Breaking News

မောင်လင်းရိပ် - နာနာရယ်မောနိုင်ဖို့ ယတြာအစီအရင်

နာနာရယ်မောနိုင်ဖို့ ယတြာအစီအရင်
မောင်လင်းရိပ်
(မိုးမခ) ဇန်နဝါရီ ၁၉၊ ၂၀၂၂

နာရီတွေက ပျော့ကျနေတဲ့ပုံကိုတွေ့လိုက်တော့ 
နာရီတွေပျက်ကျသွားတာပဲဆိုတာ အင်ဂျင်နီယာမဟုတ်လဲ သိနိုင်တာပဲ
ပြက္ခဒိန်ဇယားကွက်ထဲက နေ့ရက်အစီအစဉ်တွေကိုရော ဘယ်လိုပြောင်းပြန်ပြောက်သောက် ထည့်ထားလိုက်ရမှာလဲ
နေ့စဉ်ထွေးထည့်ထားတဲ့တံတွေးတွေက ထွေးခံဘယ်နှလုံးရပြီလဲဆိုတာထက်
နေ့စဉ်စီချနေတဲ့ ကျောက်တုံးခံကတုတ်မှာ ကျောက်ဘယ်နှတုံးစီပြီးပလဲဆိုတာထက်
အရေးကြီးတယ်လို့အသိအမှတ်မပြုချင်တဲ့သေနတ်တွေကို စကားပြောသင်တန်း အရင်ပို့ကြရတယ်
ဒိုင်ယာလော့ ဒိုင်ယာလော့ ဒိုင်ယာလော့လိုအော်နေတဲ့ကြက်တူရွေးဟာ
ရွာတွေမြို့တွေ မီးလောင်တဲ့ညှော်နံ့တွေရပြီး ရှောသွားတော့
လှောင်အိမ်ထဲကို ကန္တာရဆူးပင်ပုလေးတပင် အစားထိုးထည့်ထားလိုက်ပါ
မုသားတွေနဲ့ဖူးယောင်နေတဲ့ လျှာရှိသောသူများကိုစကားပြောခြင်းဟာ အကျိုးမဲ့စေပြီး
ဗမာစစ်ဗိုလ်ချုပ်တွေနဲ့စကားပြောရတာ အလောင်းကောင်တွေနဲ့ပြောရသလိုပဲဆိုတဲ့
ခြင်္သေ့ကျွန်းက တရုတ်နိုင်ငံရေးသုခမိန်ကြီးရဲ့မှတ်ချက်ကို အမှတ်ရစေတယ်
ငါတို့ရဲ့တော်လှန်ရေးက စကားဖွာလွန်းနေပြီး သူတို့ရဲ့အလောင်းကောင်ကြီးက 
တောက်တီးတောက်တဲ့တွေငှက်ပျောခြံသွားလိုက် ငါးကန်သွားလိုက်နဲ့ လျှောက်လျှောက်ပြီး ပြောနေတာနဲ့
နဂါးမောက်သီးတွေလှိုင်လှိုင်ပြန်မပေါ်ခင် နဂါးရုံဘုရားတွေ ရောင်ခြည်တော်လွှတ်ကြဦးစို့ရဲ့
နဂါးပွက်အိုင်ဆိုတဲ့ ရွှံမီးတောင်ထဲ နွားနို့ပူဇော်ပသတဲ့နဂါးကိုးကွယ်သူရဲ့နာရီတွေ
ဒါလီရဲ့ပန်းချီကားထဲကအတိုင်း ရွှံ့လိုပျော့တွဲပြီး ရွှံ့ပူအိုင်ထဲ ကျဆင်းနစ်မြုပ်သွားရအောင်။ ။

၂၀၂၂ ဇန်နဝါရီ ၁၈

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar