Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁၁ လ ၁၁ ရက်မြောက်နေ့မြင်ကွင်း

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁၁ လ ၁၁ ရက်မြောက်နေ့မြင်ကွင်း
(မိုးမခ) ဇန်နဝါရီ ၁၂၊ ၂၀၂၂

◾️လွိုင်ကော်မြို့ အဖြစ်အပျက်၊ စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်တောင်ပိုင်း 
အခုရက်ပိုင်းတွေမှာ သတင်းတွေအထဲ အာရုံစိုက်ခံရဆုံးသတင်းအကြောင်းအရာတခုကတော့ လွိုင်ကော်မြို့ရဲ့ နောက်ဆုံးအခြေအနေ သတင်းတွေပဲဖြစ်ပါတယ်။ ဇန်နဝါရီလဆန်းမှာ တိုက်ပွဲတွေ လွိုင်ကော်မြို့ရဲ့ ရပ်ကွက်တချို့အထိ စတင်ဖြစ်ပွားလာတဲ့နောက် မြို့ကို စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနဲ့ပစ်တာ လေကြောင်းအကူအညီနဲ့ ပစ်ခတ်တာတွေဖြစ်ပွားပြီး မြို့မှာ ရေပေးဝေမှု ရပ်ဆိုင်းတာ၊ လျှပ်စစ်ဓါတ်အားပြတ်တောက်တာတွေဖြစ်လာခဲ့ရာမှာ မြို့ကိုစွန့်ခွာတိမ်းရှောင်သူတွေ သောင်းဂဏန်းနဲ့ချီရှိလာခဲ့ပါတယ်။ 

လူဦးရေ ၃ သိန်းကျော်သာရှိတဲ့ ကယားပြည်နယ်၊ သောင်းဂဏန်းသာရှိတဲ့ လွိုင်ကော်မြို့မှာ သောင်းဂဏန်းနဲ့ချီတဲ့နေထိုင်သူတွေ မြို့ကိုစွန့်ခွာ ကယားပြည်နယ်ကို စွန့်ခွာထွက်ပြေးနေကြရတဲ့အခြေအနေဟာ တော်တော်ကြီးမားတဲ့ သက်ရောက်မှုတွေရှိနေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်တွေကတည်းက ကယားပြည်နယ် အခြားမြို့နယ်ဒေသတွေဆီ တိမ်းရှောင်မှုတွေနဲ့ နယ်ချင်းထိစပ်နေတဲ့ ရှမ်းပြည်နယ်တောင်ပိုင်းဒေသတွေကို တိမ်း ရှောင်မှုတွေဟာ ယနေ့အထိဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။ 

ကားတွေတန်းစီပြီး လွိုင်ကော် ပင်လောင်း အောင်ပန်းလမ်း၊ လွိုင်ကော် ဆီဆိုင်လမ်း စတဲ့ရှမ်းပြည်နယ်ဘက်ကို ထွက်ခွာနေကြပုံတွေ သတင်းတွေထဲတွေ့မြင်နေရပါတယ်။ တိုက်ပွဲတွေကြောင့် လူဦးရေသောင်းနဲ့ချီပြီး မြို့ကိုစွန့်ခွာကြရတဲ့ အဖြစ်အပျက်ဟာ ထန်တလန်ပြီးရင် ဒုတိယမြောက် အဖြစ်အပျက်ဖြစ်ပါတယ်။ ထန်တလန်မြို့ပေါ်မှာ ပစ်ခတ်မှုတွေ တိုက်ပွဲတချို့ဖြစ်ပြီးနောက် မြို့လူထုက စွန့်ခွာသွားကြအပြီး မြို့ပေါ်က အိမ်တွေဖောက်ခံရတာ၊ မီးရှို့ခံရတာတွေ မကြာခဏဆိုသလို ဖြစ်ပျက်ခဲ့တာလည်း ဖြစ်လို့အခု မြို့ပေါ်က စွန့်ခွာထွက်ပြေးနေကြရတဲ့ လွိုင်ကော်မြို့ အနေနဲ့လည်း ထန်တလန်မြို့လို ဖြစ်လာနိုင်တဲ့ အလားအလာတွေကို မြို့နေလူထုက စိုးရိမ်ကြမှာ အမှန်ပဲဖြစ်ပါတယ်။ အရပ်သားလူထုတွေအတွက် အသက်ဘေးအန္တရာယ်က နံပါတ်တစ်အရေးကြီးဆုံးဆိုတာ မှန်သော်လည်း စားဝတ်နေရေး အလုပ်အကိုင် ပိုင်ဆိုင်မှုတွေအပေါ် နောက်ဆံငင်ကြမှာအမှန်ပဲဖြစ်ပါတယ်။ 

အလုပ်အကိုင်၊ ပိုင်ဆိုင်မှုတွေအကုန်ထားပစ်ခဲ့ပြီးအသက်ဘေးလွတ်ရာပြေးကြဖို့ ဆုံးဖြတ်ရတဲ့ ဆုံးဖြတ်ချက်က နာကျင်စရာကောင်းပြီး ခက်ခဲလိမ့်မယ်ဆိုတာ တွေးကြည့်ရင်တောင် စာနာနားလည်နိုင်ပါတယ်။ ကယား ပြည်နယ်ရဲ့ စစ်ရေး၊ နိုင်ငံရေးအရှိန်က အမြင့်ဆုံးအနေအထားကို ရောက်ရှိနေပြီလို့ ဆိုနိုင်ပါတယ်။ ဒီစစ်ရေးအခြေအနေမှာ စစ်ကောင်စီတပ်တွေကို အနိုင်ရဖို့ လိုအပ်သလို အရပ်သားတွေရဲ့ ထိခိုက်မှုတတ်နိုင်သမျှ နည်းပါးအောင်လည်း စီမံခန့်ခွဲနိုင်ကြဖို့ မျှော်လင့်ရပါတယ်။ စစ်ရေးရဲ့ မဟာဗျူဟာ နည်းဗျူဟာတွေက ဆုံးရှုံးမှုအရင်းအနှီးတတ်နိုင်မျှ နည်းအောင်နဲ့ နိုင်ငံရေးရည်မှန်းချက်အောင်မြင်အောင် ဆိုတဲ့အချက်တွေပေါ် မူတည်ချမှတ်ကြဖို့ လိုအပ်မှာဖြစ်ပါတယ်။ 

ကယားပြည်နယ်မှာ တိုက်ပွဲတွေ ထွက်ပြေးတိမ်းရှောင်မှုတွေ ဖြစ်နေချိန်မှာ မြန်မာနိုင်ငံရဲ့ ဒေသအချို့မှာလည်း တိုက်ပွဲတွေ ဖမ်းဆီးခံရမှုတွေ အသက်ဆုံးရှုံးမှုတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်း ယင်းမာပင်နယ်ဘက်မှာ ဒေသခံတွေ ဖွဲ့စည်းထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင်တဦးကို အစည်းအဝေးလုပ်စဥ်မှာ ဖမ်းဆီးဖို့ကြိုးစားတဲ့ ဖြစ်စဥ်မှာ ဒေသခံ ၅ ဦး သေဆုံးခဲ့တယ်လို့ သတင်းတွေမှာဖေါ်ပြကြပါတယ်။ ယင်းမာပင်မြို့နယ် ဦးနှောက်ရွာမှာ ပီဒီအက်ဖ်တွေ အစည်းအဝေးလုပ်တဲ့သတင်းကို စစ်ကောင်စီဘက်က ရပြီးလေကြောင်းနဲ့ စစ်တပ်တွေချပြီးကျေးရွာကို ဝင်စီးဖို့ကြိုးစားရာမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းမှာပဲ ရေဦးမြို့နယ်ထဲမှာလည်း ကျေးရွာတရွာကိုဝင်စီးပြီး ဒေသခံ ၂ ဦးသေဆုံးခဲ့ရတယ်လို့ သတင်းတွေထဲ ဖတ်ရှုရပါတယ်။ 

အခုရက်ပိုင်းသတင်းတွေထဲ ဆက်လက်ဖေါ်ပြနေတဲ့ သတင်းတပုဒ်ကတော့ ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့နယ်မှာ အရပ်သား ၁၁ ဦးထက်မနည်း သတ်ဖြတ်ခံရတဲ့ သတင်းဖြစ်ပါတယ်။ အဖြစ်အပျက်က ခုလ ၆ ရက်နေ့မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဖြစ်ပျက်ပုံနဲ့ သေဆုံးသူအရေအတွက်ကို တဖြည်းဖြည်းချင်း သိရှိလာရတာဖြစ်ပါတယ်။ ကျေးရွာ ၂ ရွာအကြား တောထဲ ဟင်းစားရှာတဲ့ဒေသခံနဲ့ တောတောင်ထဲ စိုက်ခင်းထဲနေထိုင်ကြသူတွေကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားကာ သတ်ဖြတ်ခဲ့တဲ့ ဖြစ်ရပ်ဖြစ်ပါတယ်။ ဒီဖြစ်ရပ်ဟာ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ပြောသလိုတိုက်ပွဲဖြစ်တာ လုံးဝမဟုတ်ပဲ အရပ်သားတွေကို လမ်းပြအဖြစ်ခေါ်ဆောင်ပြီး သတ်ဖြတ်တဲ့လုပ်ရပ်၊ စစ်ကောင်စီက တိုင်းရင်းသားဒေသတိုင်းမှာ လုပ်နေကျ လုပ်ရပ် ကျူးလွန်နေကျလုပ်ရပ်တခုသာ ဖြစ်ပါတယ်။ ဒီလိုဖြစ်ရပ်မျိုးတွေ ဆယ်စုနှစ်များစွာအတွင်း ရာနဲ့ချီဖြစ်ပျက်ခဲ့ပြီး ဖြစ်ပါတယ်။ အခုအခါမှာတော့ အရင်က စစ်မြေပြင် မဖြစ်ဖူးသေးတဲ့ ဒေသတွေ မြို့တွေရွာတွေမှာ ဖြစ်ပွားလာတာဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar