မသီတာ (စမ်းချောင်း) - အပြန်အလှန် လေးစားတန်ဖိုးမှု (သို့) လွတ်လပ်မှု၊ လုံခြုံမှု၊ တရားမျှတမှု
(မိုးမခ) ဇန်န၀ါရီ ၃၀၊ ၂၀၂၂
ခုချိန်မှာ ပြည်သူလူထုရဲ့ လိုရာလူမှုပန်းတိုင်ကို ပြောပါဆိုရင် ‘လွတ်လပ်မှု၊ လုံခြုံမှု၊ တရားမျှတမှု’လို့ ပြောကြမှာဖြစ်ပါတယ်။ အဲဒီပန်းတိုင်ကို ရောက်ဖို့လို့ ဘာလိုအပ်နေလဲဆိုရင် လူလူချင်း အပြန်အလှန် လေးစားတန်ဖိုးထားတဲ့ အမူအကျင့်ရှိမှုလို့ပဲ ဆိုရပါမယ်။
ကမ္ဘာကျော်စာရေးဆရာမကြီး မာဂရက်အက်ဝုဒ်က ပြောခဲ့ဖူးပါတယ်။ ‘စစ်ဆိုတာဟာ ဘာသာစကား ကျဆုံးသွားတဲ့အခါ ဖြစ်ပေါ်လာတဲ့ဟာပေါ့’တဲ့။ ဒီနေရာမှာ ဘာသာစကားဆိုတာ မြန်မာ၊ ထိုင်း၊ မလေးဆိုတဲ့ ဘာသာ စကားမျိုးထက် ကိုယ်နဲ့နှုတ်အမူအရာကို ဆိုလိုတယ်လို့ မြင်စေချင်ပါတယ်။ စကားမပြောနိုင်သူတွေအတွက် ကိုယ်အမူအရာနဲ့ ဘာသာစကား ရှိနေတာကိုး။ ဒီတော့ စစ်ဖြစ်ကြရတာဟာ တစ်ယောက်နဲ့တစ်ယောက်၊ တစ်စုနဲ့တစ်စု၊ တစ်နိုင်ငံနဲ့တစ်နိုင်ငံကြားမှာ ကိုယ်အမူအရာ၊ နှုတ်အမူအရာအားဖြင့် ဆက်ဆံဆက်သွယ်မှုအရာမှာ အောင်မြင်အောင် မဆောင်ရွက်နိုင်တော့လို့လို့ ပြောရမှာပေါ့။ ဒါဟာ ဘယ်လိုအနေအထားမျိုးပါလဲ။ ကျမတို့တတွေကတော့ ဒါကို ကောင်းကောင်းနားလည်တယ်လို့ ပြောရမှာပါပဲ။
ဖေဖေါ်ဝါရီ ၁ ရက်နေ့နောက်ပိုင်းမှာ ပြည်သူလူထုက စကစရဲ့ လုပ်ရပ်ကို လုံးဝလက်မခံနိုင်ဘူး၊ မထောက်ခံဘူးလို့ ကိုယ်၊နှုတ်အမူအရာပေါင်းများစွာနဲ့ ပြောခဲ့ကြ ဆက်သွယ်ပြသခဲ့ကြပါတယ်။ ဒါပေမဲ့ စကစက အဲဒီဘာသာ စကားကို နားလည်နိုင်စွမ်းမရှိခဲ့ပါဘူး။ အဲဒီလိုပဲ (သူလိမ်ထားတာကို သူ ပြန်ယုံပြီး ပြောနေတဲ့) လူထုက သူတို့ကို ဂုဏ်ပြုချင်နေတာဆိုတဲ့ စကစရဲ့ ဘာသာစကားကိုလည်း လူထုက ဘယ်လိုမှ လက်မခံနိုင်ကြပါဘူး။ ဒီလိုနဲ့ ‘စစ်’ဟာ လှည်းနေလှေအောင်းမြင်းဇောင်းမကျန် နေရာအနှံ့ကို ရောက်လာခဲ့တယ်လို့ ဆိုရပါမယ်။ စကစဟာ လူထုကို လေးစားတန်ဖိုးထားရမယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ သူဟာ လူထုရဲ့ အထက်မှာ ရှိတယ်၊ နိုင်ငံကို စစ်တပ်ကသာ အမြဲဦးဆောင်ရမယ်၊ ကာ/ချုပ်ဆိုတာ နိုင်ငံရဲ့ အမြင့်ဆုံးရာထူးပဲ ဖြစ်ရမယ်ဆိုတဲ့ သူ့ကိုယ်သူ အခြေအနေတစ်ခု၊ အနေအထားတစ်ခု၊ ရာထူးတစ်ခုပေါ်မှာ တင်ပြီး တွေးတောရှုမြင်တဲ့အတွက်ပါပဲ။ တနည်းအားဖြင့်တော့ လူထုကိုဖြစ်စေ အရပ်သားနိုင်ငံရေးသမားတွေကိုဖြစ်စေ အပြန် အလှန် လေးစားတန်ဖိုးထားဖို့ထက် နှိမ့်ချအနိုင်ယူဖို့နဲ့ အသုံးချအနိုင်ယူဖို့ကိုပဲ စိတ်ဝင်စားတာကြောင့် လူထုရဲ့ ဆန္ဒသဘောထားကို ဘယ်လိုမှ စိတ်မဝင်စား၊ တန်ဖိုးမထေား၊ မလေးစားတာပါ။
ဒီနေရာမှာ စကစကို အသာထားပြီး အပြန်အလှန် လေးစားတန်ဖိုးထားတဲ့ အမူအကျင့်ဟာ လွတ်လပ်မှု၊ လုံခြုံမှု၊ တရားမျှတမှုတွေနဲ့ တိုက်ရိုက်ဆက်စပ်နေတာကို ဆက်ပြောကြရအောင်ပါ။ လူသားတစ်ယောက်အဖို့ အောင်မြင်တဲ့ ဆက်ဆံဆက်သွယ်မှုတစ်ခုကို လုပ်နိုင်ဖို့ တနည်းအားဖြင့် စစ်ဖြစ်တဲ့အနေအထားမျိုး မဖြစ်သွားအောင် လုပ်နိုင်ဖို့ဆိုတာ အပြန်အလှန် လေးစားတန်ဖိုးထားတဲ့ အမူအကျင့်ပေါ်မှာ လုံးဝတည်မှီနေပါတယ်။ ဆက်ဆံရေးတွေ ပျက်စီးပြိုကျရခြင်းရဲ့ အဓိကအကြောင်းဟာ ကိုယ်နှုတ်အမူအကျင့်များ မှားယွင်းအားနည်း ချက်တွေကြောင့်လို့ဆိုရင် မမှားပါဘူး။ (စိတ်ထဲက အမှားဆိုတာကလည်း ကိုယ်နဲ့နှုတ်ကနေတဆင့်ပဲ သိနိုင်တာမျိုးကိုး) ဒါကြောင့် သံတမန်တွေကိုဆိုရင် စိတ်ထဲမှာ ဘယ်လိုပဲဖြစ်နေနေ ကိုယ်နဲ့နှုတ်ကနေတော့ ဘယ်လိုမျိုးပဲ ပြုမူကျင့်ကြံပြောဆိုရမယ်ဆိုတာကို လေ့ကျင့်သင်ကြားပေးထားကြပါတယ်။ သူတို့ရဲ့ ကိုယ်၊ နှုတ်အမူအရာဟာ စစ်ကိုဖြစ်စေ၊ ငြိမ်းချမ်းရေးကိုဖြစ်စေ အဆုံးအဖြတ် ပေးနိုင်လောက်တဲ့အထိ သက်ရောက်နိုင်တာကြောင့်လို့ ဆိုရမှာပေါ့။
ဒီတော့ နိုင်ငံတွင်းမှာ မှီတင်းနေထိုင်တဲ့ လူအချင်းချင်းကြားမှာလည်း စစ်မဖြစ်အောင်၊ ငြိမ်းချမ်းအောင်ဆိုရင် အပြန်အလှန် လေးစားတန်ဖိုးထားတဲ့ ကိုယ်၊ နှုတ်အမူအရာတွေ အမူအကျင့်တွေကို လူတစ်ယောက်ချင်းစီက မွေးမြူကျင့်ကြံကြဖို့ လိုတာပေါ့။ တကယ်တော့ နိုင်ငံသူနိုင်ငံသားဆိုတာဟာ နိုင်ငံပိုင် မြေပေါ်သယံဇာတလည်းဖြစ်၊ ပြန်လည်ပြည့်ဖြိုးမြဲသယံဇာတလည်း ဖြစ်တယ် မဟုတ်လား။ သိပ်အရေးကြီးတာပေါ့။
ဒီနေရာမှာ လူသားတွေအနေနဲ့ နယ်မြေပိုင်ဆိုင်မှု၊ ဘာသာစကား၊ ထုံးတမ်း၊ ရာထူး၊ စည်းစိမ်၊ ပညာအရည် အချင်း၊ သက်မွေးဝမ်းကျောင်း၊ သက်ဝင်ယုံကြည်ရာ ဘာသာတရားနဲ့ နိုင်ငံရေးပါတီ အဲဒီလိုအခြေအနေ၊ အနေ အထား အထိုင်ပေါ်ကနေပဲ တွေးတောပြီး မတူကွဲပြားမှုတွေအတွက် ကြောင့်ကြစိုက်လေ့ရှိကြတာကို ပြန်ပြောင်းပြီး စဉ်းစားကြည့်ရအောင်။ ကျမတို့ဟာ ဒီနိုင်ငံရဲ့ ဘယ်နယ်မြေ၊ ဘယ်လူမျိုး၊ ဘယ်ဘာသာစတဲ့ အရာတွေကို ပိုင်ဆိုင်နေသူတွေလို့ စဉ်းစားမှုကနေ ကျမတို့ကို ဒီနိုင်ငံ၊ ဒီရေမြေက ပိုင်ဆိုင်တယ်။ ဒီနိုင်ငံရဲ့ ပိုင်ဆိုင်မှုတွေထဲမှာ တောတောင်ရေမြေသယံဇာတတွေဟာ နယ်မြေအလိုက် ကွဲပြားနေသလို မြေပေါ်သယံဇာဖြစ်တဲ့ လူသားတွေလည်း ပါနေတယ်။ ကိုယ်ဟာ ပိုင်ဆိုင်သူမဟုတ်ဘဲ ပိုင်ဆိုင်ခံလို့ တွေးကြည့်လိုက်ရင် နိုင်ငံ၊ ရေမြေအပေါ် ကိုယ်က အသုံးချစီမံနိုင်သူ ဖြစ်မနေတော့ဘဲ နိုင်ငံ့အတွက် ကိုယ့်အရည်အချင်းတွေကို အသုံးတော်ခံပေးဖို့ ပိုလွယ်ကူသွားသလို တခြားလူသားသယံဇာတတွေအပေါ်မှာလည်း ပိုပြီး လေးစားတန်ဖိုးထားပေးနိုင်လာတာကို တွေ့ရမှာပါ။
‘ငါကောင်းမှ ဒီနိုင်ငံ ကောင်းမယ်။ ငါရော တခြားလူသားရင်းမြစ်တွေကိုရော ဒီနိုင်ငံက ပိုင်ဆိုင်တယ်။ ဒီနိုင်ငံရဲ့ သယံဇာတကောင်းဖြစ်အောင် အချင်းချင်း အပြန်အလှန် လေးစားတန်ဖိုးထားမယ်။ ကိုယ်၊နှုတ်အမူအရာတွေကို ငြိမ်းချမ်းအောင်၊ အောင်မြင်အောင် ပြုမူပြောဆိုမယ်။ ဒါမှ စစ်မဖြစ်ဘဲ လွတ်လပ်မှု၊ လုံခြုံမှုနဲ့ တရားမျှတမှုတွေကို ရမယ်’လို့ တွေးကြည့်ရင် ကြက်သီးမွေးညင်းထလောက်အောင် ကြည်နူးသတ္တိတွေ ရလာရပါတယ်။ တကယ်ပါ။
ကိုယ့်ရဲ့ ကိုယ်၊နှုတ်အမူအရာတွေကို အချင်းချင်း အပြန်အလှန် တန်ဖိုးထားလေးစားစွာ ပြုမူကျင့်ကြံပြောဆိုမယ်ဆိုတဲ့ အဆုံးအဖြတ်ဟာ ကျမတို့ လူသားတွေအတွက် လွတ်လပ်မှုပါပဲ။ ဘာလို့လဲဆိုရင် အဲဒီလိုမဟုတ်ဘဲ ကိုယ့်နယ်မြေ၊လူမျိုး၊ဘာသာ၊ပါတီ၊အဖွဲ့အစည်းစတဲ့ အနေအထားအထိုင်တစ်ခုခုပေါ်ကနေ တဘက်သားကို တန်ဖိုးထားလေးစားရာမကျတဲ့ ကိုယ်၊နှုတ်အပြုအမူတွေကိုလည်း ရွေးချယ်လို့ ရရဲ့သားနဲ့ ဒါမျိုးကို မရွေးချယ်ဘူးဆိုတာ တော်ရုံတန်ရုံ လွတ်လပ်တဲ့စိတ်မျိုး မရှိဘဲ မလုပ်နိုင်လို့ပါ။ ဒါကြောင့် လွတ်လပ်မှုဆိုတာ ရွေးချယ်နိုင်တဲ့အရာပါ။ သူများက ခွင့်ပြုပေးမှ လွတ်လပ်တာမျိုး ရှိနိုင်သလို ဘယ်သူ့ခွင့်ပြုချက်မှ မလိုဘဲ ကျမတို့ကိုယ်တိုင်ရဲ့ ရွေးချယ်မှုတွေကပဲ ကျမတို့ကို လွတ်လပ်စေနိုင်ပါတယ်။
အဲဒီလို ကိုယ့်ရဲ့ ကိုယ်၊နှုတ်အမူအရာတွေကို အချင်းချင်း အပြန်အလှန် တန်ဖိုးထားလေးစားစွာ ပြုမူကျင့်ကြံပြောဆိုမယ်ဆိုတဲ့ လွတ်လပ်စွာ ရွေးချယ်မှုရဲ့ နောက်ဆက်တွဲကတော့ လူတော်တော်များများကသာ ဒီလို ရွေးချယ်ခဲ့ရင် ဘယ်သူ့ဘယ်သူကမှ မလုံခြုံဘူးဆိုတဲ့ ခံစားမှုမျိုး ခံစားရတော့မှာ မဟုတ်တော့တာပါပဲ။ အချင်းချင်း အပြန်အလှန် တန်ဖိုးထားလေးစားစွာ ပြုမူကျင့်ကြံပြောဆိုလိုက်တာနဲ့ တဘက်သားအပေါ် နိုင်ထက်စီးနင်းလုပ်လိုစိတ်၊ လှောင်ပြောင်လိုစိတ်၊ အသုံးချလိုစိတ်တွေကို လွှတ်ချလိုက်ပြီးသား ဖြစ်သွားနိုင်တာမို့ ဘယ်သူကမှ ခြိမ်းခြောက်စော်ကားခံရနိုင်ပါလားဆိုတဲ့ စိုးရိမ်ကြောင့်ကြ မလုံမခြုံဖြစ်ကြရမှုတွေလည်း ခံရမှာ မဟုတ်တော့လို့ပါပဲ။ အမှားတွေ အားနည်းချက်တွေကို ဝေဖန်ထောက်ပြမှုတွေ ရှိနေဦးမှာကတော့ အသေအချာပါပဲ။ ဒါတွေကိုလည်း အပြန်အလှန် လေးစားတန်ဖိုးစိတ်တွေကို အခြေခံပြီးပဲ ကျန်းမာသန်စွမ်းတဲ့ အပြုသဘောဆောင်တဲ့ ဝေဖန်ထောက်ပြမှုတွေအဖြစ် ပြုမူပြောဆိုနိုင်ကြပြီဆိုမှတော့ ဘယ်သူ့ဘယ်သူမှာမှ မလုံမခြုံစိတ် ခိုဝင်သွားစရာ မရှိတော့ပြီပေါ့။ တဆက်တည်းမှာပဲ အဲဒီလို လွတ်လပ်၊ လုံခြုံနေတဲ့ လူ့အဖွဲ့အစည်းကြီးကမှ အဂတိကင်းတဲ့ တရားမျှတမှုဆိုတာကို ပေါ်ထွက်စေနိုင်မှာဖြစ်ပါတယ်။
ဒီတော့ တစ်ခုလေးပါပဲ။ ကိုယ်၊ နှုတ်အမူအရာတွေကျဆုံးလို့ ဖြစ်ရတဲ့ စစ်ပွဲတွေ ရပ်တန့်ပြီး လွတ်လပ်မှု၊ လုံခြုံမှုနဲ့ တရားမျှတမှုတွေကို ဆောင်ကြဉ်းနိုင်ဖို့ လူလူချင်း အပြန်အလှန် လေးစားတန်ဖိုးထားစွာ ပြုမူပြောဆိုဆက် ဆံတဲ့ အလေ့အထကို နွေဦးတော်လှန်ရေးသမားတွေကြားမှာ ထူထောင်ကြပါစို့ပေါ့။ လွတ်လပ်လုံခြုံကြပါစေ။ တရားမျှတမှု နိုင်ပါစေ။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar