လှရွှေ - သူငယ်ချင်း မောင်လူကလေး
သူငယ်ချင်း မောင်လူကလေး
လှရွှေ
(မိုးမခ) ဇန်န၀ါရီ ၆၊ ၂၀၂၂
ပြည့်နေသည့်ရေအိုးကို ဖြည့်မည့်အစား၊ ခမ်းခြောက်နေသောရေတွင်းကို ဆက်တူးလိုပါသည်။ ဆင်းရဲသည့်အရက်ချက်သည့် ကျနော့်ရွာအကြောင်းကို တထောင့်တညပုံပြင်ကဲ့သို့ ဆက်ရေးချင်သည်။
……………………………………………
လွန်ခဲ့သော (၃၅) နှစ်
မောင်လူကလေးသည် ကျနော့်သူငယ်ချင်း။ အရက်ချက်တဲ့ ရွာကလေးတွင် အိမ်ချင်း ကပ်လျက်။ ကျနော်နဲ့ သက်တူရွယ်တူ အတန်းတူ ကျောင်းနေဖက်။ သူတို့ မိသားစုတွင် လေးယောက်မြောက်မွေးဖွားလာသူ။ သူ့အောက်တွင် လေးယောက် ရှိနေသေးသည်။
ကျနော်စတုတ္ထတန်း တက်နေချိန်။ မောင်လူကလေး ကျောင်းတက်ချိန်နောက်ကျသည့်အတွက် ဆရာကြီး၏ယမာထာရွှေကြိမ်လုံးထိကာ ကျင်ငယ်ရည်ပါထွက်ကျသည်ကို မှတ်မိနေသေးသည်။
ကုတ်ချောင်းကုတ်ချောင်းဝင်လာသောမောင်လူကလေးကို ဆရာကြီးမှ “ အတန်းရှေ့ကို ထွက်ခဲ့၊ လက်မြောှက်” ဟုဆိုကာ ကြိမ်စာ ကျွေးလေတော့သည်။
ကျနော်တို့ရွာတွင် ဆရာကြီး၏သတင်းကမွေးကြံသည်။ တခါတလေ ဆရာကြီးသည် တပတ် ဆယ်ရက်ပျောက်နေတတ်သည်။ တခါတလေ တပတ်ဆယ်ရက် ဆက်တိုက်စာပြနေပြန်သည်။ ကျနော်တို့ကလေးများကြားတွင် ဆရာကြီး ရိုက်သည်ကို ကြိမ်စာ ကျွေးသည်ဟု ခေါ်ဝေါ်ကြသည်။
မောင်လူကလေး မိသားစုသည် ဆင်းရဲရှာသည်။ ကိုယ်ပိုင်လယ်မရှိ၊ ဓနိခင်းမရှိ၊ ကျပန်းလုပ်ကာ မိသားစုရပ်တည်ကြရသည်။ မောင်လူကလေးသည် အရွယ်နဲ့ မလိုက်အောင် မိဘများအပေါ် သိတတ်ရှာသူ။ လေးတန်းကျောင်းသား မောင်လူကလေးသည် ဂဏန်း၊ ငတောင်းပြောက်၊ ဖား၊ ငါးများဖမ်းကာ မိသားစု စာဝတ်နေရေးကို ကူညီဖြေရှင်းပေးနေသူ။
တခါတရံ မောင်လူကလေးနဲ့ သူ့အဖေသည် ညသန်းခေါင်ကျော်မှ ငါးဖမ်းရာမှ ပြန်လာတတ်သည်။ သူ့တွင် စာဖတ်ရန်အချိန်မရှိ၊ စာဖတ်ရန် ရေနံဆီမီးခွက်မရှိ။ ရေနံဆီမဝယ်နိုင်ရှာဘဲ မီးလင်းဖို ဘေးတွင် ထမင်းစားခဲ့ရသူ၊ စာဖတ်ခဲ့ရသူ။ ထိုကျောင်းသားကိုမှ ကြိမ်စာကျွေးသော ကျောင်းအုပ်ဆရာကြီး။
ကျနော်တို့စတုတ္တတန်း အတန်းတင်စာမေးပွဲအား စနဲအထက်တန်းကျောင်းတွင် သွားရောက် ဖြေဆိုရမည်။ စာမေးပွဲဖြေနေစဉ် ကာလအတွင်း ထမင်း၊ ဟင်း စုပေါင်းချက်စားရန် ငွေ (၁၂) ကျပ်မရှိသည့်အတွက် စာမေးပွဲဖြေဆိုရန်ဝေးခဲ့ရသူ မောင်လူကလေး။
စတုတ္ထတန်းတွင် ပထမဆုရရှိခဲ့သောစာအုပ်တဒါဇင်ကို ခွဲဝေပေးတော့ သူပျော်လိုက်သည် ဖြစ်ခြင်း။ တခါတလေ မောင်လူကလေးတွင် ခဲတံမရှိ။ ကျနော်ခဲတံ မျှဝေကာ သုံးခဲ့ရရှာသည့် မောင်လူကလေး။
တနေ့ ကျောင်းသွားဖို့ လှမ်းခေါ်ချိန် “ ငါဒီနေ့ မလိုက်တော့ဘူးကွာ” ဟု ပြောရှာသည်။ ဘာကြောင့်မလိုက်သလဲမေးကြည့်တော့ သူ့တွင် ကျောင်းသွားရန် အကျင်္ ီမရှိ။ တထည်တည်းသောဝတ်ရုံတော်ကား အဖေနဲ့ ငါးရှာစဉ် စိုစွတ်ခဲ့လေပြီ။
မောင်လူကလေးနဲ့ ကျနော်သည် တတွဲတွဲ။ တနေ့ မောင်လူကလေး ကျနော့်ကို အကူအညီ တောင်းရှာသည်။ ကျနော် စာဖတ်သော ရေနံဆီ မီးခွက်အား ရေနံ ဆီအပြည့် ဖြင့် ငှားရန် ဖြစ်သည်။ နောက်တနေ့ ရေနံဆီအပြည့်နဲ့ ပြန်ပေးမည်ဟု ပြောရှာသည်။ သူ့ကတိ အတိုင်း နောက်တရက် မိုးလင်းချိန်တွင် ရေနံဆီ မီးခွက်အား ရေနံဆီအပြည့်ဖြင့် ပြန်လာပေးသည်။
ကျနော်၏စိတ်ထဲတွင် ငါးဖမ်းရန် အတွက် ငှားသည်ဟု သာထင်သည်။ သို့သော် မောင်လူကလေး ဇာတ်လမ်းက မသေး။ ညနေဖက် ဖဲဝိုင်းထောင်သည့်အဖွဲ့အား ထိုဆီမီးခွက်ကိုအငှားချလိုက်ကြောင်း။ ငွေ (၅) ကျပ်ရကြောင်း ကျနော့်အား ပြန်ပြောပြသည်။ ထိုငွေငါးကျပ်ဖြင့် ရေနံဆီ နှစ်ပုလင်းဝယ်ထားပြီး ဖြစ်ကြောင်း၊ နောက်ဆို သူလည်း ညဖက် စာဖတ်လို့ ရပြီ ဖြစ်ကြောင်း ပြောရှသည်။
………………………………………
လွန်ခဲ့သည့် ခြောက်လခန့်က ရွာရှိ အမေကို ဖုန်းဆက်ရင်း မောင်လူကလေး အကြောင်း မေးဖြစ်သည်။ မိဘများ အပေါ် သိတတ်သော၊ ပညာ သင်ယူ လိုစိတ် ရှိခဲ့သော မောင်လူကလေးကား မိဘများကို လုပ်ကျွေးရင် ကိုးဆယ်ခြောက်ပါးသော ရောဖြင့် ဆုံးရှာပြီဟု သိရသည်။ ကျနော်စိတ် ထိခိုက်ခဲ့ရသည်။ ကျနော့် မိတ်ဆွေ မောင်လူကလေးသည် ပညာရှာလိုသူ၊ သို့သော် ခေတ်ကာလက မျက်နှာသာ မပေးခဲ့။
………………………………………
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar