Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁၁ လ ၂၁ ရက်မြောက်နေ့မြင်ကွင်း

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁၁ လ ၂၁ ရက်မြောက်နေ့မြင်ကွင်း
(မိုးမခ) ဇန်နဝါရီ ၂၂၊ ၂၀၂၂

ဒီနေ့ သတင်းတွေထဲမှာတော့ ပြီးခဲ့တဲ့လတွေက စစ်ကောင်စီဖမ်းဆီးမှုကိုခံရတဲ့ ရန်ကုန်ပျောက်ကျား လှုပ်ရှားမှုတွေမှာ စီမံတယ်လို့စွပ်စွဲခံရသူ ၂ ဦးဖြစ်တဲ့ ကိုဖြိုးဇေယျာသော်နဲ့ ကိုဂျင်မီတို့ကို စစ်ခုံရုံးကနေ သေဒဏ်ချလိုက်တဲ့ သတင်း၊ မြန်မာနိုင်ငံမှာ ရေနံနဲ့ သဘာဝဓါတ်ငွေ့ထုတ်နေတဲ့ ပြင်သစ်နဲ့ အမေရိကန်ကုမ္ပဏီကြီး ၂ ခုက စစ်ကောင်စီအစိုးရနဲ့ ဆက်ဆံလုပ်ကိုင်နေတာကို ရပ်ဆိုင်းမယ်လို့ ထုတ်ပြန်ကြေညာလိုက်တဲ့သတင်း၊ ရန်ကုန်မြို့မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုဖေါက်ခွဲမှုတွေနဲ့ပတ်သက်လို့ ပီဒီအက်ဖ်နဲ့ ကူညီသူ ၃၀ ကျော် ၄၀ နီးပါးဖမ်းဆီးထားတယ်ဆိုပြီး စစ်ကောင်စီက ထုတ်ပြန်ကြေညာတဲ့ သတင်း၊ ကရင်ပြည်နယ်မှာတော့ လေးကေ့ကော်အနီးတဝိုက်နဲ့ ကော့ကရိတ်မြို့နယ်တို့မှာ တိုက်ခိုက်မှုတွေဖြစ်ပွားနေဆဲ၊ စစ်ကိုင်းတိုင်း ဂန့်ဂေါမြို့နယ်ထဲက စန်းမြို့ရွာဆိုတဲ့ ကျေးရွာမှာ ခုရက်ပိုင်း နေအိမ် ၁၆၀ ဝန်းကျင်မီးရှို့ခံရတဲ့သတင်းတွေ ဖြစ်ပါတယ်။ 

အောက်တိုဘာ နှောင်းပိုင်းမှာ အဖမ်းခံခဲ့ရတဲ့ ၈၈ မျိုးဆက်ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုဂျင်မီ ခေါ် ကိုကျော်မင်းယုနဲ့ နိုဝင်ဘာလလယ်မှာ အဖမ်းခံရတဲ့ ကိုဖြိုးဇေယျာသော်တို့  (၂) ဦးကို စစ်ခုံရုံးက အကျဉ်းနည်းနဲ့ စစ်ဆေးပြီး ဒီနေ့နေ့စွဲနဲ့ သေဒဏ်ချမှတ်ခဲ့ကြောင်း ထုတ်ပြန်လိုက်ပါတယ်။ ရန်ကုန်မြို့မှာ မြို့နယ် ၆ ခုလောက် စစ်အုပ်ချုပ်ရေး ကြေညာထားတာမို့ အဲဒီမြို့နယ်တွေမှာဖြစ်ပွားတဲ့ကိစ္စရပ်တွေနဲ့ ဆက်စပ်ရင် စစ်ခုံရုံးက စီရင်ခွင့်ရှိပြီး တရားရုံးမှာ ရုံးထုတ်တကြိမ်ထဲနဲ့လည်း စီရင်ချက်ချပိုင်ခွင့်ရှိတဲ့သဘောဖြစ်ပါတယ်။ ပြစ်ဒဏ်အားဖြင့်လည်း အမြင့်ဆုံးပြစ်ဒဏ်ကို ချမှတ်လေ့ရှိပြီး အယူခံလည်းဝင်ခွင့်မရှိပါဘူး။ 

ခုလို ရန်ကုန်မြို့မှာဖြစ်ပွားတဲ့ တိုက်ခိုက်မှု ဖေါက်ခွဲမှုတွေကို ငွေကြေးနဲ့ လက်နက်ထောက်ပံ့ စီစဉ်ညွှန်ကြားတယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ ကာယကံရှင်ကိုယ်တိုင် ထုတ်ပြောတဲ့ ဗီဒီယိုကလစ်ကို ပြီးခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာ စစ်ကောင်စီဘက်က ပြသခဲ့ပါတယ်။ ဒီလိုဗီဒီယိုရိုက်ယူဖို့ နှိပ်စက်မှုတွေ အပြင်းအထန် ခြိမ်းခြောက်မှုတွေ ရှိနေမှာ သံသယဖြစ်စရာ မရှိပါဘူး။ အခုလို တက်သုတ်ရိုက် ပြစ်ဒဏ်ချခဲ့တာဟာ လက်ရှိလှုပ်ရှားနေတဲ့ PDF တွေကို ခြိမ်းခြောက်လိုတဲ့ ရည်ရွယ်ချက်လို့လည်း ယူဆရပါတယ်။ 

အောက်တိုဘာနဲ့ နိုဝင်ဘာလတွေမှာ ရန်ကုန်မြို့မှာ PDF နဲ့ဆက်စပ်သူ ပါဝင်လှုပ်ရှားသူ တရာကျော်ဖမ်းဆီးခံရပြီးနောက် တိုက်ခိုက်မှုတွေ လျော့ကျသွားတာမှန်ပေမယ့် လုံးဝတိတ်ဆိတ် ငြိမ်သက်သွားတာတော့မဟုတ်ပါဘူး။ လှုပ်ရှားမှုတွေက ဆက်လက်ရှိနေပြီး ဒီနေ့ စစ်ကောင်စီဘက်ကထုတ်ပြန်ချက်ကိုကြည့်ရင် ဒီဇင်ဘာလနှောင်းပိုင်းကနေ ဇန်နဝါရီလလယ်အတွင်း ရန်ကုန်မြို့မှာ PDF လို့ သူတို့စွပ်စွဲသူ လူ ၃၀ ကျော် ၄၀ နီးပါး ထပ်မံဖမ်းဆီးခဲ့တယ်ဆိုတဲ့သတင်းက သက်သေပြနေပါတယ်။ ရန်ကုန်မြို့မှာ စစ်တပ်နဲ့ ရဲကင်းတွေကို လက်နက်နဲ့ အလစ်အငိုက်တိုက်ခိုက်မှု နည်းပါးသွားပေမယ့်လည်း ဖေါက်ခွဲမှုတွေ လုပ်ကြံသတ်ဖြတ်မှုတွေက ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။ 

သတင်းတွေထဲနောက်သတင်းကြီး တပုဒ်ကတော့ ရေနံကုမ္ပဏီကြီး ၂ ခုဖြစ်တဲ့ တိုတယ်နဲ့ ချက်ဗရွန်တို့ မြန်မာနိုင်ငံမှာ ရေနံနဲ့ သဘာဝဓါတ်ငွေ့ တူးဖေါ်ထုတ်လုပ်နေတာကို ရပ်ဆိုင်းတော့မယ်ဆိုတဲ့ သတင်းပဲ ဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီး တနှစ်နီးပါးအကြာမှာ အခုလို ပြင်သစ်နဲ့ အမေရိကန် ကုမ္ပဏီကြီး ၂ ခုက ရပ်ဆိုင်းဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားဝင်ငွေမှာ အဓိကကျတဲ့ သဘာဝဓါတ်ငွေ့ ထုတ်ယူရောင်းချမှုကနေ ဒီကုမ္ပဏီကြီး ၂ ခု ထွက်ခွာသွားခြင်းဟာ စစ်ကောင်စီရဲ့ဝင်ငွေကို ဘယ်လောက်ထိခိုက်နိုင်မလဲ ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပေမယ့် နိုင်ငံရေးအရတော့ စစ်ကောင်စီကို ထိုးနှက်မှုတခုဖြစ်စေမှာ သေချာပါတယ်။ မြန်မာ့ရေနံနဲ့ သဘာဝဓါတ်ငွေ့ ထုတ်ယူမှုလုပ်ငန်းတွေမှာ ထိုင်းနိုင်ငံ၊ တောင်ကိုးရီးယားနိုင်ငံနဲ့ တရုတ်နိုင်ငံက ကုမ္ပဏီတွေက ရင်းနှီးမြှုပ်နှံလုပ်ကိုင်နေကြပြီး အဲဒီကုမ္ပဏီတွေက အခုထွက်သွားတဲ့ ကုမ္ပဏီ ၂ ခုနေရာကို အစားထိုး နေရာဝင်ယူကောင်း ဝင်ယူနိုင်ချေလည်း ရှိနေတာဖြစ်ပါတယ်။ 

အခြားသတင်းတွေကတော့ ကရင်ပြည်နယ် လေးကေ့ကော်ဒေသတဝိုက်မှာ စစ်ရေးလှုပ်ရှားမှု ရင်ဆိုင်နေရာယူထားပြီး အခါအားလျော်စွာ တိုက်ခိုက်မှုတွေ ရှိနေဆဲဖြစ်သလို ကော့ကရိတ်မြို့နယ်ထဲက နေရာတချို့မှာလည်း စစ်ကောင်စီတပ်တွေနဲ့ ကေအန်ယူတပ်တွေအကြား တိုက်ပွဲတွေ ဖြစ်ပွားနေဆဲဖြစ်ပါတယ်။ 

မကွေးတိုင်းမြောက်ပိုင်း ဂန့်ဂေါမြို့နယ်ထဲက စန်းမြို့ရွာဆိုတဲ့ ကျေးရွာကို စစ်ကောင်စီတပ်တွေက ပြီးခဲ့တဲ့ ရက်ပိုင်းက ဝင်ရောက်ကာ နေအိမ် ၁၆၀ နီးပါးမီးရှို့ခဲ့တဲ့ သတင်းလည်း သတင်းမီဒီယာတွေထဲ ဖေါ်ပြထားတာတွေ့ရပါတယ်။ မြေလှန်စနစ်ကျင့်သုံးတာ ဝိုင်းကြီးချုပ်စနစ်နဲ့ အပြစ်ပေးတာ ကျေးရွာမှာ နေထိုင်သူအချင်း ချင်းအကြား စိတ်ဝမ်းကွဲအောင် လက်နက်ကိုင်ခုခံမှုကို မထောက်ခံရဲအောင် ရည်ရွယ်ပြီး စစ်ကောင်စီတပ်တွေက အခုလို ပြစ်မှုတွေကို ကျူးလွန်နေကြတာလည်း ဖြစ်ပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar