Breaking News

ထိန်လင်း - ငါတို့မှာ ငါတို့ရှိတယ် (၁၀)

ထိန်လင်း - ငါတို့မှာ ငါတို့ရှိတယ် (၁၀)
(မိုးမခ) ဇန်န၀ါရီ  ၂၁၊ ၂၀၂၂

တော်လှန်ရေး ကာလရှည်လာပြီဆိုရင် ဖြစ်တတ်တဲ့သဘောသဘာဝ များစွာထဲမှာ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေလည်း ပါဝင်ပါတယ်။ အထူးသဖြင့် အာဏာရှင်တွေရဲ့ ဖိနှိပ်မှု ကြီးမားတဲ့အခါ စိုးရိမ်စိတ်၊ တွေဝေစိတ် ဖြစ်တတ်ပါတယ်။ 

ဘက်ပေါင်းစုံက သွေးထိုး သွေးခွဲမှုတွေကြားက မြန်မာ့နွေဦးတော်လှန်ရေးဟာ ၁ နှစ်ပြည့်ခါနီးအထိ စစ်အာဏာရှင်တွေ အုပ်ချုပ်လို့မရအောင် တောင့်ခံ တော်လှန်နိုင်ခဲ့ပါတယ်။ စစ်အုပ်စုကလည်း ဖမ်းဆီး သတ်ဖြတ် ဖိနှိပ်မှုမျိုးစုံကို မြန်မာ့သမိုင်းရဲ့ အရက်စက် အကောက်ကျစ်ဆုံး၊ အောက်တန်းအကျဆုံးနည်းတွေနဲ့ ပြောင်ပြောင်တင်းတင်း ကျူးလွန်လျက်ရှိပါတယ်။ ဘယ်သူ့ကို ဘာအမှုနဲ့ အရေးယူလိုက်ပြီ၊ ဘယ်သူ့ကို ဖမ်းလိုက်ပြီ စသဖြင့် စစ်အုပ်စုသတင်းထုတ်ပြန်နေတာကလည်း လူထုကို ခြောက်လှန့်ခြင်း နည်းဗျူဟာတွေပဲ ဖြစ်ပါတယ်။ ဒီလိုလုပ်နေတာကို ရှေ့တန်းက ရင်ဆိုင်နေရသူတွေက ဂရုမစိုက် အမှုမထားဘဲ ဆက်လက်ရင်ဆိုင်နေကြပေမယ့် နောက်တန်းပံ့ပိုးသူတွေ၊ စောင့်ကြည့်သူတွေက အားလျော့စကား ပြောတတ်ပါတယ်။ ဒါတွေဟာ သဘာ၀ဖြစ်ပေမယ့် တော်လှန်ရေးဆိုတာ စောင့်ကြည့်နေဖို့ မဟုတ်ဘူးဆိုတာကိုတော့ သတိချပ်သင့်ပါတယ်။


အောင်မြင်တဲ့တော်လှန်ရေးတိုင်းဟာ အသံတိတ်ပြီး စောင့်ကြည့်နေသူတွေ များလို့ အောင်မြင်တာမဟုတ်ပါဘူး။ လူအများက ခေါင်းဆောင်ဖြစ်စေ၊ နောက်လိုက်ဖြစ်စေ ကိုယ်နိုင်တဲ့ဝန်ကိုထမ်းရင်း စိုက်လိုက်မတ်တတ် တော်လှန်ရေးမှာ ပါဝင်ခဲ့ကြလို့ဖြစ်ပါတယ်။ အာဏာရှင်တွေရဲ့ဖိနှိပ်မှုအရှိန်မြင့်လေ တော်လှန်အင်အားစုအတွင်း အဖမ်းခံရ၊ တိမ်းရှောင်ရနဲ့ အင်အားလျော့ပါးတတ်ပေမယ့် ကျန်သူတွေက အင်အားဖြည့် လှုပ်ရှားဆောင်ရွက်ရတာ ဖြစ်ပါတယ်။ 

ဒီလိုအခြေအနေမျိုး ကြုံခဲ့ရတဲ့ တောင်အာဖရိကနိုင်ငံရဲ့ အခြေအနေတချို့ကို ပြောပြချင်ပါတယ်။ 

၁၉၈၈ ခုနှစ်၊ မြန်မာပြည်မှာ ၈ လေးလုံး အရေးတော်ပုံ စတင်ခါနီးအချိန်။ အဲဒီအချိန် လူမျိုးရေးခွဲခြားတဲ့စနစ်ကို ဥပဒေပြဋ္ဌာန်းပြီး ကျင့်သုံးနေတဲ့ တောင်အာဖရိကနိုင်ငံမှာ ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို လူဖြူအစိုးရက ပြင်းပြင်းထန်ထန် နှိပ်ကွပ်နေချိန်ဖြစ်ပါတယ်။ 

လူဖြူအစိုးရ အာဏာပိုင်တွေက နိုင်ငံရေးခေါင်းဆောင်တွေနဲ့ အဖွဲ့အစည်းတွေကို တရားမဝင်ကြောင်း အမိန့်ထုတ်ပြန်တာတွေ၊ ထောင်သွင်းအကျဥ်းချတာတွေ လုပ်ဆောင်နေပြီး တချို့သော နိုင်ငံရေးလှုပ်ရှားသူတွေက တိုင်းတပါးကို ထွက်ပြေးနေရတဲ့အချိန်ဖြစ်ပါတယ်။ ဒီအချိန်မှာ ခရစ်ယာန်ဘုရားကျောင်းများကသာ အစိုးရကို အင်အားရှိရှိ စိန်ခေါ်နိုင်တဲ့အနေအထား ဖြစ်နေပါတယ်။ 

ဘုန်းတော်ကြီး ဒက်စမွန်တူးတူးက တရားမျှတမှုရရှိရေးအတွက် ဦးဆောင်နိုင်တဲ့ လက်ကျန် လူမည်းခေါင်းဆောင်တချို့ထဲက တစ်ဦးဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ် ဖေဖော်ဝါရီလ ၂၉ ရက်နေ့မှာ သူက ဘာသာရေးခေါင်းဆောင်တွေကို ကေ့ပ်တောင်းမြို့က သူ့ရဲ့ဘုရားကျောင်းဆီ လာဖို့ ဖိတ်လိုက်ပါတယ်။ ရောက်တဲ့အခါ အရင်ဆုံး ဆုတောင်းခြင်း ပြုလုပ်ပြီး ဘုရားကျောင်းနဲ့ ကိုက်အနည်းငယ်ကွာဝေးတဲ့ အစိုးရဌာနချုပ်ရုံးရှိရာကို လက်ချင်းချိတ် ချီတက်ခဲ့ကြပါတယ်။ 

ချီတက်လာကြသူတွေရဲ့ ဦးတည်ချက်က သူတို့ရဲ့ပန်ကြားလွှာကို ဝန်ကြီးချုပ်ဆီ ပေးအပ်ဖို့ ဖြစ်ပါတယ်။ ဒါပေမယ့် အစိုးရရုံးအနီးကိုရောက်တဲ့အခါ အင်အားကြီးမားလှတဲ့ အဓိကရုဏ်းနှိပ်နင်းရေး ရဲတပ်ဖွဲ့က သူတို့ကို တားဆီးလိုက်ပါတယ်။ ဘာသာရေးခေါင်းဆောင်တွေက ရဲတွေတားထားတဲ့အနီးကို ဆက်တိုးတဲ့အခါ လူစုခွဲဖို့ အမိန့်ပေးတာခံရပါတယ်။ ဒီအခါ ဘာသာရေးခေါင်းဆောင်များက ရဲတွေရှေ့မှာ ဒူးထောက်လိုက်ကြပါတယ်။ 

ဘာသာရေးခေါင်းဆောင်များရဲ့ တုံ့ပြန်မှုကြောင့် ရဲတွေဟာ ရုတ်တရက် ဘာလုပ်ရမှန်းမသိဖြစ်သွားပါတယ်။ ခဏအကြာမှာတော့ ဘုန်းတော်ကြီး ဒက်စမွန်တူးတူးနဲ့ တခြားသူတွေကို ဒရွတ်ဆွဲပြီး လူစုခွဲပါတော့တယ်။ ပြီးတော့ အားလုံးကို ဖမ်းဆီးလိုက်ပါတယ်။ ဒီဖြစ်ရပ်ဟာ ဒက်စမွန်တူးတူးနဲ့ သူဖြတ်သန်းခဲ့ရတဲ့ တောင်အာဖရိကနိုင်ငံရဲ့ အခြေအနေကို ထင်ဟပ်တဲ့ဖြစ်ရပ်တစ်ခုပါ။ သူတို့ရဲ့ လွတ်မြောက်ရေးတိုက်ပွဲခရီးကလည်း ကြမ်းလှပါတယ်။

"ဘာသာရေးနဲ့ နိုင်ငံရေး မရောယှက်ရ" ဆိုတဲ့ စကားလုံးအောက်မှာ အာဏာရှင်တွေ ချယ်လှယ်အသုံးချသမျှ ခံနေကြရတဲ့ဘဝတွေဟာ ထာဝရမဖြစ်ဖို့ လိုအပ်ပါတယ်။ တိုင်းပြည်ရဲ့အချုပ်အခြာ အာဏာကို ကိုယ်ပိုင်ပစ္စည်း၊ မျိုးရိုးစဥ်ဆက် အမွေရထားတဲ့ပစ္စည်းလို သဘောထားနေကြတဲ့ အာဏာရှင်တွေရဲ့ လက်အောက်ကလွတ်မြောက်ဖို့ဆိုရင် ခိုင်မာတဲ့ဇွဲနဲ့ ထက်သန်တဲ့စိတ်ဓာတ်တွေ ရှိရပါလိမ့်မယ်။ အဲဒီလို စိတ်ဓာတ်တွေနဲ့ ခရီးဆုံး ပန်းတိုင်အထိ အတူတူ ဆက်လျှောက်ကြရအောင်ပါ။ စိတ်ပျက် အားငယ်မှုတွေ ပေါ်ခဲ့ရင်လည်း မမေ့ပါနဲ့။ 

ငါတို့မှာ ငါတို့ရှိပါတယ်။ 

ထိန်လင်း
၁၇၊ ၁၊ ၂၀၂၂

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar