Breaking News

လင်းလက်နွေဦး - အမှောင်နေထဲ နေသားမကျနိုင်ဘူး

လင်းလက်နွေဦး - အမှောင်နေထဲ နေသားမကျနိုင်ဘူး
(မိုးမခ) ဇန်န၀ါရီ ၁၂၊ ၂၀၂၂

တစ်ခါက နယ်မြေတစ်ခုမှာ တာဝန်ကျခဲ့တုန်းကပေါ့၊ ဆောက်လက်စ အဆောက်အဦးကြီးတစ်ခုထဲမှာ နေခဲ့ရတယ်။ အရင်အုပ်ကြီးလက်ထက်တုန်းက စဆောက်ခဲ့တယ်၊ အစိုးရဌာနတစ်ခု ခွင့်ပြုအောင် ကြိုးစားခဲ့တယ်။ အဲအုပ်ကြီးပြုတ်လို့ နောက်အုပ်ကြီးလက်ထက်မှာ တိုးလို့တန်းလန်းပေါ့လေ။ နောက်အုပ်ကြီးကလည်း ရန်ပုံငွေတွေက သူကိုင်တာမဟုတ်လို့ ဆက်မလုပ်နိုင်။ အရင်အုပ်ကြီးကလည်း စာရင်းနဲ့တကွအပ်ထားပြီမို့ သူနဲ့မဆိုင်။ နောက်အုပ်ကြီးကလည်း ရန်ပုံငွေကလည်း စာရင်းထဲမှာ အသုံးပြထားတာ ကုန်သလောက်ရှိနေပြီ၊ ကွမ်းဖိုးလောက်ပဲကျန်တော့တာမို့ အဲအတိုင်းထားရမှာပဲတဲ့လေ။ အဲလို သပွတ်အူ အဆောက်အဦးကြီးမှာ အများရွှင်တဲ့ နှစ်ပါးခွင် ကနေရတယ်ပေါ့။

ရောက်ရောက်ချင်း ဖုန်တစ်လက်မထုလောက်ကို ရှင်းထုတ်ရတာပါပဲ။ ကြိုဆိုပုံက ရှယ်ပဲနော်။ အဲ ဘယ်သူမှမလာကြဘူး၊ လူတွေက နှစ်ဖွဲ့ကွဲနေတာကိုး။ အုပ်ဟောင်းနဲ့ အပေါင်းအပါများက လာလေမလား။ အုပ်သစ်နဲ့ အချစ်တော်များက အားပေးမလား။ နှစ်ဖွဲ့က အချင်းချင်းစောင်နေပြီး ကြားထဲကလွတ်သွားတယ်ပေါ့။ ငှားလာတဲ့ ကားသမားနဲ့စပယ်ယာကတောင် အခမဲ့ကူလီထမ်းပြီး ပြောသွားသေးတယ်။ ဆရာတို့တော့ ဘယ်သောင်ဘယ်ကမ်းဆိုက်တော့မလဲ မသိဘူးတဲ့လေ။ အရင်ရောက်နှင့်နေတဲ့ ပင်စင်နားနီး အစ်မကြီးခမျာ မျက်နှာနာနာနဲ့ ဝိုင်းကူလာတယ်။ လုပ်ကူရင်း အထက်ပါဇာတ်လမ်းကို ရှင်းပြတယ်ပေါ့၊ အုပ်ဟောင်း အုပ်သစ် ဇာတ်လမ်း။ 

ဆောင်းတွင်းဆိုတော့ တောင်ဘက်ခန်းတစ်ခန်းကို အိပ်ခန်းလုပ်၊ တစ်ခန်းကို စားဖိုဆောင်၊ အဝင်ပေါက်နဲ့ တန်းတန်းကို ရုံးခန်း၊ မြောက်ဘက်ခန်းနှစ်ခန်းက အစ်မကြီးနေတယ်။ ဝန်ထမ်းအိမ်ရာက ဖောင်ဒေးရှင်းချ၊ တိုင်ထောင်ထားရုံပဲ ရှိသေးတယ်လေ။ အဲတော့ ရုံးခန်းထဲ လုံးနေရတာပေါ့။ ရုံးခန်းကလည်း အကြမ်းထည်ပဲပြီးသေးတာ၊ အချောကိုင်လို့ တန်းလန်း၊ အရောင်အဆင်းမရှိ၊ ခေါင်တောင် မအုပ်ရသေးဘူး။ ထားပါတော့၊ နယ်စပ်ဒေသ ဝေးလံခေါင်သီတွေဆိုရင် ဝါးတဲသက်ကယ်မိုးကိုတောင် ရုံးလုပ်ရသေးတယ် မဟုတ်လား။ 

နောက်ရက် မိုးလင်းတော့ မဲမဲလုံးလုံး လူတစ်ယောက်နဲ့ ပိန်ပိန်ပုပု လူတစ်ယောက်က လာမိတ်ဆက်တယ်။ ဆရာရောက်နေတာ မသိလိုက်လို့၊ ဘာညာ၊ လိုတာရှိရင် ပြောပါ၊ ဘာညာပေါ့လေ။ အဲဒီ မဲမဲလုံးလုံးက အုပ်ကြီးတဲ့၊ နောက်ပိန်ပိန်ပုပုက ရပ်မိ ရပ်ဖတဲ့။ နာမည်မေး၊ မိတ်ဆက်၊ ကျေးဇူးတင်ကြောင်း ပြောလိုက်ရတယ်။ နာမည်က ဇော်ပါတော့၊ ‘ဇော်မဲလုံး’ လို့ အလွယ်မှတ်ထားကြပေါ့။ ခုခေတ် ဇော်မဲလုံးနဲ့ အတော်တူတယ်၊ သူလည်း ရုပ်သေးအုပ်ကြီးပဲ။ ရွာက ကစားသမားတွေပေါတယ်၊ သစ်စက်တွေ ရှိတယ်၊ အရင်က ‘ငါးမန်း’ ခေတ်ထလိုက်သေးတယ် မဟုတ်လား၊ အဲလိုစက်မျိုးတွေတောင် ရှိတယ်။ ကလေးတွေတောင် အပျင်းပြေ ဖဲရိုက်တမ်း၊ ဂျင်လှည့်တမ်းကစားတဲ့ရွာပေါ့။ အဲတော့ အရင်အုပ်ကြီးက ထစ်ကနဲရှိ ထတိုင်တတ်တဲ့ ဆန်းဆန်းတင့် လူ။ ပိုက်ဆံထက် ‘ဂုဏ်’ မက်တဲ့လူဆိုတော့ ရွာနဲ့ ကီးမကိုက်ဘူး။ ဒီတော့ ဆင်ရှင်မရှင်တွေက ယောအတွင်း ဝန်တွေနဲ့တိုင်ပင်ပြီး ဇော်မဲလုံးကို အုပ်ကြီးဖြစ်အောင် လုပ်ကြတော့တာပဲ။ အုပ်သစ်က ယောက္ခမအိမ်မှာ ဖဲဝိုင်းထောင်၊ သူကိုယ်တိုင် ဖဲမြင် ဖင်မြဲနေလေရဲ့။

အဲလိုအုပ်ကြီးနဲ့ ဘော်ဒါကြီး လာရောက်မိတ်ဆက်၊ ကိုယ်ကလည်း အဟုတ်မှတ်ပြီး တေးမှတ်ထားမိတယ်။ ဒါပေမယ့် ဘာပြောလိုက်ပြောလိုက်၊ အရင်ကလို တစ်အိမ်ဘယ်လောက် ပိုက်ဆံကောက်လို့ မရကြောင်း၊ အရင်အုပ်ကြီးကလည်း ရန်ပုံငွေမချန်ခဲ့ကြောင်း၊ အလှူရှင် ရှာရမည်ဖြစ်ကြောင်း…. အပ်ကြောင်းထပ်နေပြီ။ အုပ်ကြီးက ဝူးဝူးဝါးဝါး၊ စကားလေးလုံးမကွဲဘူးရယ်၊ ဘေးက အုပ်မြှောင်ကချည်းပဲ ပြောနေတာရယ်။ သူပြောတဲ့တစ်ခွန်းကို ခုထိမမေ့သေးဘူး။ နွေရောက်တော့ တအားပူတာကိုး၊ ရှမ်းပြည်မှာ လေးငါး ဆယ်နှစ်လောက်နေခဲ့ရတဲ့သူက ဒီလိုပူပြင်းခြောက်သွေ့တဲ့ဒေသကို ရောက်လာတာလေ။ နေ့ဆို အပေါ်ပိုင်းဗလာနဲ့ ယက်တောင် တဖျပ်ဖျပ်။ ညဆို အပေါက်မှန်သမျှ ဟောလောဖွင့်ထားတာတောင် မိုးလင်းပိုင်းလောက်မှ အိပ်ပျော်တာ။ ဒီတော့ ရုံးကို မျက်နှာကျတ်လေး တပ်ပေးဖို့ပြောတော့၊ ‘ပူလည်း နောက်တော့နေသားကျသွားမှာပါ’ တဲ့လေ။ အဲဒီလူ့မျက်နှာကို ရေနွေးနဲ့ပက်ပြီး၊ နေ့တိုင်းလာခံ၊ နောက်တော့ အကျင့်ဖြစ်သွားမှာပါလို့ ပြောလိုက်ချင်တယ်။ 

နိုင်ငံရေးနဲ့ အကျဉ်းထောင် ခဏ ခဏကျရတဲ့ ဆရာမောင်မှိုင်းလွင် (အင်းဝ) က အဖေ့ကို သူ့စာအုပ်တွေ လက်ဆောင်ပေးလေ့ရှိပါတယ်။ အဖေကလည်း ကျွန်တော့်ကို ပေးဖတ်ပါတယ်။ အဲထဲက တစ်အုပ်က ‘အမှောင်ထဲမှာ နေသားကျနေပြီပဲ’။ ဒီစာအုပ်လေးကိုဖတ်ရင်း၊ အဲဒီ ဇော်မဲလုံးရဲ့ အုပ်မြှောင်ကြီး ပြောခဲ့တဲ့စကားလေးကို ပြန်ကြားယောင်မိတယ်။ အခုလို အမှောင်ခေတ်၊ အမှောင့်ခေတ်တွင်း ကျရောက်နေရတော့လည်း ပြန်ကြားလာပြန်တယ်။ ‘နောက်တော့ နေသားကျသွားမှာပါ’ တဲ့။ တချို့က။

ခေတ်ပျက်ကြီးလေ၊ ဘာမှ မသေချာဘူး။ ကိုယ်က ဥပဒေအတိုင်း မှန်သားပဲလို့ ပြောရအောင်လည်း ဥပဒေဆိုတာ မရှိ။ ကိုယ့်မှာ ငွေရှိနေသားပဲ၊ အရာရာ ဖြေရှင်းနိုင်မယ် မထင်နဲ့၊ အဲဒီငွေတွေဟာ ကိုယ်ပိုင်လို့ မပြောနိုင်တော့ဘူး။ ကားရှိတယ်၊ အိမ်ရှိတယ်၊ ဆိုင်ရှိတယ်… ဘာမှ မသေချာဘူး။ ချိပ်ပိတ်သွားနိုင်တယ်၊ သိမ်း သွားနိုင်တယ်၊ လုသွားနိုင်တယ်၊ အခိုးခံရနိုင်တယ်။ မြင်ဖူးတယ် မဟုတ်လား၊ ဆိုင်ကယ်ကောင်းကောင်းလေးဆိုရင် ကားပေါ်တင်သွားတာလေ။ တစ်နေ့က အသိတစ်ယောက်ရဲ့ အိမ်ကို ချိပ်ပိတ်သွားတယ်။ သူက အိမ်မှာပဲ ပုံနှိပ်တိုက်ဖွင့်တာမို့၊ လုပ်ငန်းကို ချိပ်ပိတ်တော့၊ တစ်အိမ်လုံး ပိတ်၊ တစ်အိမ်သားလုံး ပြေးရ ရှောင်ရ။ ကိုယ့်လမ်းကိုယ် သွားတာပဲ မလုပ်နဲ့၊ မသင်္ကာရင် ဖုန်းစစ်၊ မှတ်ပုံတင်စစ်ပြီး အကုန်မှန်နေရင်တောင်၊ ဆိုင်ကယ်ဘီး လေပေါင်မပြည့်လို့ဆိုပြီး ဒဏ်ငွေအရိုက်ခံရသတဲ့။ 

အစ်မတစ်ယောက်က ရွာရောက်လာတဲ့ စစ်သားတစ်ယောက်ကို ချီးမွှန်းခန်းဖွင့်တယ်၊ လူပုံက ဖြူဖြူ နွဲ့နွဲ့လေး၊ သေနတ်ကိုင်တဲ့သူ မဟုတ်လောက်ဘူးတဲ့။ အလှူလိုက်ပြန်လာတဲ့ အဒေါ်တစ်ယောက်ကတော့ ‘ဒို့ဆီမှာသာ ဘောင်းဘီရှည်မြင် ကြောက်နေရတာ ဟိုဆီမှာများ တပူးပူး တတွဲတွဲ၊ ဒို့တတွေနဲ့တောင် အလှူထမင်း အတူစားခဲ့သေးတယ်’တဲ့။ သူတို့နှစ်ယောက်လုံးကို ပြန်ပြောခဲ့တဲ့ စကားတွေက အတူတူပါပဲ၊ ဟုတ် မဟုတ် ခင်ဗျားတို့ကို ပြောကြည့်ပါအုံးမယ်။ 

ကျွန်တော်တို့ လူသားတွေဆိုတာ ခင်တတ် မင်တတ်တဲ့ လူတွေ။ ‘Human is the social animal.’ အဲလိုနော်။ အဲတော့ ဝင်ရောရင် သဘောကျသွားတတ်တာပဲ။ ဒါပေမယ့် ကျောချမှ ဓားပြမှန်းသိကြတာမဟုတ်လား။ တချို့ ရှိသေးတယ်၊ ကျောချတာတောင် ဓားမြမှန်းမသိကြဘူး။ ဒီတော့ သားမက်ဖြစ်မယ့်လူကို ကျောပိုးခေါ်မိသား ဖြစ်နေတတ်ရော။ ခွေးတွေဟာ သစ္စာအရှိဆုံးတိရစ္ဆာန်လို့ပြောပေမယ့်၊ ခွေးရူးဖြစ်သွားရင် သခင်ရော ဘာရော နားမလည်ဘူး၊ သည်းသည်းမည်းမည်း ကိုက်တတ်ကြတယ် မဟုတ်လား။ ဒီတော့ ကျားသေကို အသက်သွင်းမိတဲ့လူလို ဖြစ်မယ်။ အင်မတန်တော်တဲ့ ပန်းပုဆရာက ဘီလူးရုပ်ထုမိတော့ အသက်ဝင်လာတဲ့ ဘီလူးလိုဖြစ်မယ်။ ဇာတ်ကားတစ်ကားထဲကလို လှလို့ အိမ်ခေါ်မွေးတာတဲ့အကောင်လေးက တဖြည်းဖြည်းကြီးလာပြီး အသားစားသတ္တဝါကြီးတစ်ကောင် ဖြစ်လာသလိုပေါ့။ 

အဲလိုပြောပြတော့၊ နင်ကလည်း အစိုးရိမ်လွန်နေပြန်ပြီတဲ့။

ဟုတ်ပါ့နော်။ တချို့က ဘုရားတွေ လည်ဖူးကြ။ အလှူမင်္ဂလာဆောင်တွေ လိုက်ကြ။ ပျော်ကြ ပါးကြ၊ အော်ကြီး ဟစ်ကျယ်ပေါ့လေ။ တချို့ တချို့သောနေရာတွေမှာ ရွာလုံးကျွတ် မီးရှို့ခံရ၊ အရှင်လတ်လတ် မီးလောင်တိုက်သွင်းခံရ၊ တိုက်လေယာဉ် ရဟတ်ယာဉ်တွေနဲ့ ဗုံးကျဲခံရ၊ နှိပ်စက်ခံရ၊ သတ်ဖြတ်ခံရတာတွေကို မသိချင်ယောင်ပြုနေကြရဲ့။ သူတို့က လူအတွေ၊ ငါတို့က လူလည်တွေလို့ ထင်နေကြမှာပေါ့။ မစင်တွင်းထဲ ပြုတ်ကျသွားတဲ့ လောက်တွေလို ပျော်နေမှာပေါ့။

အခု အင်တာနက်နှုန်းတွေ ပြောင်းလိုက်ပြီ။ ဆင်းကတ်နှုန်းတွေ ပြောင်းလိုက်ပြီ။ လျှပ်စစ်မီးကလည်း ပြတ်ချင်တဲ့အချိန် ပြတ်မယ်တဲ့။ စီဒီအမ်ဝန်ထမ်းစာရင်း ဒီလ (၉) ရက်နေ့ နောက်ဆုံးပေးပို့ရန်တဲ့။ မှောင်သထက် မှောင်လာပြီပေါ့။ 

ကျွန်တော်တော့ အမှောင်ထဲမှာ နေသားမကျနိုင်ဘူး။

လင်းလက်နွေဦး
၁၁.၁.၂၀၂၂ ည ၇နာရီ ၂၅မိနစ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar