Breaking News

ဘိုးညီတင့် - ဘိုးညီတင့်လက်နက်ရောင်းရန်ရှိသည်

Caren Hackman Graphic Design and fine art
ဘိုးညီတင့်လက်နက်ရောင်းရန်ရှိသည်
ဘိုးညီတင့်
(မိုးမခ) ဇန်နဝါရီ ၂၁၊ ၂၀၂၂

ဇကလေးနဲ့ဦးညီပုကြီး ကားပေါ်ကဆင်းလာတော့ ဘိုးညီတင့်ကဝမ်းသာအားရကြိုဆိုတယ်။ နှစ်ယောက်စလုံးဘိုးညီတင့်ကိုပြုံးရုံပြုံးပြကြပြီး ကားပေါ်ကပစ္စည်းတွေချကြတယ်။ ဘိုးညီတင့်ရဲ့ဧည့်ခံတန်းလျားဝင်ထိုင်ကြတော့လည်း တန်းလျားတဖက်စွန်းစီထိုင်ကြတယ်။ တယောက်ကိုတယောက်မျက်နှာလွှဲထားကြတယ်။

"ဟ၊ဇကလေး။ မင်းတို့နှစ်ယောက်လမ်းမှာ ရန်များဖြစ်လာကြသလားဟ"
"ခင်ဗျားလူ ဇကလေးပေါ့ဗျာ။ ဘိုးညီတင့်ကျွေးမဲ့ရွာကထမင်းမစားနိုင်လို့ဆိုပြီး၊ လမ်းကျမှ ဖုပင်ဒါကိုဖုန်းဆက်ပြီးစားစရာမှာတယ်။ စောင့်နေရတာအကြာကြီး"
"ဇကလေးရာ။ ရွာရောက်မှတော့ ရွာထမင်းရွာဟင်းပေါ့။ ဘာချေးများနေရတာတုန်း"
"အို မစားနိုင်ပါဘူး။ ခင်ဗျားတို့တောစာတွေ။ ကျုပ်ကရန်ကုန်မြို့လယ်ခေါင်ကြီးလာတဲ့လူဗျ။ ဘိုးညီတင့်ကိုခင်လွန်းလို့သာ ရွာလိုက်လာတာ"
""ခင်ဗျားလူကဒါတင်မကဘူး။ တောကအိမ်သာတွေရွံလို့တဲ့။ ဘိုထိုင်အိမ်သာလည်းဝယ်ပြီးတင်ခဲ့ရတယ်။"
"ဒါတော့လွန်သွားဘီဇကလေးရ။ ငါတို့တောသားတွေလည်းလူတွေပါကွာ။ ရောမရောက်ရင်ရောမလိုတော့ ကျင့်နိုင်ရမှာပေါ့"

"လွန်သွားဘီမလုပ်‌နေနဲ့ဘိုးညီတင့်ရဲ့သူဝယ်သမျှ အရီးဝင့်တို့အရီးနီတာတို့ရွာစာကြည့်တိုက်အတွက်လှူလိုက်တဲ့ပိုက်ဆံနဲ့။ အရီးတို့လှူလိုက်တာသိန်းကျော်တယ်။ အခုဘိုးညီတင့်ဆီ ထောင်ဂဏန်းလောက်ပဲအပ်နိုင်တော့မယ်"
"ဟာကွာဇကလေးရာ"လို့ပဲဘို းညီတင့်ခမျာရေရွတ်နိုင်တော့တယ်။

"ကျုပ်အပြစ်တွေချည်းမြင်မနေနဲ့။ ခင်ဗျားလူဦးညီပုကြီးလုပ်ပုံလည်းကြည့်ဦး။ စစ်ဆေးရေးဂိတ်တွေဓါတ်ပုံရိုက်လိုက်။ လမ်းဘေးမြက်တောထဲက ဝါယာကြိုးစတွေဓာတ်ပုံရိုက်လိုက်။ လင်ပျံသံကြားရင်မိုးပေါ်မော့ဓာတ်ပုံရိုက်လိုက်နဲ့။ ဦးညီပုကြီးဆွိဖိုတို။ စစ်ကိုင်းတိုင်းအတွင်းသက်စွန့်ဆံဖျားရိုက်နေသလိုလိုနဲ့ လိုင်းပေါ်တင် မျက်ရည်ချူနေတာလေ။ ပြီးရင် အလှူခံစားအုံးမှာ။ ဟင်းသူ့အကြောင်းမသိရင်များခက်မယ်"
"အောင်မာမင်းကများငါ့ကို"

"လာလေစမ်းကြည့်စမ်းဘာ။ ဇကလေးကို ဘာမှတ်နေသလဲ"
"ဟာမင်းတို့ဟာ အချင်းချင်းတွေတော်ကြပါတော့။ ဒီအချိန် ညီညွတ်ရေးကအရေးကြီးနေချိန်ကြီးမှာ။ သူ့အပြစ်ကိုယ့်အပြစ်ပြောမနေကြပါနဲ့တော့"
"ဘိုးညီတင့်ရာ။ ခင်ဗျားလူဇကလေးကို လမ်းမှာကတည်းက ကားပေါ်ကကန်ချချင်နေတာ"
"ကျုပ်ကလည်းကားမမောင်းတတ်လို့သာ။ သူကားထဲကထွက်ဓာတ်ပုံရိုက်တိုင်း သူ့ပစ်ပြီး ကားမောင်းပြေးချင်နေတာ။

"တဦးနဲ့တဦးအပြစ်မပြောဘဲညီညွတ်ကြပါလို့အလောတကြီးပြောမိတာ ငါမှားသွားတယ်။ မင်းတို့နှစ်ယောက်ကိုယ့်အားနည်းချက်ကိုယ်ပြုပြင်ပြီး ညီညွတ်ကြ။ ဒါမှရေရှည်ညီညွတ်ရေးရမှာ။"

ဘိုးညီတင့်ကဖျန်ဖြေပြောလိုက်မှ နှစ်ယောက်သားငြိမ်ကျသွားတယ်။

"မင်းတို့နှစ်ယောက် ရွာကိုခေါ်ရခြင်းကစာကြည့်တိုက်အတွက်သက်သက်မဟုတ်ဘူး။ ငါလက်နက်ရောင်းချင်လို့ကွ။ ရွာထဲကလူတွေလည်းမသိစေချင်ဘူး။ မင်းတို့ကိုကော်မရှင်တူးပါဆင့်ပေးမယ်ကွာ "
တူးပါဆင့်ဆိုတော့နှစ်ယောက်သားမျက်လုံးတွေဝင်းဝင်းတောက်သွားကြတယ်။ ဇကလေးကမယုံမရဲလေသံနဲ့" ဘိုးညီတင့်မှာလက်နက်ရောင်းစရာတကယ်ရှိလို့လားဗျ"

ဘိုးညီတင့်ကဇကလေးတို့နှစ်ယောက်ကို သူ့အိပ်ခန်းထဲခေါ်သွားတယ်။ ခုတင်အောက်ကသံသေတ္တာကိုပြတယ်။ သံသေတ္တာက သော့နှစ်ချက်ခတ်။ အနံတထောင်ထွာ၊ အမြင့်တထောင်ထွာ၊ အရှည်လေးတောင်လောက်ရှိမယ်။‌ လေးလိုက်တာ။ သုံးယောက်သားတော်တော်ဆွဲထုတ်ယူရတယ်။

"ငါရောင်းတော့မရောင်းချင်ဘူးကွ။ ဒါပေမဲ့ ကိုဗစ်တမျိုးကိုစစ်ကတမျိုးနှိပ်စက်နေတော့ စားဝတ်နေရေးကြပ်လို့။ ဒီလက်နက်တွေက ငါ့အဖိုးဦးပန်းညိုရဲ့အမွေတွေကွ"
"ဟာ ခင်ဗျားအဖိုးလက်ထက်ကဆိုတော့ လက်နက်တွေကသံချေးတက်နေရောပေါ့"

"မတက်ပါဘူးဦးညီပုကြီးရဲ့။ ကျုပ်သေသေချာချာအမဲဆီထည့်သိမ်းထားတာ။ စပယ်ယာပတ်ပစ္စည်း‌တွေကဆိုအသစ်စက်စက်တွေ။ မသုံးရသေးဘူး"

ဘိုးညီတင့်ကပြောပြောဆိုဆို သံသေတ္တာသော့တွေဖွင့်တယ်။ သော့တွေကလည်းရှေးသော့တွေ။ သော့ပွင့်သွားတော့ ဘိုးညီတင့်သေတ္တာအဖုံးလှပ်လိုက်တယ်။ ဇကလေးနဲ့ဦးညီပုကြီးသေတ္တာထဲကိုစူးစမ်းတဲ့အကြည့်နဲ့ကြည့်လိုက်ကြတယ်။

သေတ္တာထဲမှာ စူး၊ ဆောက်၊ တူ၊ လွှ၊ ရွေဘော် လက်သမားကိရိယာအမျိုးမျိုး‌တွေ့လိုက်ကြရတယ်။

"ဟာ။ ဘိုးညီတင့်ကလည်း လက်နက်ဆိုလို့အဟုတ်မှတ်နေတာ။ ခင်ဗျားဟာ လက်သမားသုံးပစ္စည်းတွေဘဲဗျ"

"ဇကလေးရ။ ငါ့အဖိုးကကမ္ဘာကျော် မိုးညှင်းသမ္ဗုဒ္ဓေဘုရားတည်ဆောက်ခဲ့တဲ့လက်သမားဆရာကြီးကွ၊ ငါတို့တောမှာလက်သမားသုံးကိရိယာကိုလက်နက်လို့ခေါ်ကြတယ်လေ။ ငါရောင်းချင်တာဒီလက်နက်တွေပေါ့။ အကုန်လုံးအင်ဂလန်မိတ်တွေမောင်။ တံဆိပ်တွေတောင်မပျက်သေးဘူး"

"ဟင်။ ဘိုးညီတင့်ကလဲ"

ဒီတခါတော့ဇကလေးရော၊ ဦးညီပုကြီးပါ ပြိုင်တူတညီတညွတ်တည်း အာမေဍိတ်ပြုလိုက်ကြပါတယ် ။။  ။ ။

တယောက်နဲ့တယောက် တဖွဲ့နဲ့တဖွဲ့ ကိုယ့်အားနည်းချက်ကိုယ်ပြုပြင်ကာ ရေရှည်ညီညွတ်နိုင်ကြပါစေ ....
ဘိုးညီတင့်
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar