒါပဲလား”
“ဒါပဲ”
“ဒါထက်မကတာတွေ ထွက်လာစေရမယ်”

ဘယ်ဘက်နား အောက်ခြေအခွက်လေးထဲကို ဘော့ပင်နဲ့ထိုး သည်။ တဖြည်းဖြည်း တိုးတိုးပြီး ထိုးတော့ လူကနာလို့ လည်သွားပြီး ခုံပေါ်က ပြုတ်ကျသည်၊ ဆက်ထိုးသည်။ ဆယ်မိနစ်ကျော်တော့ ...

“ဟေ့ကောင် ပြောလေကွာ၊ လက်နက်တွေ ဘယ်မှာထားလဲ”
“မသိဘူး၊ ပြောစရာ မရှိဘူး”

ဆက်ထိုးသည်၊ ချွေးတွေရော၊ သေးတွေရော၊ မျက်ရည်ကလွဲလို့ နာလွန်းလို့ အကုန်ထွက်ကျကုန်သည်။ ကိုယ်ကို မလိမ်ထားဘဲ တိုင်နဲ့တည့်လိုက်ရင် အသည်းခိုက်အောင် နာသဖြင့် ကိုယ်က လိမ်ထားရသဖြင့် နေ့လယ်က စားထားသော ခေါက်ဆွဲများ အန်ထွက်ကုန်ပြီ။ ဘာမျှ မပြောနိုင်တော့။ အဲဒီအချိန်မှာဘဲ ဘုရားသခင်ရဲ့ တမန်တော်အသံလား ထင်ရတဲ့…

“ဆရာကြီး ဗိုလ်ကြီးက ရပ်ပြီး အောက်ဆင်းခဲ့ပါတဲ့”

လူတကိုယ်လုံး မြင်မကောင်းတော့။ အန်ဖတ်တွေ၊ ချွေးတွေ၊ သေးတွေနဲ့။ အိမ်တိုင်မှာ လက်ထိတ်တန်းလန်းနဲ့ ထောင်အမြန်ချပါစေတော့လို့သာ ဆုတောင်းနေရတော့သည်။

ည ၈ နာရီလောက်ကျတော့ မီးလာဖွင့်ပြီး…
“ရေချိုးခန်းထဲမှာ မျက်နှာလေး ဘာလေး သစ်လိုက်ဦး။ မင်းယောက္ခထီး စောင့်နေတယ်” ဆိုတဲ့အသံနဲ့ ဆရာကြီး လာခေါ်တယ်။ သန့်ရှင်းရေးလုပ်ပြီး အောက်ထပ်ဆင်းလိုက်တော့ ခြံရှေ့မှာ အဖေ့ကား။ အဖေက ဗိုလ်ကြီးနဲ့ စကားပြောနေရင်း တွေ့တော့..

“မောင်စောဝင်း… လာ အိမ်ပြန်မယ်” ဟု ကားပေါ်တင်ပြီး အိမ်ခေါ်လာသည်။

အိမ်ရောက်တော့ ဇနီးက သမီးငယ်လေးကို နို့တိုက်လျက်။ မျက်ခွံတွေမို့ မျက်လုံးနီလို့။ ဖမ်းသွားကတည်းက ငိုနေပုံရသည်။ ယခုတော့ မငိုတော့။ အိပ်နေတဲ့ သမီးငယ်လေးကို ယူပွေ့ပြီး နမ်းလိုက်သည်။ နှစ်နှစ်ကျော် သမီးကြီးက သူ့အထိန်းနဲ့ ခွေးလေးနဲ့ ဆော့နေသည်။ လက်ထဲက ကလေးကို အိမ်ဖော်လေး လာယူသွားသည်။

“မောင် ဘာမှမဖြစ်ဘူးနော်”
“ဘာမှမဖြစ်ဘူး ချမ်း”
“အဖေ အစွမ်းကုန်ပဲ၊ မိုးလင်းတာနဲ့ မ.ဝ.တ ဗိုလ်မှူးဆီ သွား၊ တောင်ငူကို ဖုန်းဆက်၊ ရန်ကုန်ကို ဖုန်းဆက်၊ နောက်တော့ တောင်ငူက ဒုတိုင်းမှူးဆီ သွားလိုက်မှ ရတာ”
“ထင်တယ် ကျန်တဲ့လူတွေ တနေရာစီမှာ လွှတ်ပုံမပေါ်သေးဘူး”
ဘယ်ဘက်နားက ဒဏ်ရာမြင်မှာစိုးသဖြင့် အဲဒီဘက်မလှည့် ....
“မောင် ဘာဆက်လုပ်မလဲ”
“ချမ်း ဘာဆက်လုပ်စေချင်သလဲ”
“မောင် ချမ်းတို့ သမီးတွေက သိပ်ငယ်သေးတယ်၊ ကျောင်းတောင် မနေရသေးဘူး၊ စီးပွားရေးက အခြေကျစတက်စဆိုတော့ မောင် လုပ်ချင်ရာလုပ်ပါ၊ ချမ်း သဘောတူပါတယ်”
“ပါတီက ထွက်စေချင်ကြတာ။ ဒါကြောင့် အဓိက ချမ်းသာတဲ့လူတွေ သြဇာရှိတဲ့လူတွေကို ဖမ်းပြီး အကျပ်ကိုင်တာပဲ၊ ကိုယ့်ဆရာ၊ ဆရာမတွေလည်း ထောင်ထဲမှာကွာ၊ ပါတီကတော့ မထွက်ချင်ဘူး၊ အဖေက ရှောင်နေဖို့ ကားထဲမှာ ပြောလာတယ်။ မနက်မလင်းသေးခင် ရထားနဲ့ဖြစ်ဖြစ် ရိုးမအရှေ့ကားနဲ့ဖြစ်ဖြစ် ရန်ကုန် သွားမယ်၊ ရန်ကုန်ကျတော့ သံရုံးတွေ၊ မီဒီယာတွေ အင်အားကြီးတော့ နယ်လို့ ရမ်းလို့ မရဘူး၊ မောင့်ကိုလည်း မသိကြဘူးလေ။ ဒီမြို့လေးမှာတော့ ဘာအလုပ်လုပ် သိသာနေတာ”
“မောင့်သဘောပါပဲ၊ ရောက်တာနဲ့ အခု ပေါ်နေတဲ့ ဆယ်လူလာလက်ကိုင်ဖုန်းတစ်လုံး ရအောင် ဝယ်လိုက်နော်၊ နောက်ပြီး မြေညီထပ် တိုက်ခန်းလေးလည်း ရှာထား၊ ချမ်းတို့ သားအမိတွေ သွားသွားလာလာ လုပ်တာပေါ့”

တညလုံး ညာဘက်ပဲ စောင်းအိပ်လို့ရတယ်။ ဘယ်ဘက်နားအောက်က နီရဲပြီး သွေးစို့ထွက်နေပြီ။ ဇနီးကို အသိမပေး။ သူ စိတ်ပူနေမှာ စိုးသည်။ မနက် ၄ နာရီမှာထပြီး အိပ်ပျော်နေတဲ့ သမီးလေးနှစ်ယောက်ကို နမ်းပြီး နှုတ်ဆက်။ မိန်းမက အိမ်ရှေ့ထိ ပို့ပေးပြီး ဆင်ပေါက် ဆိုက်ကားနဲ့ ဘူတာဆင်းဖို့ ပြင်တော့။

“ကိုယ်မေကိုယ်လိုးတဲ့ မအေလိုးတွေ စောက်လုပ်စောက်ကိုင်က မရှိ၊ သူများသားသမီးကို နှိပ်စက်။ အဲဒီလို ထင်ရာမြင်ရာ နှိပ်စက်ဖို့ ဖွဲ့ထားတာ မဟုတ်ဘူး၊ ကိုယ့်နှမကို နောက်ကျွမ်းပစ်လိုးတဲ့ကောင်တွေရဲ့”
“ဆင်ပေါက် အဖွားဟင်းနုနွယ် ကြမ်းလှပါလား”
“နေ့လယ်တောင် မနားဘူး၊ အစ်ကိုလေးကို ဖမ်းသွားတာ မြေးဟင်းနုနွယ်က ပြောလို့ သိပြီး၊ သံလမ်းပေါ် ယူနီဖောင်းနဲ့ ဖြတ်တာ မြင်တာနဲ့ ဆဲတော့တာပဲ”
“ဪ သွား သွား၊ ငါ အိမ်ပြန်ရောက်ပြီလို့ သွားပြောလိုက်ဦး မြေးဟင်းနုနွယ်”

မနက် အမြန်ရထားအစုတ်ကို ဒဏ်ရိုက်ခံပြီး ရန်ကုန်ကို ရှောင်ထွက်ခွာလိုက်သည်။

ဆက်လက်ဖော်ပြပါမည်။

အပိုင်း (၁) ဖတ်ရှုလိုပါက


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar